တောင်ခိုးဝေေ၀ မြူခြေဆိုင်းဆိုင်း အုံ့မှိုင်းနေသော တောင်စွယ်တောင်တန်းများနှင့်တောရိပ်တောင်ရိပ် တို့၏လွမ်းစရာ ကောင်းလှအောင် ဖန်ဆင်းထားသော နေရာသည်ကား ပလောင်မြေ ဖြစ်ပါပေသည်။
ပလောင်သမီးပျို
ယင်းပလောင်မြေ၏မြို့တော်သည် နမ့်ဆန်မြို့ပင် ဖြစ်ပေသည်။ မြို့ပတ်ဝန်းကျင် မှ စေတီဖြူဖြူဖွေးဖွေး များကလည်း မှိုင်းပြာပြာ တောင်တန်းကြီးများကို နောက်ခံပြုလျက် ကွေ့ကောက်နေသော နမ့်ဆန်မြို့၏ ဗဟိုလမ်းမကြီးလည်း ကြည်နူးဖွယ် အတိဖြစ်၏။ ဤတောင်တန်းတောင်စွယ်တွင် မြန်မာတိုင်းရင်းသား ပလောင်တို့ အများအားဖြင့် နေထိုင်သော တောင်ပိုင်နယ် ဖြစ်သည်။ တောင်ပိုင်နယ်သည် ရှမ်းပြည်မြောက် ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့ပင် ဖြစ်ပေသည်။
နမ့်ဆန်မြို့သည် အလွန်မြင့်မားသော တောင်တန်းကြီးများပေါ်တွင် တည်ရှိ၍ အအေးဓာတ် လွန်ကဲလှ သည်။ ညိုတခါ ပြာတစ်လှည့်ဖြင့် လွမ်းဆွတ်ဖွယ်ရာ ၀ိုင်းရံနေသော တောင်အထပ်ထပ် အလီလီတို့က လည်း နွေ-မိုး-ဆောင်း ဥတုသုံးလီ ချမ်းစိမ့်စိမ့် အေးမြမြ ရှိနေပေသည်။
ပလောင်အဖွားအို
“ရွှေပလောင် လဖက်တောင်မှ ကြိုဆိုပါ၏”ဟူသော ဆိုင်းဘုတ်ကြီးကလည်း မြေပြန့်မှ လုပ်သားပြည်သူ များကို ဖတ် ခေါ်ကာ မားမားမတ်မတ် ရပ်တည်လျက် ရှိပါတော့သတည်း။
“ပလောင်အစ”
ပလောင်လူမျိုးတို့သည် ရှေးဦးအစ တကောင်းက ဟူသောပြူလူမျိုးများမှ ဆင်းသက်လာသည်။ ကာလ ကြာသောအခါ “ပြူ”မှ ပလူး၊ ၎င်းမှ ပလောင်ဟုဆိုပြန်ပေသည်။ သစ်ချတောင်ဦးတိလောကဆရာတော် ဘုရား ရေးသည့် သောဠသမြေပုံကျမ်းတွင် ယင်းအဆိုပြုချက်ကို တွေ့နိုင်ပေသည်။
တစ်ဖန် ဣသျှံမော်ကွန်းတွင် “ပလောင်”တောတိုး “ယော”လူမျိုးဟု ဆိုပြန်သည်။ သို့သော် နေနတ် သားမင်းသားနှင့် ရေနတ်နဂါးမင်းသမီးတို့ အကြောင်းဆုံကြပြီး ပလောင်လူမျိုး ပေါ်ပေါက်ခဲ့သည်ဟု ပလောင်ရာဇ၀င်အဆိုတွင် ရှိပေသည်။
အခြားပလောင်ရာဇ၀င်မှတ်တမ်းတစ်ခုတွင်မူ “ပလောင်”ဟုခေါ်သော ဝေါဟာရသည် တကောင်းခေတ် က ပေါ်ပေါက် ခဲ့သော ဝေါဟာရဖြစ်သည်။ တကောင်းခေတ်က သူပုန်များ ထကြွသောင်းကျန်းလေ ရာ ဘောင်းဘီဝတ် တောင်တန်းသားကြီး များက နန်းတော်တွင်းသို့ စုရုံးဝင်လာကြပြီး အရှင်မင်းမြတ်ကြီး တိုင်းပြည်ကား ဗလောင်းဗလဲ ဖောက်ပြန်နေသည်ဟု ရိုးသားစွာ လျှောက်ထားတော်မူခဲ့သည်။ တကောင်း မင်းကြီးသည် ရိုးသားစွာ လျှောက်ထားသော တောင်တန်းသားများ၏ဗလောင်းဗလဲ ဟူသော ပြော ဆိုသုံးနှုန်းပုံကို အထူးနှစ်သက်၍ အရေးရှိလျှင် အားကိုးရမည့်တောင်တန်းလူမျိုးတို့အား အမှတ်တရ ဖြစ်စေရန် ဗလောင်းဗလဲစကားလုံးကို အစွဲပြုပြီး “ဗလောင်”လူမျိုးခေါ်ရာမှ ကာလကြာသောအခါ “ပလောင်”လူမျိုးဟု ခေါ်တွင်ကြောင်း ပြောစမှတ်ပြုပြန်သည်။
“ရွှေယင်မျှော်သမိုင်း”နှင့် “ရှင်ဖြူရှင်လှသမိုင်း”တွင် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်တော်မူစဉ် ညောင် ရွှေနယ် အင်းလေးအလယ် စံနန်းတော်ကို ဆောက်လုပ်စံမြန်းနေတော်မူစဉ် ဖောင်တော်ကို မီးများ ကူးစက်လောင်ကျွမ်းသော ကြောင့် ဖောင်တော်စောင့်တို့ကို မင်းကြီးက ဖောင်လောင်ဟုမိန့်တော်မူ၍ “ဖောင်လောင်”လူမျိုးဟုခေါ်ရာမှ “ပေါင်လောင်” သို့ မဟုတ် ပလောင်ဟု ကာလကြာမြင့်စွာ ခေါ်ဆိုခဲ့ကြောင်း မှတ်သားရပြန်သည်။
ပလောင်လူမျိုးတို့၏ရာဇ၀င်သမိုင်းမှတ်တမ်းများကို အဆိုအလာ ကွဲလွဲချက် မြောက်များစွာ ရှိပေသည်။ တောင်ပိုင်နယ် တွင် ပလောင်များတို့သည် နဂါးမျိုး၊ ဂဠုန်မျိုးဟုရှိပြီး နေထိုင်သောအရပ်ဒေသများနှင့်တောင်များကို အစွဲပြုကာ အမျိုးမျိုးကွဲပြား လျက်ရှိနေသည်။
မည်သို့ပင် ဆိုပါစေ။ ပြောပါစေ။ မြန်မာ့တိုင်းရင်းသား ပလောင်လူမျိုးများသည် ပြည်ထောင်စုဖွား တိုင်းရင်းသားသွေး သားအရင်းအချာများသာ ဖြစ်ပေသည်။
ဆယ့်ငါးတိုက်နယ်
မြန်မာ့တိုင်းရင်းသား ပလောင်လူမျိုးများမှာ နေရပ်ဒေသ ကွဲပြားသည်နှင့်အညီ စကားပြောကြရာတွင်၎င်း၊ အ၀တ်အ စားများတွင်၎င်း၊ ကွဲပြားလျက်ရှိကြသည်။
