ကောသမ္ဗီနှင့်ကယားပြည်နယ်အကြားရှိ
ယဉ်ကျေးမှုမှတ်တိုင်
ငြိမ်းကျော်
(၁)
ခရစ်သက္ကရာဇ် ၁၀၉၀-တွင် တည်သော ပုဂံမြို့ အပယ်ရတနာလိုဏ်ဂူဘုရား၏အရှေ့ဘက် စင်္ကြံနံရံအတွင်းဘက်ရှိ ဆေးရေးရုပ်ပုံတစ်ပုံသည် လေ့လာလိုသူများကို ပြဿနာဖြစ်စေခဲ့သည်။ ယခုဆောင်းပါးတွင် ဖော်ပြထားသော ထိုပုံကို အငြိမ်း စားကျောက်စာဝန်ဆရာကြီးဦးမြ၏အပယ်ရတနာလိုဏ်ဂူဘုရားစာအုပ်၊ စာမျက်နှာ ၁၂၅၊ ပုံ ၂၂ တွင် တွေ့နိုင်ပါသည်။ ဒေါက် တာလုစ်၏ခေတ်ဟောင်းမြန်မာနိုင်ငံ(Old Burma)တတိယတွဲ၊ ပုံ 231, d. တွင်လည်း တွေ့နိုင်ပါသည်။ ထိုပုံ၏ပုံပန်းသဏ္ဌာန် ကို ဦးမြက စာမျက်နှာ ၆၇ တွင် ဤသို့ ရေးသည်။
“...ကျောက်ဂူအတွင်း၊ နံရိုးပြိုင်းပြိုင်းနှင့်အသားအရေ ခန်းခြောက်နေသော ရသေ့တစ်ပါး၏ပုံကို တွေ့မြင်ရသည်။ ထို ရသေ့၌ ဆံမုတ်ဆိတ်ပါးမြိုင်မွေးများ ပါသည်။ ဦးခေါင်းထက်၌ ဆံကို အလယ်ကခွဲပြီး တစ်ဖက်တစ်ချက်စီ ထုံး၍ ဦးချိုသဏ္ဌာန် စည်းနှောင်ထားသည်။ ခါးနှင့်ဒူးတစ်ဖက်ကို ဆိုင်း၍ထားသော ကြိုးခွေမှအပ၊ ခါးတွင် လုံး၍ပတ်ချည်ထားသော အ၀တ်စက လေးလောက်သာ ပါသည်။ ၎င်း၏လက်နှစ်ဖက်ကို ကွေး၍ပူးပြီးလျှင် အရှေ့ဖက်မှ ပျံသန်းလာသော ငှက်ဆင်ကို ခရီးဦးကြိုပြု နေဟန် တူပါသည်။ ငှက်ဆင်၏ဦးခေါင်းထက်၌ ဈာန်သမာပတ်ဝင်စားနေပုံ ထိုင်လျက်၊ ကတုံးနှင့်လူတစ်ယောက်၏ပုံပါသည်။ ထိုလူပုံ၌ ၀တ်စားဆင်ယင်ပုံမှာ အပြောက်ပြောက်နှင့်အထည်စတစ်စကို တစ်ကိုယ်လုံးခြုံ၍၊ ၀တ်လုံနှင့်တူသော အ၀တ်တစ်ခု ကို ၀တ်လျက်ထားသည်။ ထိုဝတ်လုံသည် ရသေ့ရဟန်းတို့၏၀တ်ဆင်ထားသော သင်္ကန်းဝတ်ထည်နှင့်မတူပေ။
ငှက်ဆင်အောက် ရသေ့၏အရှေ့ဖက်၌ ရသေ့ကြီးဖက်သို့လှည့်၍ ဒူးတုပ်ရှိခိုးနေဟန် လူပုံတစ်ပုံလည်း ပါသည်။ ၎င်း၌ ၀တ်စားဆင်ယင်ထားပုံတို့မှာ နံငယ်ပိုင်းကို ခါးဝတ်ပုဆိုးပြုလုပ်၍ အ၀တ်တစ်ထည်ကို စလွယ်သိုင်း၍ ဆံပင်နောက်တွဲချဆံထုံး ထုံးနှင့်တွေ့မြင်ရသည်။ နှုတ်ခမ်းမွေးပါးမြိုင်းမွေးများလည်း ပါသည်။ ...