လားရှိုးနှင့်ရာဇဂြိုဟ်
ပါရဂူ
မြောက်ပိုင်းရှမ်းပြည်ခရီးမှ ပြန်ရောက်လာသောအခါ ဆရာမခင်ဆွေဦးက “မြောက်ပိုင်းရှမ်းပြည်မှာ ဘာထူးခြားတာ တွေ့ခဲ့သလဲ”ဟူသောမေးခွန်းကို မေးသည်။ ကျွန်တော်က “မြောက်ပိုင်းရှမ်းပြည်မှာ တွေ့ခဲ့တဲ့ထူးခြားချက်ကတော့ ရှမ်းမက လေးတွေ သိပ်လှတာပဲ”ဟူ၍ ပြန်ဖြေလိုက်သည်။ အမှန်တကယ်ပင် မြောက်ပိုင်းရှမ်းပြည်၌ တွေ့ခဲ့ရသောရှမ်းမကလေးများ သည် ချောပြီး ယဉ်နေကြသည်။ မြောက်ပိုင်းရှမ်းပြည်တွင်လည်း လားရှိုး၌ တွေ့ခဲ့ရသော ရှမ်းမကလေးများမှာ ပိုချောပြီး ပိုယဉ် သည်ဟူ၍ ထင်သည်။
ကျွန်တော်တို့ မြောက်ပိုင်းရှမ်းပြည်ခရီး၏ခရီးစခန်းမှာ လားရှိုးဖြစ်သည်။ လားရှိုးမှ နမ္မတူဘော်တွင်းသို့သွားသည်။ နမ္မ တူဘော်တွင်းမှ လားရှိုးသို့ပင် ပြန်လာသည်။ အသွားနှင့်အပြန်တွင် လားရှိုးဆေးရုံအုပ်ကြီးဒေါက်တာကမ္ဗောဇဦးခင်လှိုင်၏ရုံး ခန်း၌ တစ်နာရီလောက် နားနားနေနေ နေကြရသည်။ အသွားတွင်လည်းကောင်း၊ အပြန်တွင်လည်းကောင်း ဆရာဝန်ကြီး၏ရုံး ခန်း၌ ကျွန်တော်တို့ကို ဧည့်ခံပြုစုကြသူများမှာ ဆေးရုံမှ ဆရာမကလေးများဟုထင်ရသည့်ရှမ်းမကလေးများ ဖြစ်သည်။ ကျွန် တော့်မျက်စိထဲတွင် သူတို့အားလုံး ချောပြီး ယဉ်နေကြသည်။ ကိစ္စတစ်ခုရှိသည်နှင့်ဧည့်ခန်းထဲမှ ကျွန်တော့်အတွင်းခန်းဘက် ဖြတ်အသွား ဧည့်သည်များကို ဧည့်ခံရန် ပြင်ဆင်နေကြသည့်ဆရာမကလေးများထဲက တစ်ယောက်က ကျွန်တော့်ကို တွေ့ သောအခါ...