(၁) ဇယန်းပလောင်
(၂) နမ့်ဆန်ပလောင်
(၃) တောင်မပလောင်
(၄) ကျောက်ဖြူပလောင်
(၅) တောင်မဲပလောင်
(၆) ဟူးမိမ်းပလောင်
(၇) ဟူခမ်းပလောင်
(၈) မိန်ကွမ်းပလောင်
(၉) ရှောလဲပလောင်
(၁၀) ပင်နင်းပလောင်
(၁၁) ကွယ်ဟယ်ပလောင်
(၁၂) ကွန်ဟောက်ပလောင်
(၁၃) မန်နောက်ပလောင်
(၁၄) စောပနာပလောင်
(၁၅) ကာဝမ်းကုတ်ပလောင်ဟူ၍ ကွဲပြားခြားနားလျက် ရှိသည်။
တောင်ပေါ်သားပလောင်တိုင်းရင်းသားတို့သည် မြေပြန့်သားကဲ့သို့ပင် ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ကျောင်းကန်ဘုရား တည်ထားကြသည်။ ရှင်ပြုမင်္ဂလာ၊ ထိမ်းမြားမင်္ဂလာများကိုလည်း ခုံမင်လေးစားကြပေသည်။ မြန်မာစကား မပြောတတ်သည်က လွဲ၍ မြန်မာတို့၏အလေ့အထနှင့်အားလုံးထပ်တူထပ်မျှ ကျင့်ကြံနိုင်ကြသည်။
၁၉၆၆-ခု၊ ပြည်ထောင်စုနေ့(ရန်ကုန်တက္ကသိုလ်)ပလောင်ကျောင်းသားများ
ဝတ်စားဆင်ယင်မှု
ပလောင်လူမျိုးတို့သည် မိမိတို့၏ရိုးရာယဉ်ကျေးမှု အ၀တ်အစားဖြင့် ရွှေ ငွေ ပစ္စည်းများ စုဆောင်းတတ်ကြသည်။ အ များအားဖြင့် ရွှေနားဆွဲ၊ ရွှေဆွဲကြိုး၊ ရွှေရင်ထိုး၊ ရွှေနားဋောင်း၊ ရွှေဘယက်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရိုးရာဘော်ငွေဦး ထုပ်၊ ခြေသလုံးပေါ်တွင် ပတ်ထားသော ဘော်ငွေကြိုးချောင်း၊ ခါးမှအရုပ်များ ပြုလုပ်ထားသော ဘော်ငွေကြိုးများ၊ ရွှေထည်ငွေ ထည်အမျိုးမျိုးတို့ဖြင့် ရိုးရာဆင်ယင်ဝတ်စားမှုများကို ပြုလုပ်ကြသည်။
တစ်ဖန် ပလောင်လူမျိုးတို့မှာ “နေမျိုးနွယ်”မှ ဆင်းသက်ပေါက်ဖွားလာသည်ဟူသော ယုံကြည်ချက်ဖြင့် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အထိမ်းအမှတ်ဖြင့် ပလောင်အမျိုးသမီးတို့၏ခေါင်းခြုံသောအ၀တ်တစ်မျိုးပင် တွေ့မြင်နိုင်ပေသည်။ ၎င်းခေါင်းခြုံ သောအ၀တ်နှင့်အခြားရိုးရာအထိမ်းအမှတ် အင်္ကျီအ၀တ်အစားများမှာ ပလောင်အမျိုးသမီးများက ငွေချည်၊ ရွှေချည်များ အရုပ် ပန်းပွင့်များကို တပ်ဆင်ကာ နဂါးအကြေးပုံသဏ္ဌာန်ကဲ့သို့ ပြုလုပ်၍ ၀တ်ကြသည်။
အချို့အမျိုးသမီးများမှာ နဂါးအကြေးကို အတုယူပြီး အကြေးရှိသောဒေါင်းရုပ်ပုံများ၊ လိပ်ပြာရုပ်ပုံများ၊ ငါးရုပ်ပုံများတို့ကို ဘော်ငွေဖြင့် ပြုလုပ်တပ်ဆင်ကြသည်။ အချို့အမျိုးသမီးတို့မှာ ၎င်းအရုပ်ပန်းပွင့်များတို့ကို ရွှေနှင့်လည်း ပြုလုပ်တတ်သည်။ ပလောင်အမျိုးသမီးတို့၏(ရွှေ ငွေ ပစ္စည်းများမပါ) ရိုးရာအ၀တ်တစ်စုံလျှင် ၅၀၀ိ ငါးကျော်မျှ တန်ဖိုးရှိလေသည်။
ပလောင်အမျိုးသားအားလုံးမှာ ရှမ်းအမျိုးသားများကဲ့သို့ ဆင်ယင်ဝတ်စား ပေါင်းထုပ်ကြသည်။ ဤပလောင်အမျိုးသား များတို့၏ဆင်ယင်ဝတ်စားမှုမှာ တောတောင်ရေမြေ ရာသီဥတုအနေအထားနှင့်ပတ်သက်သော တောတောင်ရေမြေဆက်စပ် နေသော ညီအစ်ကိုတိုင်းရင်းသား ရှမ်းအမျိုးသားများ၏ဆင်ယင်မှုနှင့်ကူးလူးဆက်ဆံလာသောအသွင်ကို ဆောင်လျက်ရှိသည် ဟုဆိုလျှင် မှားနိုင်မည်မထင်ပါ။
ဗေဒင်နှင့်လောကီပညာ
ပလောင်လူမျိုးတို့သည် လောကီပညာရပ်များကို သက်ဝင်ယုံကြည်သည်။ အများအားဖြင့် တောရွာတို့တွင် ဗေဒင်၊ အင်းအိုင်၊ လက်ဖွဲ့၊ ခလှည့်၊ ခဇောင်၊ ရက်ရာဇာ၊ လာဘ်နေ့၊ ပယောဂပညာ၊ မှော်ပညာ အစရှိသော လောကီပညာရပ်တို့ကို အ ထူးယုံကြည်ပြီး လေ့လာလိုက်စားသူ အများရှိသည်။
မြို့ကြီးရွာကြီးများ နီးကပ်နေသော အချို့ကျေးရွာများတွင်မူ ထိုသို့ယုံကြည်စွဲလန်းမှုများကို ဗုဒ္ဓ၏အတွေးအခေါ်ဖြင့်၎င်း၊ တိုးတက်သောသိပ္ပံပညာပြောင်းလဲမှုများဖြင့်၎င်း အစားထိုးခဲ့ကြလေပြီ။ မည်သို့ပင်ဖြစ်စေ ကျေးရွာတိုင်းတွင် ပလောင်လူမျိုးတို့ ၏ “တာကျောင်းဝမ်း”ခေါ် သာမှုနာမှုများအတွက် နေ့ရက်ရွေးပေးသော “ဗေဒင်ကိန်းခန်းအခါပေးဆရာကြီး”တစ်ယောက်စီ ထားရှိကြသည်။ ညတွင်းချင်း အသုဘကိစ္စ၊ ပြဿဒါး၊ ၀ါရမိတ္တရက်များနှင့်ကြံကြိုက်နေလျှင် ညတွင်းချင်းပင် အသုဘကို ပို့ ဆောင်သင်္ဂြိုဟ်ပစ်ရသည်။