ရှေးတောပျော် ရသေ့ရဟန်းတို့သည် ရှေးအစဉ်လာ ယုံ ကြည်ယူဆချက်အရ အရဟန္တမှာ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသော ပုဂ္ဂိုလ်ဖြစ်ကြသည့်အလျောက် ထူးခြားဆန်းကြယ်သော အတွေ့ အကြုံများနှင့်တွေ့ကြုံတတ်ကြသည်။ ထူးဆန်းသောပုဂ္ဂိုလ်အရှင်မြတ်တို့သည် ဘိတ်မန္တကပြုက လာရောက်ဖူးမြှော်ခွင့်ပေးကြ သည်။ ၎င်းအကြောင်းတို့ကို ထောက်၍ ငှက်ဆင်ကို စီးလာသောပုဂ္ဂိုလ်သည် ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမည်။ သို့သော် ဇာတ်ကွက်ဇာတ်လမ်းအတိုင်း မည်သည့်ပုဂ္ဂိုလ်ဖြစ်သည်ဟူ၍ တပ်အပ်သေချာစွာ မပြောနိုင်ချေ။”
ဤပုံသည် မည်သည့်ဇာတ်လမ်းရှိ မည်သည့်ဇာတ်ကွက်ကို ရေးဆွဲထားသနည်း။
ဒေါက်တာလုစ်က “ဝေဿန္တရာဖွားတော်မူခန်း ဖြစ်ဖွယ်ရှိသည်။ အသေးစိတ်အားဖြင့်ကား တူညီခြင်းမရှိ”ဟု ခေတ် ဟောင်းမြန်မာနိုင်ငံ၊ ပထမတွဲ၊ စာမျက်နှာ ၃၃၀၊ ၃၃၅၊ စာရင်း ၁၃၊ ဒုတိယတွဲ၊ စာမျက်နှာ ၁၁၃ တို့တွင် ပုံညွှန်းဆိုချက်နှင့်တကွ ရေးသားဖော်ပြသည်။ ဗိုလ်မှူးဘရှင်ကမူ ဓမ္မပဒအဋ္ဌကထာကို ထောက်၍ ဥဒေနဖွားခန်း ဖြစ်နိုင်ကြောင်း ဆရာလုစ်ကို ထောက် ပြသည်ဟု ယင်းကျမ်း ပထမတွဲ၊ စာမျက်နှာ ၃၃၀ တွင် ဖော်ပြထားလေသည်။ လုစ်နှင့်ဗိုလ်မှူးဘရှင်တို့၏အဆိုသည် အနီးစပ် ဆုံး တွက်ဆထားခြင်း ဖြစ်ပေလိမ့်မည်။ စင်စစ် အရိုသေပြုနေသော ရသေ့၊ အရိုအသေပြုနေသော ရသေ့ရှေ့ရှိလူ၊ အရိုအသေ ခံနေသောငှက်ဆင်ထက်ကပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်က ငှက်ဆင်ထက်မှ လာရောက်ပုံတို့ စုံညီတွေ့နိုင်ရာ ဇာတ်ကွက်နှင့်ထပ်တူထပ် မျှ တူညီသည့်ဇာတ်ဟူ၍ ပါဠိပိဋကတ်၌ မရှိပေ။ ဦးမြ၏ငြင်းပယ်ချက်ကို ရှုပါ။ စာမျက်နှာ ၆၇ မှ ဖြစ်ပါသည်။
“ငှက်ဆင်ကို အကြောင်းပြု၍ အချို့က ထိုရသေ့သည် ဥတိဏ္ဏဇာတ်၏အပိုင်းတစ်ပိုင်း ဖြစ်သည်ဟုယူဆကြသည်။ သို့
သော် အစိတ်အပိုင်းတို့ကို ဆက်ကြည့်သော် ဥတိဏ္ဏဇာတ်နှင့်မသက်ဆိုင်လှပေ။ ရသေ့၏အရှေ့ဘက်၌ ဒူးတုပ်၍ထိုင်
လျက်ရှိခိုးနေသောပုံမှာ ကေသနီမိဖုယားပုံဖြစ်ခဲ့သော် မိန်းမပုံဖြစ်ရမည့်အစား ယောက်ျားပုံ ဖြစ်နေသည်။ ငှက်ဆင်၏
ဦးခေါင်းထက် ထိုင်နေသောပုံသည် ဥတိဏ္ဏမင်းသားကလေး ဖြစ်သည်ဟုယူဆလျှင် မင်းသားကလေး မပေါက်ဖွားမီက
ပင် ငှက်ဆင်သည် ပြေးနှင့်လေပြီ။”
ဦးမြ၏ဖော်ပြချက်အရ ထိုပုံ၌ ပါဝင်သောပုဂ္ဂိုလ်သုံးဦးနှင့်ငှက်ဆင်တို့ကို ဤသို့ လေ့လာသိရှိရသည်။
