အသံတိတ်လက်နက်
အကိုစော-ရေးသည်
အထက်ဗမာပြည် ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊
မူးမြစ်ဖျားဒေသရှိ ဂဒူး၊ ဂဏန်းလူမျိုးများဖြစ် ကြသည့်မြန်မာ့သားချင်းတစ်စုတို့သည် ရိုးရာမပျက်
အသံတိတ်လက်နက်ဖြင့် အမဲလိုက်နေကြဆဲဖြစ်သည်။ ယခုတိုးတက်နေသောခေတ်တွင် အများအားဖြင့်
သေနတ်ဖြင့် အမဲလိုက်ကြသည်ကို၎င်း၊ နောက်ဆုံးပေါ် မေ့ဆေးထိပ်ဖူးတပ်ကျည်ဆန်ဖြင့် သားကောင်များအား
ပစ်ခတ်ဖမ်းဆီးနေကြသည်ကို၎င်း စာရှုသူများဖတ် ရှုသိရှိထားကြပြီး ဖြစ်ပေလိမ့်မည်။
ဤသို့ခေတ်၏သေနတ်လက်နက်များ ခေတ်စားနေချိန်တွင်
အသံတိတ်လက်နက်ဖြင့် ကြွက်မှအစ ဆင်အထိ ပစ်ခတ်အမဲလိုက်နေကြပုံကို တောတောင်ဒေသမှအပ ကျန်ဒေသမှလူများသည်
စုံစုံလင်လင်သိ ရန် ခဲယဉ်းလှသည်။ စာရေးသူသည် အသံတိတ်လက်နက်ကို သာမန်သာသိ၍ ယခင်က အထင်မကြီးခဲ့ပေ။
သို့သော် ပင်လည်ဘူးမှ မုဆိုးကြီးဦးဘသိန်းကို ချဉ်းကပ်လေ့လာမိသောအခါ မိမိတို့၏ရိုးရာအသံတိတ်လက်
နက်အပေါ် အထင်သေးခဲ့မိသည်ကို နောင်တကောင်းစွာ ရမိပါသည်။ ထို့ကြောင့် လေ့လာမိသမျှ စုဆောင်း
တင်ဆက်လိုက်ရပါသည်။
သေနတ်မှာ အသံမြည်၍ တောကောင်လန့်သည်။ အသံတိတ်လက်နက်မှာ
အသံမမြည်သော ကြောင့် တောကောင်မလန့်သဖြင့် ကြိုက်သောပစ်ကွင်းကို ရနိုင်သည်။ ပစ်ခတ်သူ၏နေရာမှန်ကိုလည်း
မသိ နိုင်ပေ။ ထို့ကြောင့် အသံတိတ်လက်နက်သည် သေနတ်ထက် အဆင့်သာသည်။ သေနတ်သည် ခရီးဝေးပစ်
ခတ်နိုင်သော်လည်း ပစ်မှတ်ကို ထိရန်မလွယ်၊ အသံတိတ်လက်နက်မှာ တစ်ဖာလုံအတွင်း ပစ်မှတ်ကို
ကောင်းစွာ ထိခိုက်အောင် ပစ်ခတ်နိုင်သည်သာမက မည်သည့်နေရာကိုမှန်မှန် ချက်ချင်း သေနိုင်သည်။
ဤ သည်ကား ဖော်ပြအံ့သော အသံတိတ်လက်နက်နှင့်သေနတ်တို့၏ခြားနားချက်များတည်း။
ဤမြစ်ဖျားဒေသမှ အသုံးပြုနေသည့်အသံတိတ်လက်နက်မှာ
ဒူးလေးနှင့်အဆိပ်လူးမြှားများပင်ဖြစ် သည်။ လေးနှင့်မြှားကို သမိုင်းအရ တင်ပြရလျှင်
လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းငါးထောင်ခန့်က ကျောက်ခေတ်လူသားတို့သည် သစ်ကိုင်းကို
ဆွဲ၍ ပြန်လွှတ်လိုက်စဉ် ပြန်၍ရုန်းကန်သွားသောသစ်ကိုင်း၏ အရှိန်အဟုန်ကို ကျက်မှတ်မိကြသည်။
ထိုမှတဆင့် လောက်လွှဲများ၊ လေးနှင့်မြှားများကို တီထွင်ခဲ့ကြသည်။ ထိုမှတဆင့်ပို၍ ပစ်ခတ်ရာတွင်
လွယ်ကူစေရန် လက်ငင်လေးကို အရိုးလက်ကိုင်တပ်ဆင်ခဲ့ကြသဖြင့် ဒူး လေးအဆင့်ရောက်လာခဲ့သည်။
ဒူးလေးဟူသောဝေါဟာရမှာ ဒူးထောက်၍ ထိုင်ပစ်ရသော လေးဟူ၏။ လေးနှင့်မြှားကို ပြဇာတ်များ၊
ထိုးဇာတ်များ၊ ဇာတ်သဘင်လောက စသည်တို့၌ ရှေးစာဆိုကြီးများက တခမ်း တနား ဖွဲ့စပ်ထားခဲ့ကြ၏။