တောရွာများတွင် ရွာသားများသင်္ချိုင်း၊ ဧည့်သည်များသင်္ချိုင်းဟု ခွဲခြားသတ်မှတ်ကာ ထားရှိသည်။ အချို့ရွာသားများ သည် ထိုရပ်ရွာတွင် မည်မျှပင် ကြာရှည်စွာ နေထိုင်ပါသော်လည်း ထိုရွာ၏ဇာတိသား မဟုတ်လျှင် ဧည့်သည်သချိုင်္ိင်းသို့မြှုပ်နှံ ရပေသည်။ ရွာတိုင်းရွာတိုင်း၌ အထူးသဖြင့် ရွာထိပ် ရွာလယ် ရွာအောက်၊ တောင်ထိပ် တောင်အောက်တို့ကို ရွာနတ်စင်များ ဆောက်လုပ်ကိုးကွယ်ကြသည်။ ၎င်းဆောက်လုပ်ကိုးကွယ်သော ရွာနတ်စင်များသည် မိမိတို့၏ရိုးရာအရဖြင့် ထိန်းသိမ်းကြကာ ပန်း၊ ဆီမီး၊ ဖယောင်းတိုင်တို့ကို ထွန်းညှိကာ သက်သတ်လွတ်ပူဇော်ကြသည်။
ယင်းနတ်ပူဇော်ပွဲတွင် တစ်နှစ်တစ်ကြိမ် သို့မဟုတ် အခါရာသီအလိုက် ရိုးရာနတ်၊ တော တောင် ရေ မြေ မြို့ရွာများကို စောင့်ရှောက်လျက်ရှိသည်ဆိုသောအရှင်နတ်မင်းများကို ပူဇော်ပသရန် ပန်းဆီမီး ဖယောင်းတိုင်များနှင့်ဝါးကို စိတ်ဖြာ၍ လက် သီးဆုပ်အရွယ် နှီးခွက်ကလေးများကို ယက်လုပ်ကြသည်။ ၎င်းခွက်ကလေးများအတွင်း၌ သဲထည့်၍ တံခွန်၊ ကုက္ကားများစိုက် ထူကာ နတ်ပူဇော်ပသကြသည်။ အချို့တို့က ၎င်းနှီးခွက်ကလေးများတို့တွင် သဲထည့်ပြီး သဲပုံစေတီ တစ်ရစ်စီ တစ်ရစ်စီပုံ၍ ပြု လုပ်ပူဇော်ကြသည်။
ရပ်ရွာပလောင်လူမျိုးတို့က တစ်နှစ်တစ်ကြိမ်၊ သို့မဟုတ် ရာသီအလိုက် နတ်များတို့ကို မပူဇော် မပသအားလျှင် ရွာ တိုင်းရွာတိုင်း ထားရှိကြသော “တာနတ်ထိန်း”(တာ=မြန်မာ(အဖိုး)၊ နတ်=၎င်းနတ်ထိန်း၊ မြန်မာ=နတ်များထိန်းသောအဖိုး)က တစ်ရွာလုံးအတွက် တာဝန်ယူ၍ ပူဇော်ပသပေးရသည်။ သံဃာတော်များကိုလည်း ပင့်ဖိတ်၍ နတ်များကိုယ်စား ပရိတ်တရား တော် နာယူကြသည်။ ထိုသို့ ယုံကြည်ကိုးကွယ်သည်နှင့်အညီ ရှေးပလောင်အမျိုးသမီးများ ရေချိုးလျှင် ပိုင်းခြား၍ ရေချိုးလေ့ရှိ သည်။ တစ်ကိုယ်လုံးသာ ရေချိုးမိပါလျှင် နဂါးဖြစ်သွားသည်ဟူသောယုံကြည်စွဲလမ်းမှုကြောင့် ဖြစ်သည်။
ရိုးရာပုံပြင်
ရှေးအခါက ဘောဂ၀တီနဂါးပြည်တွင် နဂါးမတစ်ဦး ရှိလေသည်။ တစ်နေ့သောအခါ နဂါးမသည် လူ့ပြည်ကို သွားလိုလှ သဖြင့် နဂါးမင်းကြီးမင်းကဲထံ ခွင့်ပန်ကာ လူ့ပြည်သို့ ဆင်းသက်ခဲ့လေသည်။ လူ့ပြည်ကို ဆင်းသက်ခဲ့ပြီးနောက် ဟိမ၀န္တာတောင် တစ်နေရာသို့ ရောက်သည့်အခါ လူယောင်ဖန်ဆင်းပြီး ဟိမ၀န္တာတစ်နေရာတွင် လှည့်လည်နေရာမှ လူသားလုလင်ပျိုတစ် ယောက်နှင့်တွေ့သည်။ တစ်ဦးနှင့်တစ်ဦး မြင်ဖန်များလာသောအခါ အချင်းချင်းတပ်မက်ကြသည်။ နဂါးမနှင့်လူသားတို့သည် အကြင်လင်မယားအဖြစ် ပေါင်းသင်းလျက် နေကြသည်။
နဂါးနှင့်လူသား ဇနီးမောင်နှံတို့တွင် နှစ်ရှည်ကြာသောအခါ သားသမီးထွန်းကားလာကြ၏။ လင်ဖြစ်သူ လူသားသည် လည်း မိမိ၏ဇနီးကို နဂါးမဟူ၍ လုံးဝမရိပ်စားမိ။ လူသားအမှတ်ဖြင့်သာလျှင် ဆက်ဆံပေါင်းသင်းမြဲ ပေါင်းသင်းလာခဲ့၏။ နဂါး တို့မှာ ဥပပတ္တိအနွယ်ဖြစ်၍ ကိုယ်ယောင်ဖျောက်နိုင် ဖန်ဆင်းနိုင်သော်လည်း အိပ်မောကျအောင်ကား မအိပ်ရ။ အိပ်မောကျလျှင် သို့မဟုတ် ၀တ်လစ်စလစ် ရေချိုးလျှင် နဂိုရ်ရုပ်သွင် ပြန်၍ပြောင်းလဲတတ်ပေသည်။ နဂါးမသည်လည်း သတိတစ်ချက် မလစ် စေရအောင် မိမိကိုယ်ကို အမြဲဂရုတစိုက်ဖြင့် နေထိုင်လာခဲ့၏။
တစ်နေ့သောအခါ နဂါးမသည် မိမိဇာတိရပ်မြေ နဂါးပြည်ကို လွမ်းဆွတ်အောက်မေ့လေရကား နဂါးပြည်သို့ ပြန်နိုင်ရန် အလို့ငှာ မိမိခင်ပွန်းဖြစ်သူအား ရေချိုးလိုကြောင်းကို ပြောကြား၏။ ခင်ပွန်းဖြစ်သူကလည်း ရေချိုးသည့်ကိစ္စမှာ အဆန်းမဟုတ် သဖြင့် ခွင့်ပြုလိုက်လေသည်။ နဂါးမက ခင်ပွန်းအား မိမိရေချိုးသည်ကို ခေတ္တစောင့်ကြည့်ပါရန် ပြန်၍ပန်ကြားလေသည်။
မိမိ၏ဇနီးသည် ယခုတစ်ကြိမ် ရေချိုးရန် ပန်ကြားသောအခါ ထူးဆန်းအံ့သြမိ၍ မိမိ၏ဇနီးကို လိုက်ကြည့်လိုက်မိလေ သည်။ နဂါးမသည် ဤတစ်ကြိမ် ရေချိုးရာ၌ ခါတိုင်းကဲ့သို့ မဟုတ်တော့ဘဲ မိမိအကြံအစည်ဖြင့် နဂါးအသွင် ပြန်၍ဖြစ်ပေါ်ရန် ရေချိုးလိုခြင်း ဖြစ်ရကား အ၀တ်အစားအားလုံး ဖယ်ရှားလေတော့သည်။ အ၀တ်အစားဗလာကျင်းလျက်ရှိသည့်နဂါးမကိုယ်ခန္ဓာပေါ်သို့ ရေတစ်စက်ထိမိသည်နှင့်တစ်ပြိုင်နက် လူသားအသွင် ပျောက်ခါ အမောက်ကြွားကြွားဖြင့် နဂါးအသွင်သည် ပေါ်ပေါက်၍ လာလေသည်။ ရေချိုးရာမှ ကျဆင်းထားသည့်ရေပူပေါင်းကလေးများ ရေစီးကြောင်း(ချောင်းကလေး)ကို စုန်ကာ နဂါးမအသွင်ဖြင့် တရွေ့ရွေ့မျောပါသွားလေသည်။ တဖြည်းဖြည်းနှင့် ပျောက်ကွယ်ကာ နဂါးမသည် မိမိ၏ခင်ပွန်းကို အဝေးမှ အမောက်ကို ထောင်၍ပြခြင်းဖြင့် နောက်ဆုံးနှုတ်ဆက်ခြင်းကို ပြု၍သွားလေသည်။