ရသေ့သည် တော၌ တရားကျင့်ကြံအားထုတ်လျက် ရှိနေသည်။ ရသေ့ရှေ့မှောက်တွင် တွေ့ရသောသူသည် ရသေ့ထံ သို့ လာရောက်သူ ဖြစ်သည်။ ထိုသူ၏အထက်ရှိငှက်သည် သာမန်ငှက်မဟုတ်။ ငှက်ဆင်ဖြစ်သည်။ ငှက်ဆင်၏ဦးခေါင်းထက်ရှိ ပုဂ္ဂိုလ်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသူ ဖြစ်သည်။ ရသေ့ရှေ့ရှိလူသည် ရသေ့ကို လက်ယှက်၍ အရိုအသေပြုနေသည်။ ရသေ့ သည် ထိုလူ၏လက်အနေအထားအတိုင်း အရိုအသေပြုနေသည်။ ရသေ့က အရိုအသေပြုသူမှာ ရှေ့ရှိလူကို မဟုတ်။ ရသေ့၏ ဦးခေါင်းနှင့်မျက်လုံးအနေအထားသည် ငှက်ဆင်ထက်ရှိ ပုဂ္ဂိုလ်ထံသို့ ရည်ညွှန်းနေ၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို ရသေ့က အရို အသေပြုနေကြောင်း ထင်ရှား၏။ သို့ဖြစ်၍ ငှက်ဆင်ထက်ရှိ ပုဂ္ဂိုလ်သည် ရသေ့ရှေ့ရှိ လူထက် ဘုန်းတန်ခိုးကြီးမားကြောင်း အဓိပ္ပါယ်ရ၏။ ထိုအချက်တို့ကို ပေါင်းရုံးကြည့်သောအခါ ဤပုံသည် သုဓနုကုမာရဇာတ်လမ်းထဲမှ ဇာတ်ကွက်တစ်ကွက်ကို သ ရုပ်ဖော်ရေးဆွဲထားကြောင်း သိရှိရသည်။
ဇင်းမယ်ပဏ္ဏာသလာ ပါဠိသုဓနုကုမာရဇာတ်နှင့်အ၀ဒါနကျမ်းထွက် သက္ကတသုဓနုကုမာရဇာတ်တို့တွင် မနောဟရာ သည် သုဓနုမင်းသား စိုးစံရာပြည်မှ ထွက်ခွာကာ မိမိနိုင်ငံသို့ ပြန်သွားရသည်။ သုဓနုမင်းသားသည် မနောဟရာ စံရာပြည်သို့ (မုဆိုးကို ခေါ်ငင်ကာ)တောတောင်အထပ်ထပ် ဖြတ်သန်း၍ လာခဲ့သည်။ ရသေ့တစ်ပါး သီတင်းသုံးရာသို့ ရောက်သောအခါ အကျိုးအကြောင်း လျှောက်ထား၏။ ထိုနောက် တစ်စုံတစ်ရာ သတ္တ၀ါ၊ သို့မဟုတ် တန်ခိုးရှိသူ၏ဆောင်ယူကူညီမှုဖြင့် ကိန္နရာ ပြည်သို့ရောက်ရှိသွားသည်ဟု အခြေခံအခြင်းအရာ တူညီစွာ ဖော်ပြထားသည်။
မဟာဝတ္ထုလာ ကိန္နရီဇာတကတွင် ထိုရသေ့အပါး၌ သာဝကများ ခစားနေခြင်း၊ သုဓနုမင်းသားတစ်ဦးတည်း ကျောင်း သင်္ခမ်းသို့ရောက်ရှိသွားခြင်း၊ ကိန္နရာပြည်သို့ မျောက်မင်း၏ကျောကုန်းထက်၌ စီးနင်း၍ ရောက်ရှိသွားခြင်းတို့ပါရှိသည်။ မျောက် မင်းကို စီးနင်းသွားခြင်းကြောင့် အပယ်ရတနာဆေးရေးပုံရှိ ငှက်ဆင်နှင့်ဖီလာဖြစ်၍ နေသည်။ အပယ်ရတနာရှိ သုဓနုဇာတ် သည် မဟာဝတ္ထုသည် သုဓနုဇာတ်မဟုတ်ပေ။
ဒိဗျာဝဒါနကျမ်းထွက် သုဓနုကုမာရ၀ဒါနတွင် သုဓနုမင်းသားက မုဆိုးကို ခေါ်ဆောင်သွားခြင်း မပါရှိ။ ရသေ့တစ်ပါး တည်း သီတင်းသုံးခြင်းသည် အပယ်ရတနာ ဆေးရေးရုပ်နှင့်တူညီသော်လည်း ကိန္နရာပြည်သို့ မင်းသားသွားသောအခါ ကုလိ ကဆေးအစွမ်းဖြင့် ရက္ခစီးသွားခြင်းကြောင့် ကွဲလွဲပြန်သည်။
