ယခုလွတ်လပ်ရေးရပြီး ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ်ကို ရောက်ရှိပါမှ ကမ္ဗောဇနှင့်ပြည်မကြီးသည် ပိုပြီး ရင်းနှီးစွာ ဆက်ဆံမိကြသည်။ ယခုမှ ပိုမိုရင်းနှီး ပိုမို၍ချစ် ခင်စွာ ဆက်ဆံကြသည်ဟုဆိုလိုက်သည့်အခါ ရှေးပဝေသဏီက သူစိမ်းတရံဆန်များလိုလို အဓိပ္ပါယ်သက်ရောက်နေပေသည်။ မဟုတ်ပါ။ ရှေးမြန်မာမင်း လက်ထက်ကပင် ကုန်ချင်း ဖလှယ်ခဲ့ကြသည်။ လူချင်းမိတ်ဖွဲ့ခဲ့ကြသည်။ သားချင်းသမီးချင်း ဖလှယ်ခဲ့ကြသည်။ မြန်မာ ဘုရင်များနှင့်ရှမ်းစော်ဘွားများ လက်ဆောင်ပဏ္ဏာ အလဲအလှယ်ပြုခဲ့ကြပေသည်။ သို့သော် လူထုအနေနှင့် ရှေးခေတ်က ပညာဗဟုသုတ၊ စီးပွားရေးဗဟုသုတ၊ ပထ၀ီအနေအထား၊ နိုင် ငံရေးအဆက်အသွယ်ကို ဘာမျှ အလေးဂရုမပြုခဲ့ကြ၊ မြန်မာသော်၎င်း ရှမ်းသော်၎င်း တရုပ် သော်၎င်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြရာ ကိုးကွယ်ရာဘာသာတူချင်းဆိုလျှင် ပိုပြီးခင်မင် လျက် တခါတရံ ဘာသာရေးနှင့်လူမျိုးရေးမှာ ခွဲမရတော့ဘဲ ဗုဒ္ဓဘာသာလူမျိုးဟုပင် သုံးစွဲ လိုက်ကြသည်ကို သတိပြုမိကြပေလိမ့်မည်။
ပြည်သူပြည်သားကောင်းတစ်ဦးအနေနှင့် ယခုကဲ့သို့ တိုးတက်နေသောခေတ် တိုး တက်အောင် ကြံဆောင်နေရသော အခါသမယတွင် စီးပွားရေးသော့ချက်ဖြစ်ပြီး လူထုအများ သုံးစွဲနေသော ပစ္စည်းများသည် ပြည်တွင်းဖြစ်လော၊ ပြည်ပက ၀ယ်ရသလော စသည်ကို သိ သင့်သည်။ ပြည်တွင်းဖြစ်ဆိုပါက ကုန်ရိုင်းများ ဘယ်ဒေသက ထွက်သည်၊ ဘယ်အထိထွက် သည်၊ ဘယ်လိုအသုံးချနေကြသည်ကိုလည်း တီးမိခေါက်မိလောက်အောင် သိရှိဘို့သင့်လှ သဖြင့် ယနေ့ရှမ်းပြည်နယ်က ကုန်ပစ္စည်းများ ပြည်မကြီးက မည်မျှ သုံးပေးနေသည်ကို သိရှိ ရန် အကျဉ်းအားဖြင့် ဖော်ပြလိုက်ပါသည်။