နဂါးမနှင့်ရသော သားသမီးများ ကြီးပြင်းလာသည့်အခါ အဖေဖြစ်သူအား အမေအကြောင်းကို မေးကြလေသည်။ အဖ ကလည်း ဟုတ်တိုင်းမှန်ရာ ပြောပြ၏။ အဖေ၏ပြောပြချက်အရတွင် နဂါးမျိုးဖြစ်ကြောင်း အမောက်ကို ထောင်ပြခဲ့ကြောင်း ရေ ချိုးရာမှ ဇာတ်ပေါ်လာကြောင်းကို သိရကာ မိန်းခလေးများက မိမိ၏မိခင် လွမ်းဆွတ်သတိရသည့်အထိမ်းအမှတ်အဖြစ် နဂါး အမောက်ပုံသဏ္ဌာန် ပုံလုပ်၍ ခေါင်းခြုံထည်များ ဆောင်းကြလေ၏။ အင်္ကျီတွင်လည်း နဂါး၏လည်ရစ်သဏ္ဌာန် အရစ်များကန့် လန့်ဖြတ်အစင်းများကို ထည့်၍ ချုပ်လုပ်ဝတ်ဆင်ကြလေ၏။ မိခင်ဖြစ်သူသည် ၀တ်လစ်စလစ် ရေချိုးသဖြင့် ကိုယ်ရောင်ပျောက် သွားကြောင်းကို သိရသည့်အတွက် ထိုသို့သိရှိသောအချိန်မှစ၍ သားသမီးများသည်လည်း ၀တ်လစ်စလစ် ရေမချိုးကြတော့ ပေ။
ရေချိုးပုံ
အထက်ပါ ရိုးရာပုံပြင်ကို အကြောင်းပြ၍ ပလောင်အနွယ်အ၀င်တို့မှာ နဂါးမှဆင်းသက်လာသော ယုံကြည်ချက်များအရ ရှေးအခါက ၀တ်လစ်စလစ် ရေချိုးလေ့မရှိပေ။ ရေချိုးသည့်အခါ လုံချည်ကို ချွတ်၍ အောက်ပိုင်းကို ပထမဦးဆုံး ချိုးသည်။ ပြီးမှ နောက်လုံချည် ပြန်ဝတ်၍ အင်္ကျီကို ချွတ်ကာ အပေါ်ပိုင်းကို ရေလောင်းချိုးသည်။ ရှေးအခါက ပလောင်အနွယ်ဝင်များ ရေချိုး သည့်အခါ တစ်ကိုယ်လုံး ၀တ်လစ်စလစ် မဖြစ်စေရန် ကိုယ်အထက်ပိုင်း အောက်ပိုင်း နှစ်ကြိမ် ရေချိုးကြသည်။
သက်ဝင်ကိုးကွယ်မှု
ပလောင်လူမျိုးများသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သည်။ ရွာနှင့်ကျောင်း မလိုက်အောင် ဘုန်းတော်ကြီးကျောင်း များမှာ ကြီးကျယ်ခမ်းနားလှပေသည်။ တိုင်များ ရွှေချပြီး မျက်နှာကျက်များကို မှန်ကွက်စီထားကြလေရာ ရောင်ပြန်တတ်ပြီး ဖိတ်ဖိတ်တောက်ပ၍ ခန့်ညားလေသည်။ ကျောင်းတော်ခန်းမကြီးများလည်း တံခွန်၊ ကုက္ကား၊ ထီး၊ ယပ်တို့ဖြင့် ဝေေ၀ဆာဆာ သိုက်မြိုက်လျက်ရှိသည်။ ဘုရားဆင်းတုတော်များမှာလည်း ကျောင်းဆောင်အပေါ်ဆင့်ခန်းမှာ ပြည့်လျှံပေါများလှသည်။ မှန် ကွက်စီလက်ရာမှာလည်း ရတနာပုံခေတ် လက်ရာများဖြင့် ပြုလုပ်သည်။
တစ်နှစ်တစ်ခါ သို့မဟုတ် နှစ်နှစ် သုံးနှစ်တစ်ခါ လူလေးဆယ် ငါးဆယ် စုပေါင်းကာ အမြို့မြို့ရှိ တန်ခိုးကြီးဘုရားများကို လှည့်လည်ဖူးမျှော်တတ်ကြသည်။ ဘုရားဖူးသွားလာရင်း ဘာသာရေးအဆောက်အဦးများနှင့်ကြေးဆင်းတုရုပ်ပွားတော်များ သွန်းလောင်းနေသောအခါ ကြုံကြိုက်သည်ဖြစ်စေ၊ ခေါင်းလောင်းတော်များ သွန်းလောင်းနေသောအခါ ကြုံကြိုက်သည်ဖြစ်စေ အမျိုးသား အမျိုးသမီးများက သူတို့ဝတ်ဆင်ထားသော အဖိုးတန်ရွှေ ငွေ လက်ဝတ်ရတနာများကို ချွတ်၍ ထည့်ဝင်လှူဒါန်း သွန်းလောင်းခြင်းဓလေ့ဖြင့် ပြုလုပ်တတ်စမြဲ ဖြစ်သည်။
နေရပ်ဌာနေကို ပြန်ရောက်သောအခါ မိဘဖြစ်စေ၊ လင်ယောက်ျားရှိသူများက လင်ယောက်ျားကိုဖြစ်စေ ထိုသို့လှူဒါန်း ကုသိုလ်ပြုလုပ်ခဲ့သည်ကို ပြောပြသောအခါ ၎င်းမိဘလင်ယောက်ျားတို့က အပြစ်တင်စကား မပြုဘဲ ၀မ်းမြောက်စွာ သာဓုသုံး ကြိမ်ခေါ်ပြီး ၀မ်းမြောက်ဝမ်းသာ အမှုကို ပြုကြပေသည်။
အမျိုးသား အမျိုးသမီးတို့သည် လမ်းခရီးတွင် ရဟန်းသံဃာတော်များကို ကြုံတွေ့လျှင် လမ်းဖယ်ပြီး ချက်ချင်းထိုင်ကာ ပြားပြားဝပ် ရှိခိုးလေ့ရှိကြသည်။ ရတနာသုံးပါး ယုံကြည်လေးစားသော ပလောင်တို့၏နေအိမ်အတွင်းသို့ ၀င်မိလျှင် အိမ်ဦးခန်း ညောင်ရေအိုးစင်တွင် သပ္ပါယ်စွာ စံပယ်တော်မူသော ဘုရားဆင်းတုရုပ်ပွားတော်အား ပန်းမာလ်စုံ ဝေဆာရံခလျက် နေသည်ကို ကြည်နူးစွာ ဖူးတွေ့ရပေမည်။ ညောင်ရေအိုးစင်ကို မည်သည့်အခါ ပန်းများ မညှိုးရလေအောင် မိမိတို့၏အယူဝါဒဓလေ့ထုံးစံများ ဖြစ်၍ ၀တ်ပြုကြရပေသည်။ ညောင်ရေအိုးပန်းများ ညှိုးလျှင် မြင်တွေ့ရသော ပတ်ဝန်းကျင်တို့မှာလည်း အိမ်ရှင်မကို ကဲ့ရဲ့သော ဓလေ့ရှိသည်။ မည်မျှလောက်ပင် ဆင်းရဲနွမ်းပါးသောအိမ် ဖြစ်စေကာမူ နေအိမ်များ အနည်းဆုံး ရုပ်ပွားတော်ကားချပ်များနှင့် မညှိုးသောပန်း ထာဝစဉ်လန်းဆန်းစေပြီး မြင်ရသူ ဟဒယရွှင်မြူး၍ ကြည်နူးစေတော့သည်။
ကမ္ဗလာ
အိမ်တိုင်း အိမ်တိုင်းတွင် အဖိုး(တာ)အဖွား(ယာ)၊ တွန်း(အဖေ)၊ မာ(အမေ)တို့အတွက် အိမ်ဦးခန်းနှင့်အိမ်အလယ်ရှိ မီးဖိုဘေးတွင်ဖြစ်စေ၊ ဆင်းရဲချမ်းသာသည့်အလျောက် ဂုံနီအိတ်အစ ပိုး၊ ဖဲ၊ ကတ္တီပါအထိ “ကမ္ဗလာ”(မြန်မာဝေါဟာရ “နေရာ ထိုင်ခင်း”)ဖုံချုပ်လုပ်ထားသော ထုံးစံရှိပေသည်။ ၎င်းထိုင်ခင်းဖုံမှာ အလျားလေးတောင် အနံနှစ်တောင်တစ်မိုက်ခန့် ချုပ်လေ့ရှိ သည်။ ထိုအခင်းပေါ်တွင် သရက်ထည်ကအစ ပိုး၊ ဖဲ၊ ကတ္တီပါ၊ ခေါင်းအုံးအချို့မှီအုံးကြီးများကို တွေ့မြင်ရပေမည်။
ထိုကမ္ဗလာခေါ် နေရထိုင်ပေါ်သို့ ဘုန်းကြီးသံဃာတော်များကလွဲ၍ အခြားစိမ်းဧည့်သည်များနှင့်အိမ်သူအိမ်သားက လေးသူငယ်များ တက်ခွင့်၊ ထိုင်ခွင့်၊ အိပ်ခွင့်၊ ကျော်နင်းသွားလာခွင့် မပြုလုပ်ကြချေ။ ဖိုးဖိုး ဖွားဖွား မိဘများ ခရီးသွားလာခိုက် ၎င်းကမ္ဗလာကို လိပ်၍သော်၎င်း၊ ခေါက်၍သော်၎င်း၊ မူလနေရာတွင် သပ်ယပ်စွာ ထား၍ ကြိုးဖြင့်စည်းထားပြီး ပန်းအိုးတစ်လုံး တင်ထားကြရသောထုံးစံ ရှိလေသည်။
ကူညီရိုင်းပင်းမှု
အထူးသဖြင့် ပလောင်တိုင်းရင်းသားတို့သည် တစ်ရွာတစ်ကျေးမှဒုက္ခသည်များ အစုလိုက်သော်၎င်း၊ တစ်ဦးချင်းသော် ၎င်း၊ မိမိတို့ရွာကို ရောက်ရှိလာလျှင် မနေစေချင်၍ ပြန်လွှတ်သည့်အလေ့ မရှိ။ ၎င်းဒုက္ခသည်များတို့ကို နေရာထိုင်ခင်း ပေးကာ စားသောက်ရန် ရိက္ခာပါ စုပေါင်းပြီး ကူညီကြပေသည်။ ဒုက္ခသည်များသည် အကယ်၍ မိမိတို့၏ရွာသားအဖြစ် တောင်းဆိုပါက သက်ဆိုင်ရာ ရပ်ရွာအကြီးအကဲများက မျိုးရိုးစဉ် နောက်ဆက်တွဲအဖြစ် လက်ခံထားရှိပြီး အိမ်ဆောက်ရန် မြေနေရာ၊ သစ်ဝါး၊ သက်ကယ်ကပ်၊ နှီးစသော ဆောက်လုပ်ရေးပစ္စည်းများကို တစ်အိမ်လျှင် သစ်သားတစ်ချောင်း၊ ၀ါးတစ်လုံး၊ သက်ကယ်တစ်ကပ် ကျနှင့်စုပေါင်းပြီး ဒုက္ခသည်များအတွက် အိမ်ဆောက်ပေးကြသည်။ ဒုက္ခသည်တို့အား မိမိတို့ လုပ်နိုင်သောအလုပ်များကို လဖက်ခူး၊ လဖက်ခြံပေါက်အပင်ပေါက် စသော ၀မ်းစာရေးလုပ်ငန်းအတွက် အလုပ်ပေးလေ့ရှိကြပေသည်။
တစ်ရွာတစ်ကျေးမှ မည်သည့်ဧည့်သည်များပင် ဖြစ်စေကာမူ မိမိတို့၏နေအိမ်သို့ လာရောက်တည်းခိုလျှင် ၎င်းဧည့် သည်ကို သင် ဘယ်တော့ ပြန်မလဲဆိုသည်ကို မေးလေ့ထုံးစံ မရှိ။ မေးလျှင် အလွန်ရိုင်းရာကျသည်ဟုယူဆတတ်ကြခြင်းဖြစ် ပေသည်။
ရိုသေမှု
တစ်ဦးတစ်ယောက် ပစ္စည်းတစ်ခုခု ပေးသောအခါ ဘယ်လက်ဝါးပေါ်ကို ညာဘက်လက်ဝါးဖြန့်တင်ကာ အရိုအသေပြု ယူကြပါပေသည်။ ပြန်ပေးသောအခါမှာ ၎င်းအထက်နည်းအတိုင်း အရိုအသေပြုကာ ပေးကြသောဓလေ့ ရှိပေသည်။ ရပ်ရွာရေး ဘာသာရေးကိစ္စအတွက် ကျောင်းကန်ဘုရား အဆောက်အဦးများ ဆောက်လုပ်ပါက ကျောင်းပစ္စည်း အမာခံဖြစ်သောသစ်တိုင် လုံးကြီးများနှင့်အခြားအထည်ကြီးများကို ခုတ်လှဲရာအရပ်မှ ဆောက်လုပ်မည့်နေရာအထိ အိုးစည်ဗုံမောင်းများနှင့်ဖျော်ဖြေကြ ၍ စုပေါင်းသယ်ယူပို့ဆောင်ခြင်းအလေ့ ရှိကြသည်။
စီးပွားရေး
ပလောင်တိုင်းရင်းသားတို့၏အဓိကစီးပွားရေးလုပ်ငန်းတွင်လည်း ၀ိုင်းဝန်း၍ စုပေါင်းလုပ်ကိုင်ကြပေသည်။ ယနေ့ဦးဖြူ က လဖက်ခြံခုတ်ရှင်းစရာရှိလျှင် အိမ်နီးချင်းကစ တစ်ရွာလုံးအဆုံး မိမိတို့၏ထမင်းထုပ်နှင့်ဦးဖြူထံ သွားရောက်လုပ်ကိုင်အားပေး ပြီး ဦးဖြူက တတ်နိုင်သလို ၀က်သားဟင်းအစ ဟင်းရွက်ပြုတ်အဆုံး ချက်ပြုတ်ပေးရသည်။ ဦးဖြူလုပ်ငန်းများပြီးလျှင် ဦးဖြူက ဦးမဲအိမ်သို့ လုပ်အားသွားရောက်ပေးရပြန်ပေသည်။ ထိုကဲ့သို့ တစ်ရပ်ကွက်ကအစ တစ်ရွာလုံးအဆုံး အလုပ်အတွက် လုပ်အား ချေး၍ လုပ်အားများနှင့်ပြန်လည်ဆပ်ကြပေသည်။ မည်သည့်အလုပ်မဆို စုပေါင်းပြီး တည်ထောင်၊ စုပေါင်းဆောင်ရွက်သည့်အ လေ့မှာ ပလောင်တို့၏ဘိုးဘွားဘီဘင်လက်ထက်က အလေ့တစ်ရပ်ဖြစ်ပေသည်။ ၎င်းပလောင်တိုင်းရင်းသားလူမျိုးများ၏တစ် ကယ်ရိုးသားသောသဘာဝနှင့်လူမျိုးပင်ကိုယ်မျိုးရိုး ဆင်းသက်လာကြသောလူမျိုးသည် မည်သည့်အလုပ်မဆို စုပေါင်းပြီးတည် ထောင်၍ စုပေါင်းဆောင်ရွက်သော ရိုးရာဓလေ့ယဉ်ကျေးမှု မှတ်ကျောက်တင်လက္ခဏာတစ်ရပ် ဖြစ်ပါပေမည်။