ဗောဓိသတ္တာအ၀ဒါနကာလ္မလတာကျမ်းထွက် ကိန္နရီအ၀ဒါနတွင် မဟာဝတ္ထုကဲ့သို့ မုဆိုးကို ခေါ်ဆောင်သွားကြောင်း မပါရှိ။
တိဗက်ပိဋကနှင့်တရုတ်ပိဋကထွက် သုဓနုဇာတ်တို့တွင်လည်းကောင်း၊ ခိုတန်ဘာသာ သုဓနုကုမာရနှင့်မနောဟရာကာ ဗျတို့တွင်လည်းကောင်း အပယ်ရတနာဆေးရေးပုံလာဇာတ်ကွက်ကို အပြည့်အစုံ ရည်ညွှန်းနိုင်သော သဲလွန်စမတွေ့ရ။ တိဗက် ပိဋကထွက်သုဓနုဇာတ်သည်လည်းကောင်း၊ တရုတ်ပိဋကထွက်သုဓနုဇာတ်သည်လည်းကောင်း၊ ဒိဗျာဝဒါနကျမ်းထွက် သုဓနု ဇာတ်သည်လည်းကောင်း၊ မူလအရင်းခံ တစ်ခုထဲမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုအရင်းခံမှာ မူလသဗ္ဗတ္ထိဝါဒဂိုဏ်း၏၀ိနည်း ပိဋကတ်လာ၊ ၀ိနယ၀တ္ထုကဏ္ဍ၊ ဘေသဇ္ဇ၀တ္ထု ဖြစ်သည်။ ခိုတန်ဘာသာ သုဓနုဇာတ်တွင် သုဓနုမင်းသား ကိန္နရာပြည်သို့မျောက် မင်း၏ကျောကုန်းထက်၌ စီးနင်းလိုက်ပါသွားသည်ဟုဖေါ်ပြ၏။ နောက်ဆုံးကိုးကားရမည့် ဒိဗျာဝဒါနမာလာသည်ပင် နံရံဆေး ရေးရုပ်ကို မဖြေရှင်းနိုင်။ ဤကျမ်းသည် ဒိဗျာဝဒါနကျမ်းနှင့်ထပ်တူ သုဓနုဇာတ်ကို ဖေါ်ပြထားပြန်သည်။ စာပေအထောက်အ ထားကိုသာမက ရှေးဟောင်းသုတေသနအထောက်အထားကို ရှာဖွေသောအခါ ဂျာဗားနိုင်ငံရှိ ဗောရောဗုဒ္ဓေါထူပါကြီးကို တွေ့ ရသည်။ ယင်းထူပါရှိ သုဓနုဇာတ်ကျောက်ထွင်းရုပ်များတွင် သုဓနုမင်းသား ကိန္နရာပြည်သို့ လိုက်သွားခန်း မတွေ့ရ၊ သို့ရာတွင် စဉ်းစားဖွယ် အချက်တစ်ချက် ရရှိသည်။
ဗောရောဗုဒ္ဓေါထူပါရှိ သုဓနုဇာတ်ကို ဒိဗျာဝဒါနကျမ်းထွက် သုဓနုဇာတ်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကာ ကောက်ချက်ချခဲ့ကြ သည်။ ဒေါက်တာဂျိန်းနီက လုံလောက်သော အထောက်အထားတစ်ခုဖြင့် ဒိဗျာဝဒါနကျမ်းထွက် ဇာတ်မဟုတ်ကြောင်း ငြင်း သည်။ ယင်းထူပါရှိ ကျောက်ထွင်းရုပ်တို့သည် ဇင်းမယ်ပဏ္ဏာသထွက် ပါဠိ သုဓနုဇာတ်ကွက်များနှင့်တူညီနေကြောင်းထောက် ပြသည်။ ခရစ်နှစ် ရှစ်ရာစုပတ်ဝန်းကျင်က တည်ခဲ့သော ဤထူပါကြီးထက် နောက်ကျသောအပယ်ရတနာဘုရား နံရံဆေးရေး ရုပ်ကို ဇင်းမယ်ပဏ္ဏာသဇာတ်ထွက် သုဓနုကုမာရဇာတ်နှင့်ညှိနှိုင်းယှဉ်ကြည့်ရပေမည်။