“မ၀ယ်ဘူး၊ မယ်ခူးပါတဲ့ သည်ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ မောင်သောက်ဖို့ကို”ဟူသော တေးသွားအရ မြန်မာပြည်မကြီးအနေနှင့် သနပ်ဖက်မှာ ရှမ်းပြည်က ၀ယ်မှ များများစားစားရသည်။ မြန်မာပြည်မှ ထွက်သမျှ ဖက်က လေးမှာ အိပ်ရာအောက်ထားပြီး ဖြန့်ပြီးခါမှ ချစ်ရည်းစားအတွက် လေးငါးဆယ်လိပ် လိပ်ပေး နိုင်မည်ကို သရုပ်ဖော်ထားပေသည်။ သနပ်ဖက်မှန်သမျှ ရှမ်းပြည်က ၀ယ်ယူကြရသည်။ ရှမ်းပြည်ဆိုရာတွင်လည်း သနပ်ဖက်မှာ ရှမ်းပြည်အနှံ့အပြားက ထွက်သည်မဟုတ်ပေ။ ရှမ်း ပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးနယ် နမ့်ခုပ်နယ် မဲနယ်တောင်တစ်ကြော လွယ်လင် ခရိုင် ပင်လုံ မိုင်းပွန်တစ်ကြောမှ အမြောက်အမြား ထွက်ရှိပေသည်။ ပင်းဒယ ပွေးလှ ဘော် နယ်တစ်ဝိုက်တွင်လည်း သနပ်ဖက်များ ထွက်လေသည်။ သို့သော် ပင်းဒယဖက်မှ ပင်လုံမဲ နယ်တောင်ဖက်လောက် အချောနှင့်အရောင်မှာ မမီဟုဆိုကြပေသည်။ သို့သော် ပြည်မကြီး ကို တင်ပို့ရောင်းချရာ၌ မန္တလေးကြိုက် ရန်ကုန်ကြိုက် မြစ်ကြီးနားကြိုက် စသည်ဖြင့် ဖက်အ ရွယ်နှင့်အရောင်အမျိုးမျိုး အကြိုက်ချင်းမတူကြရာ ရှမ်းပြည်နယ်က ထွက်သမျှ သနပ်ဖက်မှာ မစွံသည်မရှိ၊ အားလုံး သူ့ဈေးနှင့်သူ ရောင်းစွံကြသည်ချည်း ဖြစ်ပေသည်။ သနပ်ဖက်ရောင်း ၀ယ်ရေးမှာ ရှမ်းပြည်က မိမိတို့နယ်မြေတွင် သောက်သုံးသည်မှအပ ပြည်မကြီးကို လုံးဝမီနေ ရသည်။
ဒုတိယထွက်ကုန်မှာ အာလူးပင်ဖြစ်ပေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ပွေးလှ၊ ပင်းဒယနယ်များတွင် အာလူး အမြောက်အမြားထွက်၍ ပြည်မကြီးကို ရောင်းချရ သည့်အာလူးမှာ ကုန်းအာလူး၊ ရေအာလူး၊ မြေဖြူဥ၊ မြေနီဥ အမျိုးမျိုးထွက်ပေသည်။ လုပ်ရာ ကိုင်ရာမှာ ဗာဟီရကိစ္စများသလောက် သိုလှောင်မထားနိုင်သော ကုန်စိမ်းမျိုးဖြစ်ရာ အာလူး စိုက်ပျိုးသူများမှာ ဈေးမရဘဲ စီးပွားရေး တောင့်တင်းမှု မရှိကြပေ။
အာလူးနှင့်အလားတူပင် အထားမခံ အလုပ်နှင့်အချိန်ကုန်သလောက် ငွေကြေးအရ နည်းသော မုန်လာထုပ်များ၊ ဂျူးမြစ်များ၊ နာနတ်သီး၊ လိမ္မော်သီးများသည် တောင်ပိုင်းအောင် ပန်း၊ ပွေးလှ၊ ပင်းဒယ၊ ရပ်စောက်နှင့်ကလောနယ်များက ထွက်လေသည်။ ၎င်းကုန်စိမ်းများ တွင် လိမ္မော်သီးမှာ ရပ်စောက်နယ် ကောင်းဘို့ရွာက အများအပြားထွက်၍ ပြည်မကြီးသို့တင် ပို့ရောင်းချလေသည်။ ကုန်စိမ်းများတွင် ၀င်ငွေအများဆုံးဟုဆိုရပေမည်။ နာနတ်သီးမှာ ပင်း ဒယနှင့်အင်းလေးကလည်း ထွက်ပေသည်။ မြောက်ပိုင်းတွင် သီပေါ၊ ကျောက်မဲ၊ လားရှိုးစ သည့်ဒေသများ၌လည်း ရရှိပေသည်။ ပင်းဒယနာနတ်သီးမှာ အရည်ရွှမ်း၍ အလွန်ချိုပါသည်။ လိမ္မော်သီးလောက် ၀င်ငွေမကောင်းသော်လည်း မဆိုးလှပါ။ လိမ္မော်သီးကို မြောက်ပိုင်းသီပေါ နယ်တွင်လည်း အမြောက်အမြား စိုက်ပျိုး၍ ထိုလိမ္မော်ကို မန္တလေးက အသုံးများလေသည်။
ဂျူးနှင့်ဂေါ်ဖီထုပ်ခေါ် မုန်လာထုပ်မှာမူ ပုပ်လွယ် ပျက်လွယ်ပစ္စည်းမျိုးဖြစ်ရကား ကုန်သည်များ ပွဲစားများ၏လက်ခုပ်မှ ရေကဲ့သို့ပင် ကုန်စည်ပွဲစား ဈေးကစား ချယ်လှယ်ရာ တွင် ခြံရှင်များက ခံနေကြရရှာသည်။
ရှမ်းကြက်သွန်ဖြူမှာလည်း ရှမ်းပြည်၏နာမည်ကြီး ထွက်ကုန်တစ်မျိုး အပါအ၀င်ဖြစ် ပေသည်။ ရှမ်းပြည်တွင် အနှံ့အပြား စိုက်ပျိုးသော်လည်း တောင်ပိုင်းရှမ်းပြည် တောင်ကြီးခရိုင် မှ အမြောက်အမြား ထွက်ပေသည်။ ဒေါင်းဥ၊ အမြွာဥအားလုံးပင် ပြည်မကြီးသို့ တင်ပို့ရောင်း ချရပေသည်။
အထွက်မများလှသော်လည်း ၀င်ငွေမဆိုးလှသော ရှမ်းပြည်ထွက် သစ်သီးတစ်မျိုး မှာ သစ်တော်သီးပင် ဖြစ်ပေသည်။ သစ်တော်သီးအများအပြားမှာ တောင်ကြီးတစ်ဝိုက်က ထွက်၍ ထိုသစ်တော်သီးများမှာ တစ်ပြည်လုံးတွင် အကောင်းဆုံးဟုဆိုရပေမည်။ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်နှင့်ကချင်ပြည်နယ်က သစ်တော်သီးမှာ အသားကြမ်း၍ အရည်ရွှမ်းမှုနှင့် အရသာ တောင်ကြီးထွက်သစ်တော်သီးကို မမီပေ။ ထိုအသီးများကိုလည်း ပြည်မသို့တင်ပို့ ရောင်းချခြင်း၊ ပြည်မက လာရောက်ဝယ်ယူခြင်းများ ပြုလုပ်ကြပေသည်။ အသီးထွက်လျှင် ထွက်သလောက်၊ အမျိုးကောင်းလျှင် ကောင်းသလောက် ၀င်ငွေရှိလှပေသည်။