ပလောင်စာပေ
၁၉၁၂-ခုနှစ်တွင် ပလောင်စာပေကို ပထမဦးဆုံး တည်ထွင်သူမှာ အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်သည်။ ရောမအက္ခ ရာဖြင့် ပလောင်စာပေကို စမ်းသပ်တီထွင်ခြင်းပင်။ သို့သော် ၎င်းစာပေသည် ရေးသားရာ၌ မလွယ်ရုံမက ပလောင်လူမျိုးတို့၏ အသံထွက်မှာလည်း မူရင်းဖက်သို့ မရောက်သဖြင့် ထိုအမျိုးသမီးကြီး၏စမ်းသပ်တီထွင်ချက်မှာ မအောင်မြင်ခဲ့ပေ။
လက်ရှိမြန်မာတိုင်းရင်းသား ပလောင်စာပေကို တီထွင်ပြုစုသူမှာ ဦးပေါ်စံဆိုသူ ဖြစ်လေသည်။ ၎င်းဦးပေါ်စံက မြန်မာ အက္ခရာ(၃၃)လုံးမှ မှီငြမ်းကာ ပြုစုထားသည်။ ဦးပေါ်စံသည် ၁၉၅၅-ခုအတွင်း ပလောင်အမျိုးသားစာပေကို ပြန်လည်တီထွင် လာရာ ပလောင်သံမူရင်းအသံထွက်နှင့်ကိုက်ညီသဖြင့် ၁၉၅၆-ခုတွင် ပလောင်အမျိုးသားစာပေယဉ်ကျေးမှုကို အကောင်အ ထည်ဖေါ်နိုင်ပေတော့သည်။
လူပျိုလှည့်နည်း
တောင်တန်းတွင် နေကြသော ပလောင်လူငယ်ကာလသားတို့သည် လူပျိုလှည့်ရသောညမှာ အဖိတ်ညဖြစ်သည်။ လူ ပျိုလှည့်၍ မိမိချစ်သူနှင့်ချစ်တင်းစကားတွေ ပြော၍ သီတာရေယာဉ်ကြောမှာ မျောကာ အိပ်ရေးပျက်ခဲ့သော် နောက်နေ့မှာ ဥပုသ်နေ့ မဟုတ်ပါသော်လည်း အလုပ်အားလပ်သောနေ့ရှိပါက လူပျိုလှည့်ပတ်ရပေသည်။
ပလောင်လူငယ်ကာလသားတို့သည် လူပျိုလှည့်ရန် တစ်နေရာနှင့်တစ်နေရာ မတူကြပေ။ လူပျိုလှည့်ရသောနည်းလမ်း မှာ-
၁။ အိမ်ပေါ်တက်၍ လူပျိုလှည့်ရသောနည်း။
၂။ အပေါက်က လက်နှိုက်၍ လူပျိုလှည့်နည်း စသည်ဖြင့် နေရာအလိုက် ကွဲပြားလှသည်။
အိမ်ပေါ်တက်၍ လူပျိုလှည့်နည်းမှာ နမ့်ဆန်မြို့ ပလောင်တို့ဖြစ်ပေသည်။ အပေါက်နှိုက်၍ လူပျိုလှည့်နည်းမှာ တောက်မတိုက်နယ်ပလောင် ဖြစ်ပေသည်။ စောစောအိပ်တတ်ကြလေသောပလောင်တို့သည် ည ၇ နာရီရှိ ၈ နာရီအချိန်တွင် လူပျိုလှည့်လာသောလူငယ်ကာလသားတို့၏တေးသံသာကို ကြားရပေသည်။ လူပျိုလှည့်လာသော ကာလသားအချို့တို့မှာ မယ်ဒလင်သော်၎င်း၊ တယောသော်၎င်း၊ ဘင်ဂျိုသော်၎င်း၊ ဘာဂျာသော်၎င်း သီချင်းတအေးအေးနှင့် သီဆိုကြ၍ အပျိုကလည်း သူ၏အိပ်ခန်းအတွင်း၌ နားထောင်ရင်း အိပ်ချင်ဟန်ဆောင်နေရသည်။
ထိုအချိန်တွင် အိမ်ထဲ၌ မီးများ မထွန်းထားပေ။ အသံကြားသောအခါ လူငယ်ကာလသားတို့က “အေးယာ အေးယာ ၀ီဝ်ရယ်” အဖွားရေ...တံခါးဖွင့်ပေးပါအုံးဟူသော ပလောင်သံဖြင့် အဖွားကြီးကို တံခါးဖွင့်ခိုင်းလေသည်။ အဖွားကြီးက တံခါးကို ဖွင့်ပေးပြီးနောက် အိပ်ယာသို့ အလိုက်သိစွာဖြင့် ၀င်အိပ်နေသည်။ ထိုလူပျိုက အဖေါ်လူငယ်ကာလသားများ ပါလာလျှင် ၎င်း အဖေါ်များသည် မီးဖိုဘေးတွင် ထိုင်၍စောင့်နေရသည်။ ထိုအပျိုက အိပ်ခန်းသို့ ၀င်ရောက်၍ နှိုးရပြန်သည်။ အပျိုသည် အိပ် ပျော်သည်ဖြစ်စေ၊ ထိုလူပျိုက အပျိုကို နှိုးရသည်မှာ ပလောင်လူမျိုးတို့၏ရိုးရာယဉ်ကျေးမှုထုံးစံတစ်ရပ်ပင်တည်း။
အပျို နှိုးလာပြီးနောက် အိမ်အလယ် မီးဖိုတွင် ထိုင်၍ ထင်းများမရှိက အပျိုက ထင်းများကို ယူကာ မီးတောက်အောင် ပြုလုပ်ပေးရသည်။ နောက်တစ်ဖန် ရေနွေးကြမ်းအိုးကို တည်၍ အဖော်ပါလာသောလူငယ်ကာလသားတို့က လဖက်ကို လှော် ရသည်။ ရေနွေးအိုးများ ဆူပြီးနောက် လှော်ထားသောလဖက်ခြောက်ကို ထည့်ကာ ကိုလူပျိုနှင့်အပျိုကို ရေနွေးကြမ်းပန်းကန် လုံးနှင့်လှမ်းပေးလေသည်။