ဇင်းမယ်ပဏ္ဏာသကျမ်း၊ စာမျက်နှာ ၁၇၁-၁၇၃ တွင် ပုဏ္ဍရိကမုဆိုးကို ခေါ်ဆောင်သွားခြင်း၊ ကဿပရသေ့ရှေ့မှောက် သို့ မုဆိုးနှင့်အတူတကွ သုဓနုမင်းသားတို့ ရောက်ရှိ၏။ ကဿပကျောင်းသင်္ခမ်းမှတစ်ဆင့်၊ ကိန္နရာပြည်သို့ သုဓနုမင်းသားတစ် ပါးတည်း ငှက်ဆင်ကို စီးနင်း၍ သွားရောက်ခြင်းတို့ကို ဖော်ပြထား၏။ သုဓနုမင်းသားတစ်ပါးတည်း သွားရောက်သောကြောင့် ပုဏ္ဍရိကမုဆိုးသည် ကဿပရသေ့ကျောင်းသင်္ခမ်း၌ ကျန်ရစ်ခဲ့သည်။ ဤဇာတ်ကွက်ကြောင့် အပယ်ရတနာဆေးရေးရုပ်တွင် ရသေ့ရှေ့မှောက်၌ လူတစ်ယောက်ရှိနေပုံကို တွေ့ရခြင်းဖြစ်၏။ ထိုလူသည် ပုဏ္ဍရိကမုဆိုးပင် ဖြစ်သည်။ မုဆိုးသည် မိမိထက် ဘုန်းတန်ခိုးကြီးသူ ရသေ့ကို အရိုအသေပြုနေပုံ ရေးဆွဲထားသည်။ ငှက်ဆင်ထက်ရှိ သုဓနုမင်းသားသည် မြန်မာနိုင်ငံရှိ ဇင်း မယ်ပဏ္ဏာသ၊ ကမ္ဗောဒီးယားနိုင်ငံ၊ လောနိုင်ငံ၊ ယိုးဒယားနိုင်ငံတို့ရှိ ပညာသဇာတက စသောပါဠိနှင့်သက္ကတအ၀ဒါနကျမ်းထွက် သုဓနုဇာတ်အားလုံး၏ဇာတ်ပေါင်းခန်း၌ ဖေါ်ပြထားသည့်အတိုင်း ဂေါတမဗုဒ္ဓဖြစ်သောကြောင့် ရသေ့က အရိုအသေပြုနေပုံရေး ဆွဲထားခြင်း ဖြစ်ပေသည်။
ဤပုံသည် သုဓနုဇာတ်၏ဇာတ်ကွက်တစ်ကွက်ကို ရေးဆွဲထားသည်ကား အမှန် ဖြစ်သော်လည်း ဇင်းမယ်ပဏ္ဏာသ စသော ပါဠိမူ သုဓနုဇာတ်ကို ကိုးကားရေးဆွဲထားခြင်းပေလော။ ပါဠိသုဓနုဇာတ်၏ဘာသာပြန်ယူရာ သက္ကတမူ၊ ၀ါ၊ မှီးရာမူကို ကိုးကားရေးဆွဲထားခြင်းပေလော။ စီစစ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဗောရောဗုဒ္ဓေါကျောက်ထွင်းရုပ်တို့က ကိုး ကားရည်ညွှန်းထားရာ သက္ကတသုဓနုဇာတ်သည် ပျောက်ဆုံး၍နေကြောင်း သိရှိနေရသည်။ စာပေအထောက်အထား မတွေ့ရ သေးသော်လည်း အဆိုပါကျောက်ထွင်းရုပ်တို့၏မှီးရာမူကား အမှန်ပင် ရှိခဲ့ပုံကို ပါဠိသုဓနုဇာတ်က သက်သေပြနေသည်။ ပါဠိ သုဓနုဇာတ်(ဇင်းမယ်ပဏ္ဏာသ၊ စာမျက်နှာ ၁၇၁)၌ ကဿပရသေ့နှင့်သုဓနုကုမာရတို့ တွေ့ဆုံသောအခန်းတွင် ကဿပရသေ့ ၏ပုံပန်းလက္ခဏာကို တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။
ဒိဗျာဝဒါနကျမ်းထွက် သုဓနုကုမာရ၀ဒါနတွင်ကား “ဆံပင်ရှည်စွာရှိသော၊ မုတ်ဆိတ်နှင့်ခြေသည်းလက်သည်းရှည်စွာ ရှိသော၊ လေနေပူတို့ဖြင့် ခြောက်ကပ်ကြုံလှီသောကိုယ်ရှိသော၊ လျော်တေသင်္ကန်းကို ဆောင်သော”*ဟုဝိသေသပြု၍ ရသေ့၏ ပုံပန်းလက္ခဏာတို့ကို ဖော်ထားသည်။ ဤဖော်ပြချက်နှင့်အပယ်ရတနာဆေးရေးရုပ်ရှိ ရသေ့၏ပုံပန်းလက္ခဏာတို့သည် ကိုက် ညီလျက် ရှိလေသည်။ ဤရသေ့၏ပုံပန်းသဏ္ဌာန်မျိုးကို အာနန္ဒာဘုရားရှိ ရုပ်ကြွတို့၌ တူသယောင်ယောင် တွေ့ရသည်။ သို့ရာ တွင် သက္ကတမူ သုဓနုဇာတ်လာရသေ့နှင့်အပယ်ရတနာ ဆေးရေးရုပ်ရှိ ရသေ့တို့၏ပုံပန်းသဏ္ဌာန်တူညီမှုသည် အကြောင်းမဲ့ တိုက်ဆိုင်မှုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အပယ်ရတနာဘုရားရှိ ဆေးရေးရုပ်တို့သည် သက္ကတပိဋကနှင့်ကျမ်းစာတို့ကို သာဆောင်ကြကုန်သော မဟာယာန၀ါဒီ၊ ဗုဒ္ဓတန္တရ ဗြဟ္မဏတန္တရ၀ါဒီတို့နှင့်သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ မဟာဥမင်္ဂ ဇာတ်ကို သက္ကတ၊ တရုတ်၊ တိဗက်ပိဋကတို့၌လည်းကောင်း၊ သက္ကတအ၀ဒါနကျမ်းများ၌လည်းကောင်း တွေ့ရှိရပေသည်။ ထို့ ပြင် အပယ်ရတနာဘုရားသည် မဟာယာန၀ါဒီ၊ တန္တရယာန၀ါဒီတို့နှင့်အဓိက သက်ဆိုင်သည်။ ဤတွင် ခေတ်ပြိုင်အခြေအနေ ကို ထည့်သွင်းစဉ်းစားရပါမည်။
သုဓနုဇာတ်နှင့်ရင်းနှီးသော ဗုဒ္ဓ၀ါဒဂိုဏ်းအချို့သည် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့သို့ ရောက်ရှိခဲ့ကြကာ လွှမ်း မိုးခဲ့ကြဖူးပါသည်။ တိဗက်ဗုဒ္ဓဘာသာဝင်တို့ လေးစားရာ တန္တရ၀ါဒီ အသျှင်တိဿသည် ၁၀၅၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသို့ ကြွလာကာ ပါဠိဘာသာကို လေ့လာသင်ယူဖူးပါသည်။ အနုရုဒ္ဓါမတိုင်မီနှင့်ကျန်စစ်သားလက်ထက်တို့တွင် ပါဠိဗုဒ္ဓ၀ါဒသည် သက္ကတဗုဒ္ဓ၀ါဒ၊ ဗြဟ္မဏ၀ါဒတို့နှင့်ယှဉ်ပြိုင်ထွန်းကားလျက် ရှိသည်။ ကျန်စစ်သားမင်း ယုံကြည်ကိုးကားသော သက္ကတရာမာယ
* Dirghakesasmasrunakharomanam Vatatapakarshit sariram, Civaravalkaladharinam” Cowell တည်းဖြတ်သော ရောမအက္ခရာ သက္ကတဒိဗျာ ၀ဒါနကျမ်း၊ စာမျက်နှာ ၄၄၂။ Vaidya တည်းဖြတ်သော ဒေ၀နာဂရီအက္ခရာ ဒိဗျာဝဒါနကျမ်း C 453, 455 တို့တွင် ရှုပါ။
ဏကဗျာကြီးသည် ပုဂံသို့ ရောက်ရှိနေပြီလည်း ဖြစ်သည်။ မဟာယာနဂိုဏ်း၏၀ိနည်းနှင့်အဘိဓမ္မာကျမ်းတို့သည် မြန်မာနိုင်ငံ တွင် ပျံ့နှံ့နေသည်ဟု တိဗက်အထောက်အထားတစ်ရပ်က ဖော်ပြထားသည်။ ပုဂံ၊ ရခိုင်နှင့်ပဲခူးဒေသတို့တွင် မဟာယာန၀ါဒီ များစွာ ရှိကြသည်။ သဗ္ဗတ္ထိဝါဒဂိုဏ်း၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ၀သုဗန္ဓု၏တပည့်များက မြန်မာနိုင်ငံတွင် မဟာယာနဗုဒ္ဓ၀ါဒ ကို ရောက်ရှိပြန့်ပွားစေခဲ့သည်ဟု စာဆိုပါ အထောက်အထားက ဆက်လက်ဖော်ပြသည်။