အခြားဝင်ငွေကောင်း၍ တိုးချဲ့စိုက်ပျိုးနိုင်သေးသော ထွက်ကုန်တစ်ခုမှာ ကော်ဖီစေ့ ပင်ဖြစ်ပေသည်။ ကော်ဖီပင်ကို ရှမ်းပြည်အနှံ့အပြားဒေသတို့တွင် စိုက်နိုင်ပါသည်။ မြောက် ပိုင်း၌၎င်း အရှေ့ပိုင်းတွင် လဲချား မိုးနဲ မိုင်းရယ် ကျေးသီးတို့တွင်၎င်း စိုက်ပျိုးကြလေသည်။ တောင်ပိုင်းတွင်မူ ဘော်နယ်၊ ပင်းဒယနယ်များတွင် စိုက်ပျိုး၍ ပြည်မကြီးသို့ပင် ရောင်းချရပေ သည်။ ဘော်နယ်မှ လူငယ်များသည် မေမြို့ကော်ဖီခြံများသို့ပင် တစ်နှစ်သွားရောက်လေ့လာ ပြီး တိုးချဲ့စိုက်ပျိုးနေကြလေသည်။ ကော်ဖီစိုက်ပျိုးခြင်းမှာ ထာဝရသီးပင်ဖြစ်၍ တစ်ခါစိုက်ပြီး လျှင် နှစ်စဉ်သီးသော အသီးအနှံတို့လောက် ငွေရင်းမလိုလှသည့်ပြင် အလုပ်သက်သာ၍ အ မြတ်များသော လုပ်ငန်းတစ်ခု ဖြစ်ပေသည်။
ရှမ်းပြည်နယ်တွင် စပါးအနေနှင့်တော်သင့်ရုံသာ ထွက်ရှိ၍ ပြည်နယ်လူထုပင် မစား လောက်ပါ။ ပြည်မမှ ၀ယ်ယူ၍ သုံးဆောင်ကြရပေသည်။ သို့သော် အနှံပင်များအနေနှင့်ဂျုံအ ပြင် ရာသီထွက်ကုန်အနေနှင့် မြေပဲကိုလည်း ရှမ်းပြည်အနှံ့အပြား စိုက်ပျိုးကြလေသည်။ ပဲပုပ်မှာလည်း ရှမ်းပြည်နယ်သူနယ်သားတို့ နှစ်သက်သော အစာဖြစ်သဖြင့် ဖြစ်ထွန်းသ လောက် စိုက်ပျိုးနေသော်လည်း ထွက်ကုန်အနေနှင့်မထုတ်လုပ်ကြသေးပေ။ အနည်းငယ် မျှလောက်သာ ရောင်း၍ ပဲပုပ်လုပ်ကာသာ စားသောက်တတ်ကြပေသည်။ ဂျုံနှင့်မြေပဲကိုမူ ပြည်မကြီးမှ လာရောက်ဝယ်ယူကြရပေသည်။ ရှမ်းဂျုံစေ့များမှာလည်း နိုင်ငံခြားအနုတ်အ သိမ်းကို မှီနေရလေရကား အရှုံးအမြတ်မှာ ပုံသေကားချ မထားနိုင်သည့်ကိစ္စဖြစ်၍ လုပ်အား မရှိကြပေ။
ကမ္ဘာသုံးကုန်၊ ပြည်တွင်းကြိုက်ကုန်ဖြစ်ပြီး ၀င်ငွေအကောင်းဆုံးနှင့်ထာဝရငွေပေး နေသောရှမ်းထွက်ကုန်တစ်ခုကား လဘက်ခြောက်ပင် ဖြစ်ပေသည်။ အများသိရှိကြသည့်အ တိုင်း ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းနယ်မှာ လဘက်ခြောက်ထွက်ရာဒေသအချက်အခြာ ဖြစ်ပေသည်။ သို့သော် လူသိမများသော်လည်း လဘက်ခြောက်ကောင်း၍ အားပေးမည်ဆို လျှင် အလွန်တိုးတက်မည့်လဘက်ခြောက်ထွက်ရာဒေသများလည်း ရှိပေသေးသည်။ မိုင်း ကိုင်၊ သီပေါနယ်များတွင်လည်း လဘက်ပင်များ စိုက်ပျိုးကြပါသည်။ တောင်ပိုင်းပင်လုံနှင့်ဟို ပုံးနယ်နှင့်မြေလတ်ပိုင်း ပွေးလှ၊ ပင်းဒယ၊ ပင်လောင်း၊ ဘော်ဆိုင်းနယ်များတွင် လဘက်ပင် စိုက်ပျိုးအောင်မြင်နိုင်သည်ကို တွေ့ရှိရပေသည်။ လဘက်ခြောက်သည် ကမ္ဘာသုံးပစ္စည်းအ ဖြစ် အချိုခြောက်ထုတ်လုပ်နိုင်သော်လည်း ပလောင်တံဆိပ်လဘက်ခြောက်၊ မယ်ဗမာလ ဘက်ခြောက်၊ ဘီတီဘရားသားလဘက်ခြောက်စသည်တို့သာ ထုတ်လုပ်၍ စက်ရုံနှင့်အကြီး အကျယ် လုပ်နေသည်မှာ တောင်ပိုင်း(မြောက်ပိုင်း?)နမ့်ဆန်လောက်တွင်သာ ဘီ၊ဘီ၊တီ၊စီ ကုမ္ပဏီနှင့်အခြားကုမ္ပဏီများရှိကြ၍ အခြားဒေသများတွင် မြန်မာသုံးလဘက်ရည်ကြမ်းအ တွက် လဘက်ခြောက်များသာ ထုတ်လုပ်ကြလေသည်။
လဘက်ခြောက်လုပ်ငန်းက လူအမြောက်အမြားကို ထမင်းကျွေးလျက် ရှိပါသည်။ ဥပမာ - တပို့တွဲ တပေါင်း မိုးမကျမီ လဘက်နုချိန်တွင် အညာဒေသ ရွှေဘိုဆီကလောက်ပင် ရှမ်းပြည်သို့ လဘက်ရွက်ကို နေ့စားပုတ်ပြတ်နှင့်လက်ခစားခူးသည့်အလုပ်ကို လာရောက် လုပ်ကိုင်ကြရသည်။ ခြံရှင်က ထမင်းကျွေးသည့်ပြင် တစ်နေ့ကို လုံ့လ၀ီရိယနှင့်ကျွမ်းကျင်မှုရှိ လျှင် ရှိသလို အနည်းဆုံး ၁၀ိ-၁၅ိ-၂၀ိ စသည့်ဝင်ငွေရှိကြ၍ တောင်ပိုင်းနှင့်အနီးတစ်ဝိုက်ဒေသ များကသာမက မြန်မာပြည်မကပင် လူပေါင်းမြောက်မြားစွာ လဘက်ရွက်ခူး တက်လာကြရ ပေသည်။ လဘက်ရွက်ကို မိုးမကျမီတစ်ကြိမ်၊ နောက်တက်က ၂-ကြိမ်၊ တစ်နှစ်လျှင် ၃ ကြိမ် ခန့် ခူးကြရလေသည်။
တောင်ပိုင်းပင်လောင်း ဆောင်းဆီးခြောက်၊ ဘော်ဆိုင်း ဖူးရဲခြောက်များမှာလည်း မြောက်ပိုင်းရွှေဖီမိုးလွတ်ထက်ပင် အနံ့ကောင်း အသောက်ကောင်းသောလဘက်ခြောက်အ မျိုးအစားကို ထုတ်လုပ်နိုင်ပေသည်။ သို့သော် တောင်ပိုင်းကဲ့သို့ အမြောက်အမြားတွင်ကျယ် အောင် မပြုလုပ်နိုင်ကြရှာသေးပေ။ လဘက်ခြောက်သည် လူထုစီးပွားရေးကို မည်မျှအ ထောက်အပံ့ပေးနိုင်မှုရှိကြောင်း ရှမ်းပြည်မြောက်ပိုင်း၏လဘက်ခြောက်ကူးသန်းရောင်းဝယ် ရေး ဗဟိုဖြစ်သော ကျောက်မဲမြို့သို့ မိုးမကျမီလောက် အလည်အပတ်သွား ဗဟုသုတရှာမှီး လျှင် သိရှိကြပေလိမ့်မည်။ ဤမျှလဘက်ပင်ပေါ၍ လဘက်ရွက်ကောင်းများ ထွက်နေသော် လည်း နိုင်ငံခြားကို အမြောက်အမြား တင်ပို့နိုင်သော အချိုခြောက်ထုတ်လုပ်နိုင်ရေး၊ တရုပ် မျောက်တံဆိပ် လဘက်ခြောက်ကဲ့သို့ ပန်းရနံ့နှင့်လဘက်ခြောက်မျိုး မပေါ်ထွက်နိုင်သေး သည်မှာ ၀မ်းနည်းဘွယ်ရာပင် ဖြစ်ပေသည်။