ရေနွေးများ သောက်ကြပြီး အချို့အဖေါ်ပါလာသောလူငယ်ကာလသားတို့မှာ အိမ်သို့ ပြန်ကြသည်။ တစ်ချို့မှာ ကိုလူ ပျို၏နောက်တွင် အိပ်ချင်ဟန်ဆောင်ရပေသည်။ ပလောင်ကိုလူပျိုနှင့်အပျိုတို့မှာ တစ်ဦးနှင့်တစ်ဦး အသားချင်းထိ၍ ယှဉ်တွဲ ထိုင်ရိုးထုံးစံ မရှိပေ။ တစ်ဦးနှင့်တစ်ဦး တစ်ပေခန့်ခွာ၍ မီးဖိုဘေးနားတွင် ချစ်မေတ္တာ မြူး၍ ချစ်တင်းစကား ပြောရသည်။ ချစ် တင်းစကား ပြောဆိုပါသော်လည်း ချစ်ပါတယ်-ကြိုက်ပါတယ်-မြတ်နိုးပါတယ်ဆိုသော စကားကို မပြောကြဘဲ စကားအခြေအချ များနှင့် သွယ်ကာ ၀ိုက်ကာ စကားလိပ် စကားထာတို့ကို ဖွဲ့နွဲ့ကာ ပြောဆိုကြပေသည်။
ဤသို့စကားအခြေအချ အချီအတက် စကားလိပ် စကားထာတို့ကို ဖွဲ့နွဲ့ပြောဆိုပြီး အပေါက်ဝမှ လူပျိုလှည့်ရသောနည်း မှာ တောင်မတိုက်နယ် အပျိုလူပျိုတို့ဖြစ်ပေသည်။ ၎င်းကား မိဘအုပ်ထိန်းသူသည် မိမိတို့၏သမီးအသက်အရွယ်အားဖြင့် ၁၅ နှစ် ၁၆ နှစ် ရောက်၍ မိန်းခလေး၏အိပ်ခန်းနံရံဘေးကို လက်ဝင်ရုံအပေါက်နှင့်လှေခါးငယ်တစ်ခုကို ပြုလုပ်ပေးရသောထုံးစံရှိ ပေသည်။ လူပျိုလှည့်လာသော လူငယ်ကာလသားတို့မှာ အလိုက်သိစွာဖြင့် လှေခါးကို ယူ၍ထောင်ကာ အပေါက်ဝမှ လက်ချင်း ဆက်ကာ ချစ်တင်းစကား ပြောဆိုပေသည်။ အပျိုက သူ၏ချစ်သူမှန်းသိလျှင် ယုယကြသည်။ ပျော်မြူးကြသည်။ ချစ်မေတ္တာ ရွှင်မြူးကာ တစ်ခါတစ်ခါ မိုးပင်လင်းသည်အထိ ချစ်တင်းစကား ပြောသံကြားနေဆဲပင်တည်း။
ပလောင်လူငယ်ကာလသားတို့မှာ အခြားရွာများမှ အပျိုအိမ်သို့ လှည့်ပတ်လိုပါက ရွာခံလူပျိုများတို့က လိုက်ပို့ကြပေ သည်။ ရွာခံလူငယ်ကာလသားတို့သည် အခြားရွာသားများကို ပိုမို၍ဦးစားပေးကာ ရှောင်ပေးသည်ကို တွေ့မြင်ရပေသည်။ ရွာခံ ကာလသားများက ဦးစားပေးကာ ရှောင်ဖယ်ပေးပါလျက်နှင့် မဖွယ်မရာ ရိုင်းစိုင်းသောအမူအကျင့်များကို ပြုမှားမိပါလျှင် ရွာခံ လူငယ်ကာလသားတို့က ၀ိုင်းဝန်းဖမ်းကြပြီး နောက်နောင်ကို ၎င်းအမူအကျင့်များ မပြုလုပ်ကြရန် ဆုံးမစကား ပြောကြားကြပေ သည်။ ကွဲပြဲကျိုးပဲ့သေသွားလောက်အောင် ရိုက်နှက်ရိုးထုံးစံ မရှိပေ။ ဆုံးမ၍ မရသူကို ရွာမှ မောင်းခတ်၍ နှင်ထုတ်ကြသော ထုံးစံရှိသည်။ လူငယ်ကာလသားဘ၀ ရည်းစားလုမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုများ မရှိချေ။ လူပျိုလှည့်ကာ အပျိုများတို့က ပျော်ရွှင်နေ ကြသည်ဟု တွေ့မြင်နိုင်ပေသည်။
ထိမ်းမြားလက်ထပ်ခြင်း
ပလောင်တိုင်းရင်းသားတို့သည် မင်္ဂလာအခမ်းအနားရှိပါက အမျိုးသားနှင့်အမျိုးသမီးအိမ်တို့ကို ပြုလုပ်ပေးရသည်။ အမျိုးသားဘက်က ဖိတ်ထားသောဧည့်ပရိသတ်များနှင့်အမျိုးသမီးဘက်က ဖိတ်ထားသော ဧည့်ပရိသတ်တို့ကို စုံစုံညီညီရှိပြီး နောက် မြို့ကြီးများကဲ့သို့ ဧည့်ပရိသတ်တို့ကို ဧည့်ခံကျွေးမွေးကြသည်။ အချို့အိမ်ကား လဖက်ရည်အချိုနှင့်ဧည့်ခံ၍ အချို့အိမ် မှာ ထမင်းများနှင့်ဧည့်ခံ၍ ဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးပြီးနောက် မင်္ဂလာအခမ်းအနားသို့ အမျိုးသားနှင့်အမျိုးသမီးတို့ ဖိတ်ထားသော ဧည့်ပရိသတ်တို့ အမျိုးသမီးအိမ်ဘက်သို့ သွားရောက်ကြသည်။
အမျိုးသားဘက် ဖိတ်ခေါ်သော “တာကျယ်(တ်)”ဆိုသောလူကြီးတစ်ယောက်သည် အမျိုးသမီးအိမ်သို့ ရောက်သည် နှင့် ယွန်းကလပ်ပေါ်တွင် ပန်းနှင့် “ကယူ(၀်)”ကိုတင်ကာ အမျိုးသမီးဘက်က ဆွေမျိုးများကို ဦးသုံးကြိမ်ချ၍ မင်္ဂလာအခမ်းအ နားကို စကြမည်ဟုတောင်းပန်ပြီးနောက် ပလောင်လင်္ကာဖြင့် “တာကျယ်”က ရွတ်ဆိုတော့သည်။
ကျွန်တော်များသည် ကံသုံးပါးကို မပြစ်မှားမိစေရန်အတွက် လူကြီးမိဘထံတွင် ရိုသေစွာ ကန်တော့ဝပ်လျှိုးအပ်ပါသည်။
ယခုမင်္ဂလာအခမ်းအနားသို့ ကြွရောက်လာကြသော မိဘဆွေမျိုးများနှင့် ၇ ရက်သား ၇ ရက်သမီး အဖိုးအဖွားအဓိပတိ
လူကြီးများထံသို့ ရှေးရှု၍ အခြားသောအပြစ်အမှားအယွင်း မရှိအောင် စီစဉ်ထားခဲ့ပါသည်။ လူကြီးမင်းတို့ ပြောမည့်ယခု
စကားကို သတို့သားနှင့်သတို့သမီးများ နာခံဖို့ အဆင်သင့်ဖြစ်ပြီးကြောင်း ၀န်ခံပါသည်။
အမျိုးသမီးအိမ်ဘက် လူကြီးတစ်ယောက်က ပြန်လည်၍ ပလောင်ဘာသာလင်္ကာဖြင့် မင်္ဂလာပေးပြန်သည်။
အေး...ကောင်းပြီ၊ ယခုလို အချိန်အခါသမယမှာ အဖိုးအဖွား ဆွေမျိုးများတို့ ရှေ့မှောက်မှာ ဦးသုံးကြိမ်ညွှတ်ကာတောင်း