ယနေ့တွင် လေးနှင့်မြှားနေရာတွင် သေနတ်က ၀င်ရောက်လာသဖြင့် လေးနှင့်မြှား အကြောင်း လူများစုသိရန်ပင်
ခဲယဉ်းလှသည်။ သေနတ်မှာ ပစ်ခတ်ရန် လွယ်သည်။ လေးနှင့်မြှားမှာ အလေ့ အကျင့်များမှ ပစ်ခတ်ရာ၌
လွယ်ကူပေမည်။
ဒူးလေးတွင် ကိုင်းတိုနှင့်ကိုင်းရှည်ဟူ၍
နှစ်မျိုးရှိသည်။ ဒူးလေးတစ်စင်း၏ဖွဲ့စည်းပုံမှာ
(၁)လေးကိုင်း၊
(၂)လေးဒူး၊
(၃)လေးညှို့တို့ဖြစ်သည်။
ဒူးလေးကို အချိုးကျတည်ဆောက်ထားသည်။ တည်ဆောက်မှုမမှန်လျှင်
မြှားသည် လိုရာသို့မသွား၊ ပစ်မှတ်ကို မထိနိုင်ပေ။ လေးကိုင်းကို ၀ါးနက် သို့မဟုတ် ဖက်သန်းသားနှင့်ပြုလုပ်ရသည်။
လေးဒူးကို အ သားမာဖြစ်သော ရှားသား၊ တမလန်းသားအနှစ်၊ မကျည်းနှစ်စသည်ဖြင့် လုပ်ရသည်။
လေးညှို့ကို လက်ဖွဲ့ နွယ်၏လျှော်နှင့်ကျစ်လျှင် ပိုကောင်းသည်။ လေးညှို့ကို ဘယ်လိမ်ညာလိမ်
အပြန်အလှန် ကျစ်ရသည်။ လေးဒူးတွင် မြှားကပ်ရန် မြောင်းငယ်ရှိသည်။ ၎င်းကို မြှားကပ်ခေါ်သည်။
မြှားညှို့တင်၍ ညှပ်ထားရန် လေး အာကပ်တွင် အထစ်ရှိသည်။ လေးကိုင်းတစ်ခုလုံး၏အားကို လေးညှို့ဖြင့်
ဆွဲယူရသည်။ ထိုလေး၏အား သည် လေးညှို့အလယ်ရှိ "ဖမ်း"တွင် တည်တည်၊ "ဖမ်း"ဆိုသည်မှာ
လေးကိုင်းတစ်ခုလုံး၌ရှိသော အားကို ဖမ်းထားခြင်းဟူ၏။ ၎င်းဖမ်းနေရာကို ချည်ကြိုးဖြင့် ပိုမိုခိုင်မာရန်
ရစ်ထားရသည်။
၎င်းဖမ်းကို လေးတင်သောအခါ ညှပ်ထားရန် (လေးမပစ်မီ)လေးအာကပ်တွင်
အထစ်လုပ်ထား သည်။ ဤအာကပ်တွင်ပင် လေးညှို့ကို ပြုတ်စေသောခလုပ်တပ်ဆင်ထားသည်။ လေးတင်ပြီး
ခလုတ်ကို လက်ညှိုးဖြင့် ဆွဲလိုက်လျှင် လေးညှို့မှဖမ်းသည့်အာကပ်မှ အထစ်ပေါ်တက်လာပြီး
မြှားကို တွန်းထုတ်လိုက် သည်။ ဤသည်ကို လေးပစ်သည်ခေါ်၏။ အာကပ်နှင့်ခလုတ်ကို ဆပ်ချို၊
စိုင်ချိုတို့ဖြင့် ပြုလုပ်ပြီး လေးဒူးထဲ တွင် မြှုပ်ထားသည်။ လေးဒူးတွင် ထိပ်ပိုင်း၌
လေးကိုင်းစွပ်ရန် အပေါက်ရှိသည်။ ၎င်းအပေါက်အောက်နှုတ် ခမ်းနှင့်လေး"ဖမ်းအိမ်"တင်ညှပ်သော
အထစ်စပ်ကြားကို "သက်လွတ်"ခေါ်သည်။ ၎င်းသက်လွတ်၏နှစ်ဆခွဲ အရှည်သည် လေးကိုင်းတစ်ဖက်၏အရှည်ဖြစ်သည်။
ဥပမာ - သက်လွတ်သည် တစ်ပေရှည်လျှင် လေးကိုင်း တစ်ဖက်အရှည်သည် နှစ်ပေခွဲဖြစ်မည်။ သို့ကြောင့်
လေးကိုင်းတစ်ခုလုံး၏အရှည်သည် ၅-ပေ(ငါးပေ)ဖြစ်ရ မည်။ လေးသည် စင်စစ်အားဖြင့် "သက်လွတ်"အပေါ်အခြေခံ၍
အရွယ်အစားစား တည်ဆောက်ရသည်။ မြှားကပ်၏အရှည်သည် သက်လွတ်၏သုံးပုံတစ်ပုံဖြစ်သော အာကပ်အထစ်မှစ၍
မြှားဦးအထိ အဆုံးဖြစ် သည်။ မြှားဦးအရှည်မှာ သက်လွတ်သုံးပုံတစ်ပုံပင် ဖြစ်သည်။ လက်ကိုင်မှာ