“နက်ဖြန်ခါကျမှ ကျွန်မတို့ ဆရာတို့ကို လာကြည့်မယ်”ဟုပြောလေသည်။
ရှမ်းမကလေးများသည် နှုတ်ခမ်းနှင့်ပါးတွင် ဆေးမဆိုးပဲ သဘာဝအတိုင်း နီနေပုံရသည်။ ကိုယ်ခန္ဓာအနေအထားကလဲ နွဲ့နွဲ့နှောင်းနှောင်းများသာ များသည်။ ကိုယ်ခန္ဓာအနေအထား နွဲ့နှောင်းလှပနေရုံသာမက စကားပြောလည်း ပွင့်လင်းရိုးသား သည်။
လားရှိုးတွင် ထိုနေ့တစ်နေ့ နားပြီး နောက်တစ်နေ့နံနက်တွင် ကျွန်တော်တို့၏စာပေဟောပြောပွဲ ရှိသည်။ ကျွန်တော်တို့ ဟောပြောပွဲသို့ လာမည်ဟု ထိုဆရာမလေးက ပြောခြင်းဖြစ်သည်။ သို့သော် ဟောပြောပွဲကို လာနားထောင်မည်ဟူ၍မပြော၊ ဆရာတို့ကို လာကြည့်မည်ဟူ၍သာ ပြောသည်။ ပထမတွင် သူပြောသည်ကို ကျွန်တော် ဆန်းသလိုလို ထင်နေသည်။ အမှန်က ရိုးသားပွင့်လင်းခြင်းမျှသာ ဖြစ်သည်။ သူ့စာပေဟောပြောပွဲကို စိတ်ဝင်စားချင်မှ စိတ်ဝင်စားမည်။ ဟောပြောပွဲအခြေအနေကို လာကြည့်ရန်သာ သူရည်ရွယ်ပုံ ရသည်။
ထိုနေ့တစ်နေ့လုံး လားရှိုးတွင် အနားရသည်။ သို့သော် အနားရသည့်အချိန်အတောအတွင်းလည်း နားမနေနိုင်ကြ။ ရ သည့်အချိန်ကလေးအတွင်း လည်ဖို့က ရှိသေးသည်။ လားရှိုးစာအုပ်ဆိုင်ရှင်များနှင့်စာပေ၀ါသနာရှင်များသည် ကျွန်တော်တို့ နောက် တစ်ကောက်ကောက် လိုက်နေကြသည်။ ကျွန်တော်တို့ သွားလိုသည့်နေရာများကို သူတို့ပို့ပေးကြသည်။ သူတို့ပို့ပေး သင့်သည်ထင်သည့်နေရာများသို့ ကျွန်တော်တို့ကို ခေါ်သွားကြသည်။ ဈေးထဲလျှောက်ကြသည် မှောင်ခိုဈေးတွင် ဈေးဝယ်ကြ သည်။ နံနက်စာကို ၀င်းနိုင်စာပေ၊ သောင်းစာနယ်မြေ၊ ရန်ကြီးအောင်စာပေတို့က ပေါင်းပြီး စားသောက်ဆိုင်တွင် ကျွေးသည်။ နံနက်စာ ထမင်းစားပွဲဝိုင်း၌ ရှမ်းအစားအသောက်များက လွှမ်းနေသည်။ အလကားပေးသည့်စွမ်တန်ဟင်းချိုကပင် အရသာရှိ နေသည်။ စွမ်တန်၊ မုံညှင်းချဉ်စသော ရှမ်းအစားအစာ လွှမ်းနေသည့်နံနက်စာထမင်းဝိုင်းသည် ဆရာဝန်ကြီး သူ့အိမ်တွင် ကျွေး သောညစာထမင်းဝိုင်းထက် ရှမ်းအဓိပ္ပါယ်ဆောင်နေသည်။ ဆရာဝန်ကြီး တည်ခင်းကျွေးမွေးသောညစာကား ရှမ်းအငွေ့အ သက် ကင်းနေသည်။ အိမ်ဂေဟာနှင့်ပတ်ဝန်းကျင်ကလည်း ဥရောပတိုက်က အိမ်ဂေဟာတစ်ခုလေလားဟု အောက်မေ့ရ သည်။ ရှုမျှော်ခင်းကောင်းသောတောင်ကုန်းမြင့်မြင့်တစ်ခုပေါ်၌ ဆောက်ထားသော ခေတ်မီအိမ်တစ်ဆောင်။ အိမ်တွင်းက အိမ်ထောင်ပရိဘောဂနှင့်အဆောင်အယောင်များမှာလည်း ဖိတ်ဖိတ်တောက်နေသည်။ ကျွေးမွေးသည့်အစားအစာကလည်း ဒန်ပေါက်ထမင်း။ ဆရာဝန်ကြီးသည် စေတနာကောင်းလှပါသည်။ သို့သော် သူ၏စေတနာထဲတွင် ရှမ်းအငွေ့အသက် ရှာမတွေ့ ဖြစ်နေသည်။
ထိုနေ့ နေ့လယ် နေ့ခင်းကတည်းလောက်ကပင် ကျွန်တော်တို့ ရေပူစမ်းရောက်နေကြသည်။ ရေပူစမ်းမရောက်က လားရှိုးရောက်သည် မမည်ပေ။ လားရှိုးနှင့်သုံးလေးမိုင်လောက် ဝေးသည်။
ကျွန်တော် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ခန့်က လားရှိုးတစ်ခေါက် ရောက်ဖူးသည်။ ကျောက်မဲစာဆိုတော်ဟောပြောပွဲ အသွား လားရှိုးရှိ မိတ်ဆွေ ကျန္ဒရာပရကာ့ရှ် ပရဘာကရ်ခေါ် မောသိရီထံ အလယ်ရောက်သွားခြင်း ဖြစ်သည်။ ထိုအချိန်က လားရှိုးတွင် စာဆိုတော်ဟောပြောပွဲ မဖြစ်သေးပေ။ ကျောက်မဲသည်ပင် ပထမဆုံးအကြိမ် စာဆိုတော်ပွဲကျင်းပသည့်နှစ်ဖြစ် သည်။ ထိုအချိန်၌ ကျွန်တော်၏မိတ်ဆွေ အိန္ဒိယအမျိုးသား ကျန္ဒရာ ပရကာ့ရှ် ပရဘကရ်သည် လားရှိုး၌ သူ့ဇနီးဆရာမနှင့်အတူ အလယ်တန်းကုလားကျောင်းတစ်ကျောင်း ဖွင့်ထားသည်။ မောသိရီအမည်ဖြင့် စာလေးဘာလေးလည်း မြေစမ်းခရမ်းပျိုးနေ သည်။ တော်လှန်ရေးအစိုးရတက်လာပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများကို ပြည်သူပိုင်လုပ်လိုက်သောအခါ ကျန္ဒရာ ပရကာ့ရှ်တို့ဇနီးမောင်နှံသည် အိန္ဒိယပြန်သွားကြသည်။ အမှန်က ကျန္ဒရာ ပရကာ့ရှ်သည် မြန်မာပြည်ပေါက်ဖြစ်သည်။ သူ အိန္ဒိ ယပြန်ရောက်သွားပြီးသည့်နောက်ကျမှ သူ၏ပရေကျန်ဝတ္ထု “ဂိုဒန်”သည် စာပေဗိမာန်ဘာသာပြန်စာပေ စတုတ္ထဆုချီးမြှင့်ခြင်း ခံရလေသည်။ ဒေလီရောက်သွားပြီးနောက် အောလ်အိန္ဒိယရေဒီယိုမြန်မာပိုင်းအသံလွှင့်ဌာန၌ ၀င်ရောက်အမှုထမ်းရာ ယခုအ ခါတွင် မြန်မာပိုင်းအသံလွှင့်အစီအစဉ် ဌာနမှူး ဦးဝင်းဖေ အငြိမ်းစားယူသွားသဖြင့် ကျန္ဒရာပရကာ့ရှ်သည် ဦးဝင်းဖေနေရာ၌ ဌာနမှူး ဖြစ်နေပြီ။
