Popular Posts
Wednesday, October 2, 2013
နှင်းရေ မျက်ရည် ထွေထွေနှောလို့ - (စောမုံညင်း)
  ကျွန်မတို့လေယာဉ် လားရှိုးကွင်းကို ဆိုက်တော့ တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာကမ္ဗောဇခင်လှိုင် ဦးစီးတဲ့စာပေမြတ်နိုး သူအဖွဲ့သားတွေ လာကြိုနေကြတာကို တွေ့ရပါတယ်။ ရာသီဥတုကပါ သာယာပြီး ဧည့်ဝတ်ကျေနေကြတာမို့ ပျော်စရာချည်းပါဘဲ။ ကျွန်မမှာ ကိုယ့်ရှမ်းပြည်နှင့်ကင်းကွာနေတာ အတော်ကြာ ရာက ခုလို စာပေဧည့်သည်အဖြစ်နှင့် သွားရမယ်ဆိုတော့ အိမ် ပြန်ရသလိုပါဘဲ။ ဒီတော ဒီတောင် ဒီအစား အစာ ဒီရှုခင်းလေးတွေကို တမ်းတမိခဲ့ပါတယ်။
  ဆရာဝန်ကြီးကတော်ဒေါ်ခင်ရီကိုတော့ ၁၉၆၅-ခုလောက်ကတည်းက သိပြီးသားမို့ စားချင်တဲ့ရှမ်း အစာတွေကို အား မနာဘဲ ပြောပြတဲ့အတွက် ထမင်းချဉ်၊ ဆန်ခေါက်ဆွဲ၊ ဖတ်ကပ်စော၊ ငါးမီးအုံး၊ ပဲပုပ်ထောင်းနှင့်နို့ခြောက်ကြော်တွေလည်း ကျွေးရှာပါတယ်။ စာပေဧည့်သည်တွေကို တထီးတနန်းထား ပြီး ကျွေးလည်းကျွေး ပေးလည်းပေး၊ ဆေးလည်း ကုပြီးတော့ ဆရာဝန်ကြီးက တန်အောင်လည်း ခိုင်းတတ် တယ်။ တစ်ခါတစ်ခါ တစ်နေ့ထဲ နှစ်ကြိမ် ဟောပြောခိုင်းတယ်လေ။
    ကျွန်မမှာ တစ်နှစ်ကျော်လောက်က ဗမာအမျိုးသမီးစာအုပ်ရေးဖို့ လုံးပမ်းရင်း နောက်ကျောယောင်ပြီး မထိုင်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဓါတ်လည်း နှိပ်၊ လက်နဲ့လည်း နှိပ်၊ ဆေးလည်း စားပေမယ့် မသက်သာခဲ့ တာ လားရှိုးရောက်တော့ ဆရာဝန်ကြီး ဦးခင်လှိုင်ရဲ့ဆေးကြောင့် မြောက်ပိုင်းတစ်ခွင် ပြဲပြဲစင်အောင် ခရီး ဆန့်နိုင်ခဲ့ပါတယ်။ ဆရာသခင်တင်ဦးမှာလည်း လိပ်ခေါင်းသာမက နှာရောဂါလည်းရှိလို့ ဆရာကြီးကုပေး လိုက်တာ အခုနှာလည်းပွင့်သွားပြီး အရင်ကလို နှာသံလေး မပါတော့ဘူး။ ဟန်ကျသွားခဲ့ပါတယ်။ ဦးမောင်မောင်ညွန့်ကိုလည်း အေးလာရင် ဂူးဂဲဂူးဂဲ ဖြစ်မလာအောင် ဆေးဝါးအစုံ ပေးရှာတယ်။ ကျွန်မတို့ ဂီလာနတွေကို ခေါ်ရတာ လားရှိုးစာပေမြတ်နိုးသူများမှာ တယ်မသက်သာရှာပါဘူး။ အမေဒစ်ကန်အယ် ရစ်ဇော်နာနှင့်တူတယ်ဆိုတဲ့ ကွတ်ခိုင်ကို ရောက်ချင်သူရော၊ မန်ဆန်ရေတံခွန်နှင့် လျှပ်စစ်ဓါတ်အားပေးရုံ ကြီးကို မြင်ချင်သူရော၊ ပဲပုပ်အမျိုးမျိုး ချက်စားနည်း သိချင်သူရော၊ ဦးသိန်းဖေမြင့်ရေးဖူးတဲ့ ရေပူစမ်းက မအဲနွေးတို့ခေါက်ဆွဲဆိုင်ကို မေးတဲ့သူရော၊ သိန္နီဟော်ကို မြင်ဖူးချင်သူရော စုံလို့ပါဘဲ။ ဧည့်သည်အဖြစ် လုပ်စားရတာလောက် မြတ်တာမရှိတော့ဘူးလို့ ထင်ပါတယ်။ ဒါလည်း စာပေကျေးဇူးကြောင့်ပါ။ ကျွန်မတို့ သာ မှောင်ခိုကုန်သည်တွေဆိုရင် ဘယ်သူကမှ စင်ပေါ်အတက်ခိုင်းမှာ မဟုတ်ဘူး။ မှောင်ထဲမှာဘဲ လက် ကုပ်ရောင်း ရမှာပါ။ အဲလေ...အခွင့်အရေးချင်းက အဲဒီလောက် ကွာပါတယ်။
    ပထမဆုံး ဟောပြောပွဲစခဲ့တဲ့နေရာကတော့ ဘော်တွင်းသတ္တုမိုင်းမှာပါ။ ပြီးမှ နမ္မတူမှာ ဟောကြပါတယ်။ ကျွန်မမှာတော့ ၀မ်းလည်းနည်း ၀မ်းလည်းသာ၊ စစ်မဖြစ်ခင် တစ်နှစ်က (၇၅ိ)စားကျောင်းဆရာမလေး ဘ၀နဲ့ နေခဲ့ရဖူးတဲ့အိမ်ကလေးကို နမ္မတူရောက်လို့ တွေ့ရတော့ ကွယ်လွန်သွားတဲ့မေမေအတွက် မျက်ရည် စို့ခဲ့ရတယ်။ ဟိုတုန်းက မော်ကြည့်ရုံ ကြည့်ခဲ့ရဖူးတဲ့ နမ္မတူဂျီအမ်ကြီးဂေဟောကို အခုတစ်ဖန် အထွေထွေ မန်နေဂျာမိုင်းချုပ်ကြီးဦးစိန်အောင်က ဧည့်ခံကျွေးမွေးလို့ အခန့်သား ရောက်ခဲ့ရပါပြီ။ ခဏနားပြီး ထရော် လီနှင့်ပို့တဲ့အတွက် ဘော်တွင်းမှာ အဲဒီညက ဟောပြောခဲ့ရပါတယ်။ လမ်းကလည်း တယ်သာယာတာကိုး။ ကျားစခန်းက အလုပ်သမားတန်းလျားတွေ၊ တစ်တောင်ဆစ်ချိုး ရှေ့တိုးနောက်ဆုတ် တောင်ကို တက်ရ ပုံတွေဟာ အဆန်းပါဘဲ။ သတ္တုတွင်းလုပ်သားများရဲ့စိမ်းလန်းတဲ့စိုက်ခင်းလေးတွေကို ကြည့်ပြီး နိုင်ငံ့ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေးအ တွက် ကြိုးပမ်းနေကြပုံတွေကို စဉ်းစားကြည့်မိပါတယ်။ တောထဲ တောင် ထဲမှာ သားသမီးပညာရေးများကော အဆင်ပြေကြပါ စေ ဆုတောင်းမိတယ်။ ဘော်ချက်တယ်ဆိုတဲ့စကား ဟာ ဒီနေရာရောက်မှ အသက်ဝင်တာပါ။
စာရေးသူနှင့်အဖွဲ့များ ထရော်လီဖြင့် ဘော်တွင်းမှနမ္မတူသို့အပြန်ခရီးစဉ်၏အမှတ်တရ။