ကြိုက်သလို ထားနိုင်သည်။
မြှားကပ်ကို မြေဖယောင်းဖြင့် ကပ်ထားသည်။
(မြေဖယောင်းမှာ မြေတွင်းထဲမှာနေသော ပျားအုံမှ ဖယောင်းကို ဆိုသည်။)မြေဖယောင်းမှာ ရာသီဥတုမရွေး
အမြဲစို၍ ဖွဲ့စေးပြီး ကပ်နေသည်။ သို့ကြောင့် အ ခြားဖယောင်းများကို မသုံးပေ။ လေးကိုင်း၏တစ်ဘက်နှင့်တစ်ဘက်ဆွဲအားကို
ညီမျှစေရန် ပြော့သောကိုင်း ဘက်ကို ကြိန်ဖြင့် ကွပ်ပေးရသည်။ လေး၏အရွယ်အစားကိုလိုက်၍
မြှားကို ပြုလုပ်ရသည်။ မြှားကို "၀ါးဖြူ" ဖြင့်ပြုလုပ်သည်။ ဖြောင့်စင်းသော
ဝါးဖြူကို ချောအောင်သပ်၍ မီးကင်ပြီး ဖြောင့်ပေးရ၏။ လေးကောင်း၍ မြှားမဖြောင့်လျှင် ပစ်မှတ်ကို
မထိနိုင်သဖြင့် လေးကောင်းတွင် မြှားကောင်းနှင့်တပ်ဆင်ရန်လိုအပ်သည်။ မြှားကို အကြမ်းအားဖြင့်
-
(၁)မြှားတို၊
(၂)မြှားရှည်
ဟူ၍ နှစ်မျိုးခွဲထားသည်။ မြှားတိုမှာ မြှားကပ်ပေါ် တင်လိုက်သောအခါ မြှားအစွန်းသည် မြှားဦး
ထက် ၅ လက်မ ပိုထွက်နေရမည်။ မြှားရှည်မှာ မြှားတိုထက် သုံးလက်မခန့် ပို၍ရှည်သည်။
မြှားတိုမှာ မြေပြင်ပစ်ခတ်ရာတွင် သုံးသည်။
မြှားရှည်မှာ ကောင်းကင်ပစ်မှတ်ကို ပစ်ခတ်သည်။ မြှား တိုမှာ မြေပြင်တွင် လှုပ်ရှားနေသောပစ်မှတ်များ၊
ငြိမ်နေသော ပစ်မှတ်များကို ပစ်ခတ်နိုင်သည်။ မြှားရှည်မှာ ကောင်းကင်တွင် ပျံသန်းနေသော
ငှက်များ၊ သစ်ပင်ပေါ်တွင်နေသော ငှက်များ၊ တောတိရစ္ဆာန်များနှင့်မြွေ ငန်းများကို ပစ်ခတ်နိုင်သည်။
မြှားကို လိုအပ်သောပစ်မှတ်သို့ တည့်တည့်မတ်မတ် ထိရောက်စေရန် မြှားအ မြီးတွင် အတောင်တပ်ပေးထားသည်။
၎င်းကို "မြှားတောင်"ဟုခေါ်သည်။ မြှားတောင်မှာ ထန်းရွက်သုံး ထောင့်ဖြတ်ဖြစ်သည်။
၎င်းကို မြှားအမြီးတွင် ခွဲ၍ညှပ်ထားပြီး ခိုင်မြဲရန် ချည်ပင်ဖြင့် ရစ်ချည်ထား၏။ မြှား
တောင်သည် လေထုကိုခွဲ၍ ပစ်မှတ်သို့ မြှားဦးသွားထိမှန်စေရန် ပဲ့ကိုင်ပေးသည်။
ထိုမြှားတို့ကို (၁)ဂျီနှင့်သားကောင်ငယ်
ပစ်ရန်နှင့်(၂)တောဝက်၊ ကျား၊ ဆင် စသည်ကို ပစ်ရန်ဟူ၍ နှစ်မျိုးခွဲထားပြန်သည်။ ကောင်းကင်ပစ်မြှားရှည်ကို
(၁)ကြက်ငှက်ပစ်ရန်၊ (၂)မျောက်ပစ်ရန်ဟူ၍ နှစ်မျိုးနှစ် စား ခွဲထားပြန်သည်။ ကြက်ငှက်ကို
ပစ်ရန်မှာ ရိုးရိုး"၀ါးဖြူ"မြှားသက်သက်ဖြစ်၍ အသွားတွင် အဆိပ်မသုတ် ပေ။ မျောက်ကို
ပစ်ခတ်ရန်မှာ လူ၏မစင်၊ ပေါက်နွယ်နီအစေး၊ ကုလားအော်ငရုတ်သီးတဆုပ်၊ ပိန်းဥများကို ၀ါးကျည်တောက်ထဲတွင်
ရောစပ်၍ မြှား၏အသွားတွင် သုတ်လိမ်းပြီး ပစ်ရသည်။ ၎င်းအဆိပ်နှင့်မှသာ မျောက်အကျမြန်သည်။
အခြားအဆိပ်နှင့်မရပေ။ ၀ါးဖြူရိုးရိုးမြှားနှင့်ပစ်ပါက ချိုးဖဲ့ပြီး အောက်သို့ပစ်ချခဲ့တတ်