သုဓနုဇာတ်သည် တန္တရ၀ါဒဂိုဏ်း၊ မဟာယာန၀ါဒဂိုဏ်းတို့နှင့်လည်း ဆက်စပ်နေသည်။ ထိုဂိုဏ်းတို့သည် ဟိနယာန သက္ကတပိဋကကိုသာမက ပါဠိပိဋကကိုပါ လေ့လာကြပါသည်။ မဟာယာနဂိုဏ်းဝင်တို့သည် မိမိတို့ဂိုဏ်းအပါအ၀င် ဂိုဏ်းကြီး တစ်ဆယ့်ရှစ်ဂိုဏ်း၏ပိဋကတ်အားလုံးကို လေ့လာဆည်းပူးရပါသည်။ ထို့ကြောင့် သုဓနုဇာတ်သည် အခြားဇာတ်တို့ထက် ဂိုဏ်း များစွာကို ကျွမ်းဝင်သိရှိစေခွင့်ရခဲ့သည်။ မဟာသံဃိကဂိုဏ်း၊ လောကုတ္တရ၀ါဒဂိုဏ်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ မူလသဗ္ဗတ္ထိဝါဒ ဂိုဏ်းတို့၏၀ိနယပိဋကထွက် သုဓနုဇာတ်သည် ပုဂံအပယ်ရတနာဘုရားနံရံတွင် အထင်အရှား တွေ့မြင်နေရသည်။ မဟာယာန ၀ါဒီတို့၏ယူဆောင်လာချက်လော၊ ဟိနယာနသက္ကတဗုဒ္ဓ၀ါဒဂိုဏ်းဖြစ်သော (မူလ)သဗ္ဗတ္ထိဝါဒဂိုဏ်းဝင်တို့က ပုဂံသို့ယူဆောင် လာခြင်းလော၊ ယောဂါစရဂိုဏ်းက ယူဆောင်လာခြင်းလော၊ ခွဲခြားမသိနိုင်သေးပေ။ (မူလ)သဗ္ဗတ္ထိဂိုဏ်းသည် ဆယ့်တစ်ရာစု အထိ တည်ရှိနေသေးသောကြောင့် ဖြစ်ပေသည်။
အပယ်ရတနာနံရံတို့တွင် ရသေ့နှင့်တောတိရစ္ဆာန်တို့ ကျွမ်းဝင်ပုံကို ရေးဆွဲထားသောပုံများ တွေ့ရသည်။ ထိုပုံတို့အ နက်၊ ပုံ-၄၆၊ ၆၀၊ ၆၅ တို့သည် မျောက်က ရသေ့ကို အလုပ်အကျွေးပြုနေပုံများ ဖြစ်၏။ ဇင်းမယ်ပဏ္ဏာသလာ သုဓနုကုမာရဇာတ် တွင် ကဿပရသေ့ကျောင်းသင်္ခမ်းသို့ ပုဏ္ဍရိကမုဆိုးနှင့်သုဓနုမင်းသားတို့ ရောက်ရှိသွားပြီး မနောဟရာရှိရာသို့ ခရီးဆက်မည် ပြုသည်။ သုဓနုမင်းသားတစ်ပါးတည်း သွားရာ မုဆိုးကျန်ရစ်ခဲ့ပါသည်။ သုဓနုမင်းသားသည် ရသေ့၏ကျောင်းသင်္ခမ်း၌ ရှိဟန် တူသော “မျောက်တစ်ကောင်ကို ခရီးလမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း”** တွေ့ရသည်။ ထို့ကြောင့် ပုံတို့ကို ဤသို့ဆက် ၍ရနိုင်သည်။