အခြားကမ္ဗောဇမှ ကျွန်ုပ်တို့ မြှင့်တင်လုပ်ကိုင်ပေးနိုင်သော ထွက်ကုန်မှာ ဗာဂျီးနီး ယားဆေးရွက်လုပ်ငန်းပင် ဖြစ်ပေသည်။ ရှမ်းပြည်အရှေ့ပိုင်း လင်းခေးနယ်သည် ဆေးထွက် သောနယ်ဖြစ်၍ ယခုအချိန်တွင် ဆေးတံသောက်ဆေး စီးကရက်လိပ်ဆေးများ ထုတ်လုပ်နိုင် ရန် နိုင်ငံတော်အစိုးရအကူအညီနှင့်ဆေးပေါင်းရုံများ ရာနှင့်ချီ၍ မြောက်မြားစွာ ဆောက်လုပ် ပြီး လူထုမှာ အတော်အတန်စီးပွားရေး ဖြစ်ထွန်းနေလေပြီ။ သို့သော် ဆေးပေါင်းရာတွင် ထင်းများ အလွန်သုံးစွဲရလေသဖြင့် မိုင်းပန်နှင့်လင်းခေးအကြား ထင်းတောကြီးများမှာ ကုန် လုနီးပါးဖြစ်ကာ တစ်နေ့တွင် မိုးခေါင်ရေရှား ပြဿနာများ ပေါ်ပေါက်လာမည်ကို သက်ဆိုင် ရာပုဂ္ဂိုလ်များ အထူးသတိပြု၍ ဆေးပေါင်းရုံများကို ခေတ်မီအောင် ပြုပြင်ဘို့ လိုပေသည်။ အခြားဖြစ်နိုင်သည့်ဒေသများတွင် ဆေးတိုးချဲ့စိုက်ရန်လည်း စိုင်းပြင်းသင့်ပေပြီ။
ယခုဖော်ပြခဲ့သော ထွက်ကုန်များအပြင် ကျွန်းသစ်၊ အင်ကြင်း၊ အင် စသည်နှင့်သတ္တု များလည်း ကမ္ဗောဇဌာနီ ရှမ်းပြည်နယ်ကြီးက ထွက်ပေသည်။ ထိုကုန်များနှင့်ပတ်သက်၍ ကား ကျယ်လွန်းမည်စိုး၍ မဖော်ပြတော့ပါ။ ပြည်နယ်များသည် ပြည်ထောင်စုကြီး တည်မြဲ ရေးကို လိုလားသလို ပြည်မအစိုးရနှင့်လူထုကလည်း ပြည်နယ်သားများ လူနေမှုအဆင့်အ တန်း မြှင့်တင်ရေးကို လိုလားကြသည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေသည်။ မိမိတို့ထွက် ကုန်များကို အရေအတွက် အချိန်အတွယ်အားဖြင့် ပိုမိုထွက်လာအောင်၊ အမျိုးအစားပိုမို ကောင်းမွန်လာရန် ခေတ်မီနည်းများ၊ ခေတ်မီစက်ကိရိယာများနှင့်ပြုပြင်ဖန်တီးဘို့ရာ လိုလာ လေပြီ။ ထိုသို့စက်မှုနိုင်ငံဖြစ်အောင် ပြုပြင်လိုက်လျှင် မြေရိုင်းများ ပိုမိုအသုံးချနိုင်မည်။ လူ များကို အလုပ်ပိုမိုပေးနိုင်မည်။ ကုန်များကို နိုင်ငံခြားထွက်ကုန်များနှင့်ယှဉ်ပြိုင်ထုတ်လုပ်နိုင် မည်။ အထက်တန်းကျသော ကုန်ပစ္စည်းမျိုး ထုတ်လုပ်နိုင်လျှင် လူထုသည် အထက်တန်းကျ သော ပစ္စည်းမျိုး သုံးစွဲနိုင်ပေမည်။