သေးသည်။ အမဲဆိပ်နှင့်ပစ်က မှန်သော်လည်း ရုတ်တရက်မသေပေ။ ထွက်ပြေးပျောက်ကွယ်သွားတတ် သည်။
ဂျီကိုပစ်ရန်နှင့်တောဝက်ကို ပစ်ရန်မှာ အဆိပ်ဖော်စပ်ပုံချင်း
တူသည်။ သို့သော် အပြော့စားနှင့်အ ပြင်းစားသာ ကွာသည်။ တောဝက်မှာ သာမန်အဆိပ်နှင့်မသေ။
အပြင်းစားအဆိပ်နှင့်မှသေသည်။ ထိုသို့ သော အမဲပစ်အဆိပ်လူးမြှားများ၏အသွားကို "စဥ့်သွား"တပ်ထားသည်။(သံချွန်ထစ်
တပ်ထားသည်။)၎င်း စဥ့်သွားတွင် အဆိပ်ကို သုတ်လိမ်းထားရသည်။ ဤနယ်မြေမှ အသုံးပြုသော မြှားဆိပ်ဖော်နည်းမှာ
အောက် ပါအတိုင်း ဖြစ်သည်။
(၁)ကမြင်းနီရိုး ၇-လွှာ
(၂)မြက်သင်ဓုန်းနီဥ` သင့်ရုံ
(၃)ကျပ်ခိုး သင့်ရုံ
(၄)ကုလားအော်ငရုတ်သီး တဆုပ်
(၅)ကန့်ချုပ်နီ ၇-လွှာ
(၆)မဟော်ရာကြက်တက် ၇-လွှာ
(၇)မဟော်ရာကြီး ၇-လွှာ
(၈)ယင်ကောင် ၇-ကောင်
(၉)လိပ်ကျောက်ဆူးမှုန့် သင့်ရုံ
(၁၀)စိန်နီမြင်းသွား သင့်ရုံ
(၁၁)ဆိပ်စိမ်း သင့်ရုံ
(၁၂)ဆိပ်ပုပ် သင့်ရုံ
၎င်း(၁၂)မျိုးကို အခြေအနေကြည့်၍ စပ်ထားသောအရည်ကို
မြှားသွားတွင် သုတ်လိမ်း၍ သွေးရှိ သောသတ္တ၀ါများကိုပစ်ခတ်လျှင် မိနစ်ပိုင်း နာရီပိုင်းအတွင်း
သေစေနိုင်သည်။ မသေမီ မျက်စိမွဲခြင်း၊ မူးခြင်း၊ တုန်၍ချိနဲ့ခြင်း၊ မောဟိုက်ပင်ပန်းခြင်းဝေဒနာကို
ခံစားကောင်း ခံစားရမည်။ ၎င်းမြှားဆိပ်သည် စံနက်တံမီး ညှိ၍ လိုက်မီးလျှောက်သကဲ့သို့ သွေးကြောင်းကို
ချက်ချင်းလျှောက်သည့်သဘာဝ ရှိသည်။
အဆိပ်ဖော်နည်းကို ပိုမိုသဘောပေါက်ရန် ထပ်မံရှင်းပြပါဦးမည်။
အကြောင်းမှာ အဆိပ်စပ်ရာတွင် ပုံသေနည်းမထား၊ "သင့်ရုံ"ဟု ဖေါ်ပြထားခဲ့သည်မှာ
ပစ်ခတ်ရမည့်သားကောင်၊ စပ်ရာတွင်ပါဝင်သောဆေး မယ်တို့၏အစွမ်းသတ္တိကို တိတိကျကျ မသိနိုင်၍၎င်း၊
အလွယ်တကူ စမ်းသပ်ရန် မရှိ၍၎င်း၊ သင့်ရုံထည့်ပါဟု ဆိုလိုရင်းဖြစ်သည်။ ထိုဆေးမယ်များသည်
ပေါင်းစပ်လိုက်မှ တန်ခိုးသတ္တိရှိလာခြင်းဖြစ်သည်။ ပင်ကိုယ် သတ္တိထက် ပိုလာသည်။ သို့ကြောင့်
ပေါင်းစပ်ပြီးနောက် စမ်းသပ်၍ လိုအပ်က ဆေးမယ်များ ထပ်ထည့်ခြင်း၊ ပိုမည်ထင်သော ဆေးမယ်ကို
လျှော့ထားရခြင်းဖြင့် ဖော်စပ်ရသည်။ သို့သော် လက်တွေ့ဖော်စပ်နေကျမုဆိုး ကြီးများမှာ
မြင်ခါမျှဖြင့် ဆေးတမယ်၏စွမ်းရည်ကို အကဲဖြတ်နိုင်ပြီး အလွယ်တကူ ဖော်စပ်နိုင်ကြပေသည်။
ကမြင်းနီမှာ သစ်ပင်ဖြစ်သည်။ ဤဒေသတွင် ပေါက်သည်။
၎င်းအသား(၇)လွှာကို ထည့်ရမည်။ မြက်သင်ဓုန်းမှာ ပေ ၂၀၀-အထက် တောင်ခါးပန်းတွင် အပေါက်များသည်။
အရွက်မှာ ဓားသင်ဓုန်းကဲ့သို့ ထက်မြက်လှ၍ မြက်သင်ဓုန်းဟုခေါ်သည်။ ၎င်းအနီပင်၏ဥကို ချိန်ဆ၍ထည့်ရမည်။