ပထမအကြိမ် လားရှိုးရောက်စဉ်ကလည်း ရေပူစမ်းသို့ရောက်သွားသည်။ ပထမအကြိမ် ရောက်စဉ်ကနှင့်နှိုင်းဆကြည့် လျှင် နှစ်ပေါင်း(၂၀)ကျော်လွန်လာပြီးနောက် ယခု ဒုတိယအကြိမ် ရောက်သွားချိန်၌ လားရှိုး၏တစ်ခြားအခြေအနေ အပြောင်း အလွဲများနှင့်ပတ်သက်၍ ပြောလောက်ဆိုလောက် သတိမထားမိသော်လည်း ရေပူစမ်း၏အခြေအနေမှာမူ သိသိသာသာကြီး ပြောင်းလဲနေသည်။ ပထမအကြိမ် ရောက်သွားစဉ်က ရေချိုးရုံ၊ ရေချိုးခန်းဆို၍ ပြောပလောက်အောင် မရှိပေ။ စမ်းထဲဆင်းချိုး ကြသည်သာ များသည်။ ယခုတစ်ကြိမ်၌ကား စမ်းတစ်ဝိုက်၌ ရေချိုးရုံ ရေချိုးခန်းအပြည့် ရှိနေသည်။ ရေချိုးရုံ ရေချိုးခန်းများက လည်း ဈေးအစားစား ရှိသည်။ ရေချိုးရုံရေချိုးခန်းထဲ၌ ရေသွင်းလို့ ထုတ်လို့ရသည်။ ရေလှောင်ကန်များ ပြုလုပ်ထားသည်။ ကြိုက်သလောက် အချိန်ယူပြီး ရေချိုးနိုင်သည်။ လှောင်ကန်များ တန်းစီလုပ်ထားသည်။ ရေချိုးခန်းများလည်း ရှိသည်။ ထိုရေ ချိုးခန်းထဲ၌ တစ်ယောက်မက ချိုး၍ရသည်။ ကိုယ့်ရေလှောင်ကန်ထဲတွင် ကိုယ်ကြိုက်သလောက် ချိုးနိုင်သည်။ တစ်ယောက် တည်း သီးသန့်ချိုး၍ရသည့် အလုံရေချိုးခန်းများ၌ “ရေချိုးသူကို မနှောင့်ယှက်ပါနဲ့”ဟူ၍ ဆိုင်းဘုတ်များ တပ်ထားသည်ကို တွေ့ရသည်။ ရေချိုးသူများကို နှောင့်ယှက်သူများလည်း ရှိပုံရသည်။
ထူးခြားသည်မှာ ရေပူစမ်းနှင့်ပွဲဈေးတန်းကြီးလို ဈေးဆိုင်ကန္နားများ စည်ကားနေခြင်း ဖြစ်သည်။ စားသောက်ဆိုင်က များသည်။ အဖျော်ယမကာများလည်း ရသည်။ ရေချိုးလိုက် အပန်းဖြေလိုက် စားလိုက်သောက်လိုက် လူတွေ တရုန်းရုန်းဖြစ်နေ ကြသည်။ ညနေစောင်းလေ လားရှိုးမြို့ဘက်မှ ကားကြီးကားငယ်များဖြင့် လူတွေ လာကြလေ ဖြစ်သည်။ လားရှိုးရေပူစမ်းမှာ သာမန်ရေချိုးရုံအတွက် သက်သက်မဟုတ်တော့ပဲ အပန်းဖြေစရာ၊ ပျော်စရာပါးစရာ၊ သမီးရည်းစားချိန်းတွေ့ရာ၊ အတွဲများကိုယ် လွတ်လက်လွတ်ပျော်ရာ။ ယောက်ျားကလေးများနှင့်မိန်းခလေးများ မျက်စိစားပွဲထိုင်ရာနေရာကြီးဖြစ်နေတော့သည်။ ရေပူစမ်း နှင့်ကပ်လျက် ဈေးဆိုင်များ ၀ိုင်းရံထားသောကွက်လပ်တွင် စင်တစ်စင်ကို တွေ့ရေ၍ မေးကြည့်သောအခါ “စတိတ်ရှိုး”လုပ်သည့် စင်ဖြစ်ကြောင်း သိရသည်။ ရေပူစမ်း၌ စတိတ်ရှိုးလည်း ရှိသည်။ ဘာကျန်တော့သနည်း။ ရေပူစမ်း၌ ဘာမဆို အားလုံးရှိသည်။
လားရှိုးရေပူစမ်းကို တွေ့ရသောအခါ ရာဇဂြိုဟ်က ရေပူစမ်းကို သွားသတိရမိသည်။ ရာဇဂြိုဟ်၌ တောင်ငါးလုံးရှိသည့် အနက် ဝေဘာရတောင်အောက်၌ ရေပူစမ်းတစ်စမ်းရှိသည်။ ထိုရေပူစမ်းသည် ပထမသင်္ဂါယနာတင်သော သတ္တပဏ္ဏိလိုဏ်ဂူ အောက်ဘက် ဝေဘာရတောင်ခြေ၌ ရှိသည်။ ထိုရေပူစမ်းသည် တပေါဒါအမည်ဖြင့် ဘုရားလက်ထက်တော်အခါကပင်ရှိသည်။ ဘုရားလက်ထက်တော်က ထိုရေပူစမ်းအနီး၌ တပေါဒါရာမအမည်ရှိ ကျောင်းတိုက်တစ်တိုက်ရှိသည်။ ထိုကျောင်းတိုက်၌ ရှင် တော်ဘုရား မကြာခဏ သီတင်းသုံးတော်မူဖူးသည်။
ထိုရေပူစမ်းမှ ယခုလည်း ရေပူထွက်နေတုန်းပင် ဖြစ်သည်။ သို့ရာတွင် သူတော်သူမြတ်များ သီတင်းသုံးမွေ့လျော်ရာ နေရာဌာန ဖြစ်ခဲ့ခြင်းကြောင့်လား မသိ။ ထိုရေပူစမ်းအနီးသို့ ယခုခေတ် ယဉ်ကျေးမှုများ မသီနိုင်ကြသေးပေ။ ထိုရေပူစမ်း၌ ခေတ်မီရေချိုးရုံ ရေချိုးခန်းများလည်း မရှိသေးပေ။ မည်သူမဆို တံခါးမရှိ ဓားမရှိ လာရောက်ရေချိုးနိုင်သည်။ ရာဇဂြိုဟ်တပေါ ဒါရေပူစမ်း၌ ရေချိုးလျှင် ရောဂါပျောက်သည်ဟုအယူရှိသဖြင့် ဆောင်းရာသီ၌ အိန္ဒိယတစ်ပြည်လုံးမှ အိန္ဒိယလူမျိုးများသည် လာရောက်ရေချိုးကြသည်။ ဆောင်းရာသီကျလျှင် ရာဇဂြိုဟ်ရှိ တည်းခိုရိပ်သာနှင့်ဟော်တယ် မှန်သမျှ၌ ဧည့်သည်များ ပြည့် ကျပ်နေသည်။ အထူးအားဖြင့် ဆောင်းရာသီရောက်လျှင် ရေပူစမ်းတွင် ဗင်္ဂေါနယ်မှ ဗင်္ဂါလီအမျိုးသမီးများ ကြိတ်ကြိတ်တိုးနေ ကြသည်။ အုတ်သံမံတလင်း ကိုင်ထားသည့်ရေကန်လိုလို ချိုင့်ကြီးထဲတွင် လှေကားနှင့်ဆင်း ရေချိုးကြရသည်။ အုတ်သံမံတ လင်းနေရာ၌ ပိုက်ခေါင်းများ တပ်ထားသည်။ ၈၀-ခုနှစ်က ကျွန်တော် ရောက်သွားသည်။ ရေပူချိုးချင်၍ အပေါ်မှ လှမ်းကြည့် လိုက်သောအခါ ရေချိုးသူတွေ တင်းကြမ်းဖြစ်နေသဖြင့် မချိုးရပဲ ပြန်လှည့်လာခဲ့ရသည်။