ပန်ကြသောမင်းတို့ရဲ့သတို့သားနှင့်သတို့သမီးအား သွားလေရာအရပ်လေးမျက်နှာနှင့်ကိုယ်စိတ်နှစ်ပါးဘေးအန္တရာယ်
ကင်းပြီး လိမ္မာတတ်သိသော သူကိုမှသာ ရှေ့တန်းတင်၍ ပြောရသည့်မိမိတို့အလိုရှိသော အကြောင်းအရာများနှင့်ပြော
ဆိုရန်အတွက် အခွင့်ပေးပါသည်။
မိဘဆွေမျိုးနှင့်သမာဓိလူကြီးများတို့က အပြန်အလှန် လင်္ကာဖတ်တမ်းမင်္ဂလာစကားကို ပြောဆိုကြသည်။ ထိုသို့မင်္ဂ လာလင်္ကာပြောဆိုချိန်၌ ဘေးပတ်ဝန်းကျင်တို့က အမင်္ဂလာစကား ပြောကြရန် အထူးရှောင်ကြဉ်ရပေမည်။ လူကြီးမိဘများနှင့် မင်္ဂလာအကျိုးဆောင် လူကြီးတို့က ၎င်းဇနီးမောင်နှံတို့အား မိမိတို့ ယခုအိမ်ထောင်ကြပြီဖြစ်၍ မိဘဆရာသမားတို့ကို ရိုသေ ကိုင်းရှိုင်းဖို့ တစ်ဦးနှင့်တစ်ဦး သစ္စာမဖောက်ကြဘဲ သေတပန် သက်တစ်ဆုံး ပေါင်းကြ၍ အမျိုးအနွယ်ကို စောင့်ရှောက်နိုင်ပါစေ၊ လောကအလယ်မှာ သွားလာနေထိုင်နိုင်အောင် ပစ္စည်းရှာဖွေစုဆောင်းဖို့ ပြောဆိုဆုံးမသြ၀ါဒစကားပြောကြပေသည်။
သတို့သားနှင့်သတို့သမီးတို့မှာ လူကြီးမိဘတို့၏ဆုံးမသြ၀ါဒကို ခံယူပြီးနောက် လက်အုပ်ချီကန်တော့ကြလေသည်။ ဧည့်ပရိသတ်ကိုလည်း မင်္ဂလာဆုကို ပေးခြင်းပြုပေသည်။ မင်္ဂလာအခမ်းအနားတွင် ပလောင်တို့၏ရိုးရာအရ သတို့သမီးက မိမိ ၏မိခင်နို့ဖိုးငွေ အနည်းဆုံး ၂ိ-၅၀ါးကို ကန်တော့ပေးရသည်။ အမျိုးသမီးက မိမိ၏မင်္ဂလာဆောင်အတွက် ထမင်းဟင်းများချက် သော လူကြီးမိဘများတို့ကို ကန်တော့ကြေးအဖြစ် ၅ိ ၁၀ိ ၁၅ိ အထိပေးရသော ထုံးစံရှိပေသေးသည်။ နှီးနှင့်ရက်လုပ်ထားသော ရာဇမတ်တစ်ခုအပြင် ငှက်ပျောပင်ဝယ် ကြံပင် ကွမ်ခတ်ခေါ်ထမင်းစေ့ကြမ်းပင် အကိုင်းတစ်ကိုင်း၊ “လငွီး”ခေါ် သတို့သမီးခေါင်း ခြုံထည်တစ်ထည်။ သတို့သားခေါင်းပေါင်း တစ်ထည် ကန်တော့ပွဲတွင် ထည့်ရလေသည်။
တစ်ဖန် အမျိုးသမီးဘက်က အဖေအမေများတို့က မိမိတို့၏သမီးအတွက် အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ ယာ၊ ခေါင်းအုံး စသည်တို့ဖြင့် နှီးနှင့်ယက်လုပ်ထားသော တောင်းတစ်ခုကို ထည့်ပေးရပေသည်။ ကန်တော့ပွဲတွင် ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်၊ ထွန်ခပ်ထမင်းစေ့ကြမ်းပင်အကိုင်းတစ်ကိုင်း၊ သတို့သမီးခြုံတစ်ထည်၊ သတို့သားခေါင်းပေါင်းနှင့်အမျိုးသ မီးအတွက် ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ယာ၊ ခေါင်းအုံး ပေးရသောဓလေ့ထုံးသည်ကား....
ဓလေ့ဟောင်း
ရှေးသရောအခါက ပလောင်လုလင်ပျိုတစ်ဦးနှင့်ပလောင်လုံမပျိုတစ်ဦးတို့မှာ မေတ္တာမျှ၍ လုလင်ပျိုက ခိုးယူသောည တွင် သူမ၏အိမ်ဝင်းထရံ ရာဇမတ်ကို ဖျက်ဆီးဝင်ပြီး ကြံပင် ငှက်ပျောပင်များကို တိုးဝှေ့ဖြတ်ကျော်ကာ ခိုးယူသွားရာ ၀င်းထရံ ကြံပင် ငှက်ပျောပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ချစ်သူနှစ်ယောက်သည် အလွန်မောပန်း၍ ခရီးတစ်ထောက်နားပြီး ထရာမှ အမျိုးသမီးက မိမိညက ထည့်ထားသော တောင်းတစ်ခုမှ ပစ္စည်းကို သတိရမိပြန်၏။ တစ်ဖန် လုလင်၏ခေါင်းပေါင်းနှင့်သူမခြုံ ထည်တို့ ကျကျန်ရစ်ခဲ့သည်။ နံနက်လင်းလျှင် သူမ၏မိဘများက အိမ်အတွင်းကြည့်မိရာ နှီးနှင့်ယက်ထားသော တောင်းတစ်ခု ကို တွေ့မြင်ရလေသည်။ တောင်းကိုယူကြည့်မိရာ အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ယာခင်း၊ ခေါင်းအုံး စသည်တို့ကို တွေ့မြင်ပေသည်။ ပျက်စီးနေသော ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များနှင့်ခေါင်းပေါင်းနှင့်ခြုံထည်ပုဝါကိုပါ တွေ့ရှိပြန်လေသည်။ ထိုအခါ လူကြီးစုံရာကို သက်သေသာဓကအဖြစ် တင်ပြပြီးနောက် လက်ထပ်ပေးခဲ့သော ရှေးအစဉ်အလာ ဓလေ့ထုံးစံရှိခဲ့သည့် အတိုင်း ယခုခေတ်မင်္ဂလာပွဲတွင် အလားတူ ပစ္စည်းများ ထည့်သွင်းပေးသည့်အစဉ်အလာ ရှိနေပေသည်။
နေမျိုးနွယ်
မှတ်ချက်။ ။၁၉၇၁-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် အတွဲ(၃) အမှတ်(၄)၊ ဖြူနီညိုပြာမဂ္ဂဇင်း စာမျက်နှာ(၅၇ မှ ၇၅ ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:
Post a Comment