ကျပ်ခိုးမှာ မီးဖိုပေါ်မှာ တွဲလောင်းကျနေသော ကျပ်ခိုးများပင်။ သမားခေါ်အရ "ကောင်းကင်သီးခြေ"ဟူ၏။
၎င်းကျပ်ခိုးနှင့်မြက်သင် ဓုန်းဥတို့မှာ မြှားဆိပ်မှန်သော သားကောင်မှသွေးစက် အဆက်မပြတ်ကျစေရန်
ဖြစ်သည်။ သွေးအကျများ အောင် များများထည့်ပါက အဆိပ်ပြယ်တတ်သည်။ သို့ကြောင့် သွေးစက်ခံနိုင်ရုံ
အခြေကြည့်၍ထည့်ရသည် ကုလားအော်ငရုတ်သီးတစ်ဆုပ်၊ ကန့်ချုပ်နီ(၇)လွှာတို့မှာ သားကောင်၏သွေးများ
ပူ၍ပွက်ဆူနေစေရန်ဖြစ် သည်။ သွေးဆူပွက်မှ အဆိပ်ပြန့်မြန်သည်။ သို့မှ အသေမြန်မည်ဖြစ်၏။
မဟော်ရာကြက်တက်(၇)တက်၊ မဟော်ရာကြီး(၇)လွှာတို့မှာ ပိန်းဥများဖြစ်၍ အလွန်ယားစေတတ်သော
သတ္တိရှိပြီး သွေးကို ပူစေသည်။ သားကောင် မခံနိုင်သဖြင့် မပြေးဘဲ လူးလှိမ့်နေစေရန် ဖြစ်သည်။
ယင်(၇)ကောင်မှာ တော မကဇင်းစေရန် ဖြစ်သည်။
"ကဇင်"ဟူသောဝေါဟာရမှာ "ကံသင်း"မှလာ သည်။ ကံသင်း၊ ကံစင်း၊ ကဇင်းဟူသောသဘောသည်
ဆီးတားသည် မည်၏။ ဥပမာ - စီးတဲ့ရေ ဆည်တဲ့ကံ သင်း(ကဇင်း)ဟုပြောတတ်ကြသည်။ တောလိုက်ရာတွင်
တားဆီးခြင်း၊ နှောင့်ရှက်ခြင်း၊ ကန့်ကွက်ခြင်း၊ တ နည်း မုဆိုးကို ဘေးအန္တရာယ်ပေးခြင်းဟူ၏။
ထိုသို့သော အတားအဆီးများ မဖြစ်ရန် ယင်(၇)ကောင်ကို ထည့်ရသည်။ ဤနယ်မှ မုဆိုးတို့မှာ
"ယင်"သည် တောနတ်၊ တောင်နတ်၊ မိစ္ဆာများ၏ကိုယ်စားလှယ်များဟု
ယုံကြည်သည်။ ၎င်းတို့၏ကိုယ်စားလှယ်များကို ထည့်ထားပြီး ဆေးတွင် စတေးပြီး ဖြစ်၍ မိစ္ဆာများ
မုဆိုးကို တောလိုက်ရာတွင် မနှောင့်ယှက်နိုင်ဟုယူဆကြသည်။ လိပ်ကျောက်ဆူးနှင့်စိန်နီမြင်းသွားမှာ
အဆိပ်အ တောက်ကြီးမားစေရန် ဖြစ်သည်။
ဆိပ်စိမ်းဆိုသည်မှာ "ရိုးကျဆိပ်"ကို
ခေါ်သည်။ ရိုးကျဆိပ်မှာ သစ်ပင်တစ်မျိုးဖြစ်သည်။ သစ်ပင် ငယ်မဟုတ်၊ အင်ကညင်ပင်တို့ကဲ့သို့
ကြီးမားသော ပင်စည်ရှိသည်။ အဆိပ်ကောင်သောအပင်မှာ ခေါင်ကိုင်း ကျိုးနေသော အပင်ဖြစ်သည်။
၎င်းအပင်မှအပွင့်ကို ငှက်များစုပ်ယူကြသည်။ အဆိပ်ပွင့်စုပ်မိသောငှက်များ မှာ လတ်တလော သေ၍ကျကုန်သည်။
ထိုရိုးကျဆိပ်ပင်မှ အစေးကို ပထမတန်းစားဆိပ်စိမ်းဟုသတ်မှတ် ကြသည်။ ဆိပ်ပွင့်များသည်
နီရောင်ရှိ၍ ငှက်များအလွန်ကြိုက်သည်။ ဤအပွင့်ကို စုပ်လျှင်သေမည်ကိုမသိ ၍လော၊ ဤအပွင့်ကို
စုပ်၍သေရခြင်းသည် ကောင်းသည်ဟုယူဆ၍ စုပ်ကြလေသလောဟုစဉ်းစားရခက် သည်။ ဒုတိယတန်းစားအဆိပ်မှာ
ငှက်များ ပန်းပွင့်စုပ်၍ အမွေးအတောင်များ ကျွတ်ကာ တစ်ခြားသို့မပျံ တတ်တော့ပဲ ဆိပ်ပင်ရင်းတွင်
ကျကုန်၏။ ထိုဆိပ်ပင်မှ အစေးများကို ခေါ်သည်။ ထိုသို့သော ဆိပ်ပင်များ ဤဂဒူးဂဏန်းဒေသ တောတောင်တစ်ခွင်၌