ရာဇဂြိုဟ်မှ တပေါဒါရေပူစမ်းသည် ရေချိုးရုံအတွက် သက်သက်သာဖြစ်သော်လည်း လားရှိုးရေပူစမ်းကား ရေချိုးရုံအ တွက် သက်သက်မဟုတ်တော့ပဲ လားရှိုးမြို့၏ပျော်စရာ ပါးစရာ အာရုံမျိုးစုံ စုံလင်သည့်နေရာ ဖြစ်နေလေပြီ။
ညနေ စောင်းသွားပြီ။ နှင်းမှုန်မှုန် ဆောင်းညအစ ပြုလာပြီ။ ရေပူစမ်း၌ မီးများ ထိန်လင်းနေသည်။ ရောက်နေသူများ လည်း မပြန်ကြသေး။ အသစ်သစ်လူများလည်း တဖွဲဖွဲရောက်လာကြသည်။ လားရှိုး၏ရေပူစမ်း ညဆည်းဈာသည် ကျွန်တော့် မိတ်ဆွေ စာရေးဆရာများကို ဖမ်းစားထားသည်။ တော်တော်နှင့်မပြန်ချင်ကြ။ ရေပူစမ်း၏အာရုံထဲတွင် နစ်မျောနေကြသည်။ အတင်းဆွဲခေါ်မှပင် ထကြလေတော့သည်။
ရေပူစမ်းသို့အသွား နာမည်ကျော် တရုတ်မြန်မာလမ်းမကြီးကိုလည်း သွားကြည့်လိုက်ကြသေးသည်။ ဒုတိယကမ္ဘာ စစ်မီး မြန်မာနိုင်ငံသို့ မကူးမီက ထိုလမ်းမကြီးမှ တရုတ်ပြည်သို့ လက်နက်ခဲယမ်းမီးကျောက်များ တင်ပို့ခဲ့သည်။ ထိုလမ်းမကြီး သည် မြန်မာဘက်မှ လားရှိုးနှင့်တရုတ်ဘက်မှ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တို့ကို ဆက်သွယ်ထားသော မိုင်ပေါင်း ၆၉၀ ရှည် လျားသည့်လမ်းမကြီး ဖြစ်သည်။ မြန်မာပြည်ဘက်မှ ကြူကုတ်သည် နယ်ခြားစခန်းဖြစ်ပြီး တရုတ်ဘက်မှ နယ်ခြားစခန်းသည် ၀မ်တိန်ဖြစ်လေသည်။ တရုတ်ချန်ကေရှိတ်အစိုးရဖောက်သည့်လမ်းမကြီး ဖြစ်သည်။ တောအတန်တန် တောင်အထပ်ထပ်ကို ဖြတ်ကျော်ဝိုက်ပတ်လျက် ခဲခဲယဉ်းယဉ်း ဖောက်ယူရသည့်လမ်းမကြီး ဖြစ်သည်။ ထိုလမ်းမကြီးကို ဖောက်စဉ်အခါက ရာထောင် မကသော တရုတ်မြန်မာအလုပ်သမားများ အသက်စတေးသွားခဲ့ကြရသည်။ ၁၉၃၇-ခုနှစ်တွင် စတင်ဖောက်ရာ ၁၆ လအတွင်း ပြီးစီးသွား၍ ကမ္ဘာ့သမိုင်း မှတ်တမ်းတင်ရသော လမ်းမကြီးဖြစ်နေသည်။ ရာပေါင်းများစွာ ထောင်ပေါင်းများစွာ တရုတ်မြန်မာ များ အသက်စတေးခဲ့ရသောထိုတရုတ်မြန်မာလမ်းမကြီး ကမ္ဘာ့သမိုင်းဝင် ဖြစ်လာသောအခါ ထိုလမ်းမကြီး ဖြစ်ဖျားခံရာလားရှိုး မြို့သည်လည်း ကမ္ဘာ့သမိုင်းဝင် ဖြစ်လာလေသည်။
“ကိုကိုနော်...ကိုကို’’
ဘေးနားက လက်ဖက်ရည်ဆိုင်မှ နံနက်အစောကြီး ကက်ဆက် ထဖွင့်နေသည်။ နံနက်စောစောတွင်ပင် ပတ်ဝန်းကျင် တစ်ခွင်လုံး မေဆွိအသံ လွှင့်ပျံ့နေသည်။ ဘယ်လောက် အသံကောင်းကောင်း၊ ဘယ်လောက်သီချင်းကောင်းကောင်း ကြားရ ဖန်များသောအခါ ငြီးငွေ့လာသည်။ ရန်ကုန် ကျွန်တော့်အိမ်ရှေ့စတားဂါဒင်းစားသောက်ဆိုင်တွင်လည်း တစ်နေ့လုံး ထိုသီချင်း ကိုသာ ဖွင့်နေသည်။ ကျွန်တော့်အိမ်ဘေးက ကက်ဆက်မှလည်း တစ်ချိန်လုံး ထိုသီချင်းသံကိုသာ ကြားနေရသည်။ မြောက် ပိုင်းရှမ်းပြည်တစ်လျှောက် ချောကားများစီးစဉ် ချောကားများ၏ကက်ဆက်ထဲတွင်လည်း ထိုသီချင်းတိတ်ခွေကိုသာလျှင် ထည့် ထားကြသည်။
ယခုလည်း အိပ်ရာက မနိုးသေးဘူး။ ထိုသီချင်းသံကိုပင် ကြားနေရပြန်ပြီ။ ချမ်းချမ်းနှင့်အိပ်ရာထဲ ကွေးနေ၍ မရတော့။ အိပ်ရာမှ ထလိုက်ရသည်။ ဆောင်း၏နံနက်မြူနှင်းမှုန်မှုန်ကြားထဲတွင် လားရှိုးသည် နိုးထနေပြီ။ တည်းခိုရာ ကြက်ခြေနီအ ဆောက်အဦပေါ်မှ နိုးထလှုပ်ရှားနေပြီဖြစ်သည့်လားရှိုးမြို့ကို မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်လိုက်သည်။ ဆောင်း၏နှင်းပါးပါး ကြားထဲတွင် လှုပ်ရှားသွားလာနေကြသော မိန်းမယောက်ျား လူကြီးလူငယ်များကို လှမ်းမြင်ရသည်။ အချို့မှာ အထုပ်အပိုးကိုယ် စီနှင့်။ ဈေးသို့ရှေ့ရှုသွားနေသူများက များပုံရသည်။ ရောင်းရေးဝယ်ရာကိစ္စနှင့် တောမှတက်လာသူများဟုထင်ရသော ရှမ်းအ မျိုးသား အမျိုးသမီးများမှာ မိန်းမယောက်ျားမရွေး ၀န်စည်စလွယ်ကို တံပိုးနှင့်ဖြစ်စေ၊ တုတ်နှင့်ဖြစ်စေ၊ ဦးပဲ့လျှိုပြီး ထမ်းသွားကြ သည်။ ၀န်စည်စလယ်ကို ထမ်းလည်း မထမ်းကြ။ ရွက်လည်း မရွက်ကြ။ သူတို့ထုံးစံက တစ်မျိုးပင်။
တရုတ်ပြည်နှင့်နီးသဖြင့် တရုတ်ဓလေ့များ ကူးဆက်နေကြသလား။ ရခိုင်ပြည်ရောက်သွားတုန်းက မြို့ဟောင်းတွင် ရခိုင်အမျိုးသမီးများ ရေအိုးကို ဦးခေါင်းနှင့်မရွက်ပဲ ခါးထစ်ခွင်ပေါ်တင်ပြီး လက်ဖြင့် ပိုက်သွားသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန် တုန်းကလည်း ရေအိုးကို ခါးထစ်ခွင်နှင့်သယ်ယူလေ့ရှိသည့်အိန္ဒိယအမျိုးသမီးများ၏ဓလေ့များ ကူးဆက်လာသလားဟု တွေး မိဖူးသည်။