တစ်ခုသော တော၌ ဆံပင်ရှည်စွာသော၊ မုတ်ဆိတ်နှင့်ခြေသည်းလက်သည်းရှည်စွာရှိသော၊ လေ-နေပူတို့ဖြင့် ခြောက် ကပ်ကြုံလှီသောကိုယ်ရှိသော၊ လျှော်တေသင်္ကန်းကို ဆောင်သော ရသေ့တစ်ပါးသည် တရားအားထုတ်လျက် ရှိ၏။(ပုံ-၂၄)။ ထိုရသေ့သည် တောတိရစ္ဆာန်တို့နှင့်ကျွမ်းဝင်၏။(ပုံ-၃၇၊ ၄၆၊ ၆၀၊ ၆၅)။ မျောက်တစ်ကောင်သည် ရသေ့ကို အလုပ်အကျွေးပြု ၏။(ပုံ-၄၆၊ ၆၅)။ သုဓနုမင်းသားသည် ထိုမျောက်၏ကူညီမှုကြောင့် ကိန္နရာပြည်သို့ ငှက်ဆင်စီး၍ သွားရောက်နိုင်ခဲ့၏။ သုဓနု မင်းသား ငှက်ဆင်စီး၍ သွားသောအခါ ပုဏ္ဍရိကသည် ကဿပရသေ့၏ကျောင်းသင်္ခမ်း၌ ကျန်ရစ်ခဲ့သည်။ ပုဏ္ဍရိကမုဆိုး၏ အခန်းကဏ္ဍသည် ထိုနေရာတွင် ပြီးဆုံးသည်။(ပုံ-၂၂)။ အပယ်ရတနာ၌ ဇာတ်လမ်းအစအဆုံး မတွေ့ရ။ ဤဇာတ်ကွက်သုံးကွက် သာ တွေ့ရပေသည်။
အပယ်ရတနာဆေးရေးရုပ်က ဖော်ပြထားသော သုဓနုဇာတ်သည် အရှေ့တောင်အာရှတွင် ဒုတိယမြောက်အစောဆုံး တွေ့ရသည့်ဇာတ် ဖြစ်ပေသည်။
(၂)
ကောသမ္ဗီမှ ကယားပြည်နယ်သို့ ခရီးအဆင့်ဆင့် ဖြတ်သန်းရောက်ရှိလာသော သုဓနုဇာတ်၏လမ်းခုလတ်မှတ်တိုင် သည် အပယ်ရတနာလိုဏ်ဂူဘုရား၊ ဤဇာတ်သည် အိန္ဒိယ၊ ခိုတန်၊ အာရှအလယ်ပိုင်းဒေသ၊ တရုတ်၊ တိဗက်၊ နီပေါ၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ ဂျပန်၊ အရှေ့တောင်အာရှဒေသတို့တွင် ပိဋက၀င် ဇာတ်အသွင်သဏ္ဌာန်ဖြင့် ပျံ့နှံ့ခဲ့သည်။ ရုရှား၊ စကင်ဒီနေဗီး ယားနိုင်ငံများ၊ ဂျာမနီနိုင်ငံတို့သို့ နတ်သမီးပုံပြင်အသွင်သဏ္ဌာန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ ဂီတဆရာကြီးမိုးဇတ်(၁၇၅၆-၁၇၉၁)၏ “မှော်ပုလွေ”အမည်ရှိ အော်ပရာကြီးသည် သုဓနုဇာတ်ပင် ဖြစ်သည်။
မြန်မာစာပေတွင် ဤဇာတ်ကို ပျို့၊ ပြဇာတ်၊ ရကန် ပုံသဏ္ဌာန်ဖြင့် တွေ့ရသည်။ ဇာတ်သဘင်၊ ရုပ်သေး၊ ရုပ်ရှင်အသွင် ဖြင့်လည်း တွေ့ရှိရသည်။ အထူးခြားဆုံးကား အခြားမည်သည့်နိုင်ငံတွင်မျှ မတွေ့ရသော လက္ခဏာတစ်ရပ်ကို မြန်မာနိုင်ငံတွင် သာ တွေ့ရခြင်း ဖြစ်၏။ ယင်းမှာ ကယားအမျိုးသားတို့၏အမျိုးသားသမိုင်းလက္ခဏာ ဖြစ်နေခြင်းတည်း။ ကယားအမျိုးသားသ မိုင်းအစဉ်အလာနှင့်သုဓနုဇာတ်တို့၏ဆက်သွယ်ပုံသည် ကြီးကျယ်လေးနက်လှပေသည်တကား။
ငြိမ်းကျော်
** “ဧ၀ဉ္စ၀တွာ ဗောဓိသတ္ထော အတ္တနော မဂ္ဂနာယကံ မက္ကဋပေါတကံ အာဒါယ တာပသံ ၀န္ဒိတွာ တတော ပရမ္ပိ ဂမနံ အာရဘိ” ဇင်းမယ်ပဏ္ဏာသ၊ စာ မျက်နှာ ၁၇၃။
မှတ်ချက်။ ။၁၉၇၃-ခုနှစ်၊ ဇန်န၀ါရီလထုတ် ငွေတာရီမဂ္ဂဇင်း စာမျက်နှာ(၆၅ မှ ၆၉ ထိ)၌လာရှိသောဆောင်းပါးကို ပြန်၍ စာစီ ရိုက်ထားပါသည်။

No comments:
Post a Comment