ပေါက်နေကြ၏။
၎င်းဆိပ်စိမ်း၊ သို့မဟုတ် ဆိပ်ပင်မှ အစေးများကို
အဆိပ်အတောက်ဖြစ်စေရန် ဆေးတွင် ဖေါ်စပ်ရ သည်။ ဆိပ်ပုပ်မှာ အဆိပ်ရှိသော မြွေခေါင်းများကို
ဖြတ်၍စိမ်ထားသောအပုပ်ရည် ဖြစ်သည်။ ဤဒေသတွင် မြွေဟောက်၊ ငန်းပုပ်၊ မြွေစိမ်း၊ ငန်းတော်ကျား၊
တောင်ပေါ်မြွေပြွေး၊ ငန်းနန်၊ ငန်းတန့်များ ရှိသည်။ ထိုထို သော မြွေခေါင်းများကို ဖြတ်၍
အပုပ်စိမ်ပြီး အဆိပ်ချထားသော ဆိပ်ပုပ်ရည်ကို ခဏချင်းသေစေရန်အ တွက် ဆေးတွင် ဖေါ်စပ်သည်။
ဖေါ်ပြပြီးခဲ့သော အဆိပ်များမှာ စားသုံးမိလျှင် "၀မ်းလျှော"သည်သာဖြစ်၍ အဆိပ်မတက်ပေ။
သို့သော် သွေးထဲရောက်လျှင် ချက်ချင်း စက္ကန့်ပိုင်းအတွင်း အဆိပ်တက်၍သေချေမည် ဖြစ်၏။
ဤအဆိပ်ဆေးကို ဖော်စပ်ရာ၌ ကမြင်းနီရိုးမှ
စိန်နီမြင်းသွားအထိ ဆယ်မယ်ကို ပထမ ထောင်း၊ ၎င်းကို ကြက်ဆူမီးတောက်ရွက်(၇)ရွက်ထပ်ဖြင့်
မီးမှာအုံးပြီး အရည်ညှစ်ယူရသည်။ ထိုအရည်နှင့်ဆိပ်စိမ်း၊ ဆိပ်ပုပ်ရည်တို့ကို စပ်၍တေရသည်။
ထိုအရည်(၃)မျိုးကို နွားကျွဲတင်ပါးခွက်ရိုးမှ ခွက်ငယ်ထဲထည့်၊ အမဲရိုး ဖြင့် နေပူပူတွင်
စေးထိုင်းလာသည်ထိ တစ်ယောက်တည်း စကားမပြောဘဲ တေရသည်။ တေသည်မှာ ထောင်းသည် ထုသည်မည်၏။
တေရသောအချိန်မှာ ဆိပ်ရည်အနည်းအများကို လိုက်၍"တကြောက်" သို့ မဟုတ်
"နှစ်ကြောက်"ကြာ၏။ တကြောက်ဆိုသည်မှာ မုဆိုးအခေါ်ဖြစ်၍ နာရီအားဖြင့်ဆိုလျှင်
"တစ်နာရီ" ပတ်ဝန်းကျင်ခန့်ကြာခြင်း ဖြစ်၏။ ဤသို့တေ၍ စေးထိုင်းလာသောအခါ
"ငါးရံ့တစ်ကောင်"ကိုယူပြီး ဆိပ် သုတ်ထားသောအပ်ဖြင့် ငါးကိုထိုးပြီး ရေထဲလွှတ်ရသည်။
ငါးရံ့သည် တစ်ချက်သာလွန့်၍ ပက်လက်လှန် သေလျှင် "ပထမတန်းအဆိပ်"ဖြစ်၍
"တောဝက်"ကို ပစ်ရ၏။ တောဝက်မှာ အဆီပြင်ဆူသောကြောင့် သာ မန်အဆိပ်ဖြင့် မသေပေ။
အဆီများသော တိရစ္ဆာန်ဖြစ်သည်။ တောဝက်ကို ပစ်နိုင်သောအဆိပ်မှာ မည် သည့်သတ္တ၀ါမျှမခံနိုင်ချေ။
သို့သော် ထိုဝက်ဆိပ်နှင့်ဂျီကိုပစ်လျှင် ဂျီမသေ၊ အဆိပ်ပြင်းလွန်းသဖြင့် အဆိပ် အတက်မြန်လွန်ပြီး
ပြန်ထွက်သွား၏။ အဆိပ်ဟုန်သွားသည်ဟူ၏။
သို့ကြောင့် ဂျီကို ပစ်ရန် အဆိပ်တစ်မျိုး
တေရ၏။ စမ်းရာတွင် ဖားကို စမ်းရ၏။ အဆိပ်သုတ်ထား သောအပ်ဖြင့် ဖားကို ထိုး၍လွှတ်ရ၏။ ဖားသည်
"တစ်ခါခုန်"နှင့်သေလျှင် "တစ်ဆွေ့ခုန်"ဟုခေါ်၏။ ကောင်း ၏။ နှစ်ခါခုန်ပြီးမှသေလျှင်
"နှစ်ဆွေခုန်"ဟုခေါ်၏။ သင့်၏။ သုံးခါခုန်ပြီးမှသေလျှင် "သုံးဆွေ့ခုန်"ဟုခေါ်၏။
ညံ့၏။ ထို့ကြောင့် နှစ်ဆွေ့ခုန်အထိ အဆိပ်ကိုသာလျှင် သုံးကြ၏။ အဆိပ်ညံ့လျှင် ဆိပ်ပုပ်နှင့်ဆိပ်စိမ်းရည်