တောပိုင်းမှ တက်လာသော ရှမ်းအမျိုးသား အမျိုးသမီးများသည် မေဆွိ၏သီချင်းသံကိုလည်း နားစိုက်ထောင် မအား ကြပေ။ လားရှိုးရေပူစမ်းမှ စတိတ်ရှိုးကိုလည်း စိတ် မဆာကြပေ။ သူတို့အာရုံထားသည်မှာ သူတို့တွင် ပါလာသောကုန်ပစ္စည်း ကို ဈေးထဲတွင် ရောင်းချပြီး သူတို့လိုသည့်ကုန်ပစ္စည်းများကို ပြန်ဝယ်သွားဖို့ပင် ဖြစ်လေသည်။ သို့သော် သူတို့တွင် ရှမ်းအမူ အရာ၊ ရှမ်းဓလေ့၊ ရှမ်းဆင်ယင်ထုံးဖွဲ့မှု အပြည့်ရှိနေသည်။ ရှမ်းယဉ်ကျေးမှုကို ထိန်းမည့်သူများမှာ သူတို့သာလျှင် ဖြစ်သည်။ ကက်ဆက်တို့၊ ဗီဒီယိုတို့၊ စတိတ်ရှိုးတို့ကို ကြံ့ကြံ့ခံမည့်သူမှာ ရှမ်းအိုးစည်သာလျှင် ဖြစ်ပေသည်။
နံနက်ရှစ်နာရီလောက်တွင်စသော လားရှိုးစာဆိုတော်ဟောပြောပွဲသည် သုတ်တကြီးကိစ္စနှင့် ရန်ကုန်သွားစရာရှိ၍ စာ ရေးဆရာများကို ထားခဲ့ပြီး လေဆိပ်သို့ ဆင်းသွားသည်။ စာရေးဆရာသုံးဦးမှာလည်း လျှာခလုတ်တိုက်မတတ် သုတ်ခြေတင် နေကြသည်။
သူတို့သည် ယနေ့နေ့လယ်တွင် သီပေါ၌ ဟောပြောရမည်ဖြစ်ပြီး သီပေါမှ ခရီးဆက်လျက် ထိုနေ့ည ကျောက်မဲတွင် တစ်ပွဲနွဲရဦးမည်။ သူတို့တွင် တစ်နေ့တည်းနှင့် သုံးပွဲဟောစရာ ရှိနေသည်။
သီပေါမှ လာကြိုသူများကလည်း မျက်နှာတပြပြ လုပ်နေကြသည်။ စာရေးဆရာသုံးဦးသည် တက်သုတ်ရိုက်ဟောပြီး ဟောပြောပွဲကို နိဂုံးချုပ်လိုက်ကြသည်။ ရုပ်ရှင်ရုံအပြည့် ရှိနေကြသည့်ပရိသတ်ကြီးသည် အားမလို အားမရ ဖြစ်နေကြပုံရသည်။ သို့သော် မတတ်နိုင်တော့။ စာရေးဆရာသုံးဦးသည် မစဲတစဲ ဖြစ်နေသော လားရှိုးစာပေပရိသတ်ကို လက်ပြနှုတ်ဆက်လျက် သီပေါသွားမည့်ကားပေါ်သို့ တက်လိုက်ကြလေတော့သည်။
ပါရဂူ
မှတ်ချက်။ ။၁၉၈၅-ခုနှစ်၊ ဇွန်လထုတ် ဒဂုန်မဂ္ဂဇင်း စာမျက်နှာ(၇၃ မှ ၇၅ ထိ)၌ လာရှိသောဆောင်းပါးကို ပြန်၍ စာစီ ရိုက်ထားပါသည်။

No comments:
Post a Comment