ဥပမာအားဖြင့် ရှမ်းပြည်တွင် လိမ္မော်သီး၊ နာနတ်သီး၊ စထော်ဘယ်ရီသီးများ၊ သစ် တော်သီး၊ ပန်းသီးများ တိုးချဲ့စိုက်ပျိုး၍ စည်သွတ်လုပ်ငန်း စတင်နိုင်ရေး၊ စိုက်ပျိုးအောင်မြင် နေသော ထောပတ်သီး၊ သကြားသီးများ အစရှိသည်တို့ကို ငွေဝင်အောင် ပြုစုနိုင်ရေးစသည် များကို ဖြစ်ထွန်းရန် သိပ္ပံနည်းကျကျဖြင့် ပြုပြင်ပေးသင့်လေပြီ။ တရုပ်ပြည်သည် ယခုအခါ စက်မှုလက်မှု အလွန်ထွန်းကား၍ တရုပ်ပြည်မှ သစ်သီးဗူးများ၊ လဘက်ခြောက်များနှင့်အ ခြားဗူးများပင် ကျွန်ုပ်တို့ ၀ယ်ယူသုံးစွဲကြရလေသည်။ ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ၉၀ ရာခိုင်နှုန်းမျှ ရရှိပြီးအချိန်တွင် ရှမ်းပြည်နယ်အစိုးရသည် မိမိတို့ပြည်နယ်၏စီးပွားရေးစစ်ချက် နှင့်တကွ ထွက်ကုန်များစာရင်းပြုလုပ်သင့်လေသည်။ ပြည်မအစိုးရ မြေကျေးရှင်အဖွဲ့က ရှမ်း ပြည်နယ်တွင် မြေပဲတိုးချဲ့စိုက်ပျိုးနေသကဲ့သို့ ပြည်မအစိုးရနှင့်ပြည်နယ်အစိုးရ ပူးပေါင်းကာ ပြည်နယ်ထွက်ကုန်များ တိုးတက်ကောင်းမွန်ရေး၊ စက်မှုထွန်းကားရေးများအတွက် အစီအ စဉ်များ ပြုသင့်လေပြီ။
ရှမ်းပြည်နယ်နှင့်တရုပ်ပြည်မှာ ဒေသချင်းဆက်စပ်နေရကား အချို့ထွက်ကုန်များ တူနေလေရာ လေ့လာရေးအဖွဲ့များ တရုပ်ပြည်သို့စေလွှတ်လေ့လာ၍ ရှမ်းပြည်နယ်၏ထွက် ကုန်များ အခြေပြုကာ ပြည်နယ်စီးပွားရေးကို ချဲ့ထွင်ခြင်းအားဖြင့် လူနေမှုအဆင့်အတန်းမြှင့် တင်ချိန် တန်ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါသတည်း။
ဒေါ်ရီကြိန်
မှတ်ချက်။ ။မြ၀တီမဂ္ဂဇင်း၊ ၁၉၅၉-ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ(ရ)၊ အမှတ် (၁၂)၊ စာမျက်နှာ(၇၃ မှ ၇၆)တို့၌ လာရှိသောဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:
Post a Comment