ကို ထပ်ထည့်၍ ထပ်တေရပြန်၏။ ထိုအခါ အဆိပ်၏စွမ်းရည်နှုန်းတိုးတက်လာပြန်၏။ ဤကဲ့သို့သော
ဆိပ် ရည်ကို မြှားအသွားတွင် သုတ်လိမ်း၍ အခြောက်လှန်းထားပြီး မြှားများကို ၀ါးကျည်တောက်ထဲထည့်ကာ
ကလေးများမမှီသော နေရာတွင် ထားရ၏။ အမဲလိုက်ရာတွင်ဖြစ်စေ၊ ရပ်ရွာကာကွယ်ရေးတွင်ဖြစ်စေ၊
ဤအ သံတိတ်လက်နက်ဖြင့် တစ်ဖာလုံအတွင်းရှိ အမဲနှင့်ရန်သူကို ထိရောက်စွာ တိုက်ခိုက်နိုင်၏။
သေနတ်ကျည် ဆံသည် ချက်ကောင်းထိမှ သေနိုင်သော်လည်း ဆိပ်လူးမြှားမှာ မည်သည့်နေရာထိထိ ရှပ်၍ပင်မှန်မှန်
ချက် ချင်းအဆိပ်ပြန့်နှံ့ပြီး ချက်ချင်းလဲကျသွားစေနိုင်၏။
လေးပစ်ကို ကျင့်၍ ကျွမ်းကျင်လျှင် သေနတ်ကို
ကိုင်ရသည်ထက် ကောင်း၏။ လေးပစ်ကျင့်နည်း မှာ ပထမမြှားရိုးရိုးဖြင့် "ပစ်မှတ်သေ"ကိုပစ်ကျင့်ရ၏။
၎င်းနောက် ပစ်မှတ်ရှင်ကို ပစ်ရန် ကျင့်ရ၏။ ကျင့်နည်း မှာ တစ်ယောက်က စကော (၀ါ) ဗျတ်ကို
လှိမ့်ပေးရ၏။ လှိမ့်နေသော စကောကို ပစ်သူက မှန်အောင်ပစ် ခတ်ရ၏။ ဤနည်းဖြင့် လေ့ကျင့်ဖန်များသောအခါ
လေးကို ချက်ချင်းတင်နိုင်၍ ချက်ချင်းပစ်ခတ်နိုင်၏။ ကျွန် တော် ချဉ်းကပ်လေ့လာမိသော မုဆိုးကြီးဦးဘသိန်းမှာ
ဂျီဖြစ်စေ၊ ၀က်ဖြစ်စေ၊ သုံးကောင်လာက သုံးကောင် စလုံး ထိအောင် မလွတ်တမ်း ပစ်ခတ်နိုင်၏။
ပစ်နည်းမှာ သားကောင်အလွန်မှ ဘေးတိုက်ရှေ့သို့ကြို၍ ပစ် ခတ်နည်းပင်ဖြစ်၏။ သို့သော် အလေ့အကျင့်မရှိက
လေးတင်ရန်နှင့်မြှားတပ်ရန်ပင် မလွယ်ကူပေ။ ဇွဲသတ္တိ နှင့်လေ့ကျင့်မှုသည်သာ စွမ်းရည်ဖြစ်၏။
လူကိုယ်မှာ မည်သည့်အဆိပ်ဖြင့်ပစ်ပစ် သေသည်ချည်းဖြစ်၏။
ယခုဖော်ပြခဲ့သော အဆိပ်မှာ ဖော် စပ်ယူရသော အဆိပ်များဖြစ်၏။ တမယ်ကောင်း ဆိပ်ဥများ ကချင်ပြည်နယ်တွင်
ရှိသေး၏။ ၎င်းတို့မှာ "စတု ချယ်"ဖြစ်၏။ စတုချယ်တွင် ကြက်စတုချယ်သည် ကြက်ကိုသာ
သေစေ၏။ ၀က်စတုချယ်သည် ၀က်ကိုသာ သေစေ၏။ ဖော်စပ်သောအဆိပ်လောက် မကောင်းပေ။ စတုချယ်မှာ
မြှားသွားတွင် တံတွေးဆွတ်၍ စတု ချယ်ဥကို ထိုးလူးပြီး ပစ်ခတ်ရ၏။ ဤကဲ့သို့ သဘာဝက လူသားတို့အား
သေစေတတ်သော အဆိပ်များကို ပေး၏။ လူသားတို့ကလည်း လေ့လာမှတ်သား၍ လျှို့ဝှက်စွာ သုံးစွဲခဲ့ကြ၏။
တစ်ဖန် သဘာဝသည် ဤသို့ သော ဤသို့သော အဆိပ်များကို ဖျက်ဆီးပစ်ရန် အဆိပ်ဖြေဆေးကိုလည်း
ပေးသေး၏။ ၎င်းမှာ ကချင်ပြည် နယ်တွင် "မရှော့ဆေ"ဟုခေါ်၏။ ဤနယ်မှ မိုင်းသုံတောင်မတွင်လည်း
ဤအပင်မျိုး ရှိ၏။ မြန်မာလို "အဆိပ် ဖြေပင်"ဟုခေါ်၏။ ၎င်းသစ်ပင်၏အစွမ်းမှာ မည်သည့်မြှားဆိပ်မဆို
ထိသောသားကောင်သည် ဤသစ်ပင် အောက်ဖြတ်မိသည်နှင့်ပင် အဆိပ်သည် ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့
လျှောကျသွားသည်ဟူ၏။
၎င်းအဆိပ်ဖြေပင် မရနိုင်ပါက သာမန်အဆိပ်ထိလျှင်
လူ၏အစင်ကို စားစေခြင်း၊ အုန်းပင်နီမြစ်ကို ရှူစေခြင်း၊ ခပေါင်းပင်မှ အခေါက်ကို စားစေခြင်းဖြင့်လည်း
အဆိပ်ပြေစေ၏။ သို့သော် သေကွင်းကို မမှန်မှ သာဖြစ်၏။ ဥပမာ - ဆိပ်လူးမြှားဖြင့် မတော်တဆ
ရှပ်မှန် မှန်လျှင် ခြေသလုံး၊ ပေါင်စသည်မှန်လျှင် ချက် ချင်း မှန်သောနေရာကို ဓားဖြင့်ကွင်းပစ်ပြီး
အထက်ပါအဆိပ်ဖြေဆေးများကို ကျွေးတိုက်ရ၏။ ချက်ကောင်း မှန်လျှင် မလွယ်ပေ။ အဆိပ်ပြေစေကာမူ
မြှား၏စူးဝင်မှုမှာ သက်သာမည်မဟုတ်ပေ။ ဆိပ်ဖြေပင် သို့မဟုတ် "မရှော့ဆေ"ပင်ကို
ယူ၍ မုဆိုးများ၏အိမ်ပေါ်တက်လျှင် ယခင်က ဖေါ်စပ်ထားသောအဆိပ်များမှာ "ပကတိ ရေ"ကဲ့သို့
အဆိပ်အတောက် ကင်းကုန်၏။ သို့ကြောင့် မုဆိုးကြီးများမှာ "ဆိပ်ဖြေပင်"ကို သိပ်ကြောက်ကြ
၏။ ဆိပ်ဖြေပင်ကို တစ်နေရာရာ၊ တစ်အိမ်အိမ်တွင် သိမ်းထားသင့်၏။ အကယ်၍ အဆိပ်သင့်လျှင်
၎င်းဆေး ပင်ကို ကြိတ်၍ အရည်တိုက်ကျွေးလျှင် ပျောက်ကင်း၏။ သို့သော် သွေးဆိပ်ကိုသာ ပြေစေ၏။
အစာမှဖြစ် သော အဆိပ်ကို မပြေစေနိုင်ပေ။
ဤနယ်မြေမှ တိုင်းရင်းသားများသည် နှစ်ပေါင်းများစွာမှစ၍
သဘာဝမှပေးသော အဆိပ်များနှင့်အ ဆိပ်ဖြေဆေးတို့ကို မိမိတို့အကျိုးအတွက် အသုံးပြုခဲ့ကြ၏။
ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးချိန် အမဲလိုက် ရာတွင်၎င်း၊ လူဆိုးသူခိုးရန် ကာကွယ်ရန်အတွက်၎င်း၊
ရပ်ရွာနှင့်တိုင်းပြည်၏ရန်သူနယ်ချဲ့ကို၎င်း၊ တိုက်ခိုက် တွန်းလှန်ရာတွင် သုံးခဲ့ပြီး သုံးနေဆဲ၊
သုံးလတ္တံ့ပင်ဖြစ်၏။ အတိတ်ကို ပြောရလျှင် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် သီပေါမင်းပါပြီးနောက်
မြန်မာပြည်မြောက်ပိုင်း ဂဒူး၊ ဂဏန်း၊ ရှမ်း၊ ကချင်များကို ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်က
ဦးဆောင်၍ နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်ခဲ့၏။ အထူးသဖြင့် "ဆိပ်လူးမြှား"၏စွမ်းရည်
ကို "မာန်ကင်း"တောင်ရိုးတိုက်ပွဲတွင် ပြသနိုင်ခဲ့၏။ အင်္ဂလိပ်တပ်ခွဲတစ်ခု မြန်မာတိုင်းရင်းသားတို့၏ဆိပ်လူး
မြှား၏အရသာကို ကောင်းစွာ ခံစားရသဖြင့် တပ်ပျက်၍ ကောလင်းအနီး "ရွာမ"တွင် တပ်ချခုခံပြန်ရသည်
အထိ ဖြစ်ခဲ့လေသည်။
အကိုစော
မှတ်ချက်။ ။၁၉၆၉-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် မြ၀တီမဂ္ဂဇင်း
စာမျက်နှာ(၁၃၇ မှ ၁၄၁)ထိလာရှိသော ဆောင်းပါးကို ပြန်၍စာစီရိုက်ထားပါသည်။
No comments:
Post a Comment