    အခု ဘော်မြေဟာ ပြည်မနှင့်တော့ ဆက်သွယ်မှု သိပ်ရှိဟန် မတူဘူး။ ခရီးကလည်း ထောက်တဲ့အပြင် ဆူလွယ်နပ်လွယ် အလုပ်တွေကိုသာ လူတွေက စိတ်ဝင်စားနေကြလို့ အလုပ်သမားဦးရေဟာ နည်းတယ်လို့ ထင်မိတာဘဲ။ ဂျပန်ဝင်စက ရထား လမ်းဘေးမှာ ဆန်အိတ်တွေ ပြန့်ကြဲပြီး နွားတွေ အစားလွန်လို့ ဗိုက် ကားသေနေတာတွေ မှတ်မိသေးတယ်။ ဇလားပုံငွေတုံးကြီး တွေ ကော်ပိုရေးရှင်းလေယာဉ်နှင့် သယ်သယ် သွားကြတာတွေ (၃၂)မိုင် စမယ်လတာ၊ ရီဖိုင်နရီနှင့်ပီအင်ဂျီစတိုးကြီးကော်ပိုရေး ရှင်းဆေးရုံကြီး၊ အေရှား တစ်ကလပ်၊ ယူရုပ်ပီယမ်ဗိုလ်အစစ်တွေရဲ့ ကလပ်လို့ သွေးခွဲထားခဲ့တာတွေကို ပြန်သတိရမိပါတယ်။ တအူ အူလိပ်တက်လာတဲ့မီးခိုးတွေတော့ အခုမမြင်ရဘဲ ခေါင်းတိုင်ကြီးသာ တွေ့ခဲ့ရတယ်။ ဘော်ငွေခဲ သတ္တုကြောတွေလည်း ရှုံးကုန်ပြီလား။ ပါတော်မူသူတို့ ပထွေးတွေ နောက်လိုက်ကုန်ကြပြီလား မသိ။ အမျိုး သားရေးစာရေးဆရာများကတော့ အလုပ် သမားဝတ်စုံကြီးတွေဝတ်ပြီး မိုင်းထဲဆင်းကြည့်ကြပါသေးတယ်။ အမျိုးသမီးတော့ ဆင်းခွင့် မပြုဘူးတဲ့။
    ဘော်တွင်း ဟောပြောပွဲမှာ စာပေဆုပေးပွဲနှင့်ကျဘမ်းစကား ပြောပွဲတွေလည်း ပါတယ်။ စာဆိုတော်နေ့ တေးသီချင်း တွေလည်း သီဆိုကြတယ်။ ဘော်တွင်းမိုင်းချုပ်ကြီးဦးဉာဏ်လင်းနှင့် အင်ဂျင်နီ ယာကြီးများရဲ့ဧည့်ဝတ်ကြေပြွန်တာကတော့ လို တာထက်ပိုပါတယ်။ ဂွမ်းစောင် သက္ကလပ်စောင်ကြီးတွေ အထပ်ထပ်နဲ့ဇိမ်ကျကျ အိပ်လိုက် စားလိုက် ပင်ပန်းရမှန်း ချမ်းရမှန်း မသိခဲ့ပါဘူး။ ဒါပေမယ့် တည်းခို စခန်းပေါ်တက်ရတာ မောလို့ ကြာရှည်တော့ နေလို့မဖြစ်ပေဘူး။ သိပ်ရှုခင်းလှတယ်ဆိုတဲ့ ရုရှားတောင် ထိပ်ကို ကျွန်မတော့ မရောက်ခဲ့ရဘူး။ ဦးဉာဏ်လင်းရဲ့ဇနီး ဒေါ်ခင်နှင်းရီဆိုတာကို မိတ်ဟောင်းဆွေဟောင်းရဲ့သမီးအ ဖြစ်နှင့် တွေ့ခဲ့ရတာလည်း အမြတ်ဘဲ။
    နောက်တစ်ရက်တော့ နမ္မတူဟောပြောပွဲအတွက် ပြန်လာခဲ့ကြရပါတယ်။ ပါတီကောင်စီက ပုဂ္ဂိုလ်ကြီး များ၊ မိုင်းချုပ်ကြီး နှင့်အင်ဂျင်နီယာကြီးများလည်း တက်ရောက်လာကြပါတယ်။ ကျွန်မမှာ တပည့်ဖြစ်ခဲ့ဖူး သူလေးတွေက လာရောက်နှုတ်ဆက် ဦးချကြတော့ သူတို့လည်းငို၊ ကိုယ်လည်း ငို၊ ကားပေါ်ရောက်နေလို့ စကားဝအောင် မပြောရဘဲ ထွက်ခဲ့ရတယ်။ နမ္မတူဆိုတာ ကျွန်မရဲဘ၀သမိုင်းတစ်လျှောက်မှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်တော့မှ မမေ့ဘူး။ အဆင်မပြေတဲ့စိတ်ဝေဒနာကို နမ္မတူမြေပေါ်ရောက်တော့ စာပေနဲ့အစားထိုးပြီး ကိုယ့်ဟာကိုယ် ကုစားလာခဲ့ဖူးတယ်။ နမ္မတူမှာ စိတ်သစ် ကိုယ်သစ်ဖြစ်ပြီး ဖြေဆည်နိုင်ခဲ့လို့ “တုံ့ကာဝဋ်တင်” “သည်မယ်ထင်စားပါလို့” “မက်လုလုလင်း” “လွမ်းအောင်ကူချွဲ”ဆိုတဲ့ဝတ္ထု တွေ နမ္မတူမြေကို အခြေပြုပြီး ရေးခဲ့ဖူးတယ်။ နောက်ကြောင်းပြန်ရတာလဲ သိပ်တော့ မကောင်းပါဘူး။ စစ်ပြေးခဲ့ရတဲ့နားဆိုင်းရွာ၊ တရုတ်တွေ လာပစ်သွားတဲ့အီနိုင်းရွာ ရောက်တော့ လည်း အသစ်ဖြစ်ရပြန်ပါတယ်။ နောက်တစ်ရက် ၂၁-၁၁-၇၆ နေ့မှာ တော့ လားရှိုးမှာ ဟောပြောကြလို့ မြို့တော်ခန်းမကြီး လျှံထွက်သွားတာပါဘဲ။ စာပေအစဉ်အလာကြီးတဲ့ဒေသတွေမှာ ပြောရ တာ အားရပါးရရှိ ပါတယ်။ ဆရာဝန်ကြီးဦးခင်လှိုင်ဟာ စာပေသမား အနုပညာသမားဖြစ်လေတော့ ရှေးဟောင်းတူရိ ယာရော၊ ခေတ်တီးဝိုင်းရော၊ စုစည်းထားပြီး ရှိတာတွေ့ရပါတယ်။ အုန်းသီးပြန်ပေါင်းထုပ်နှင့်ပရိသတ်ကို ဧည့်ခံတာကတော့ ပွဲထိန်းနည်း တစ်မျိုးဘဲ ဆိုရမလား။ ကျွန်မတို့ဟာ တစ်ဆက်ထဲ ကျောက်မဲကို ကူးသွား ပြီး ဟောပြောခဲ့ရပါတယ်။ ပွဲစဉ်ဆက်နေပေမယ့် သက်တောင့်သက်သာ မာစီးတီးကားကြီးနဲ့မို့ မပင်ပန်းကြ ပါဘူး။ မိုင်(၆၀)ဟာ ခဏလေးပါ။ ဒါပေမယ့် ကျောက်မဲရောက်တော့ ကျွန်မမှာ ရွှေရင်ဆို့ရပြန်ပါတယ်။ ကျွန်မတို့ဟောပြောပွဲလုပ်တဲ့ ပါတီယူနစ်အဆောက်အဦးဟာ ဂျပန်ခေတ်က ကျွန်မလက်ထပ်ခဲ့တဲ့ တရုတ် ဘုံကျောင်းကြီး ဖြစ်နေပါတယ်။ တိုက်ဆိုင်လွန်းလို့ မယ့်ကို သေစေ ညွှန်းရော့သလား၊ လှောင်တာ လား ပြောင်တာလား အောက်မေ့မိတယ်။ နယ်ပိုင်ဝန်ထောက်ဦးခွန်အိုနှင့်ဆက်စပ်ပြီး ကျွန်မတို့ မင်္ဂလာပွဲ ကို ကျောက်မဲလူထုကြီးက သိုက်သိုက် မြိုက်မြိုက် ဖြစ်အောင် ကူညီခဲ့တဲ့အပြင် သီပေါဟော်က ဒေါ်စောမြဧ
ကြည်နှင့်ဆွေမျိုးတစ်သိုက်ရော၊ ရတုလင်္ကာနှင့်မင်္ဂလာဘိသိက်မြှောက်ပေးတဲ့သာသနာရေးဝန်မင်း ဦးမောင်မောင်ကိုရော၊ နိပွန်စစ်ဘက်အရာရှိများကိုရော မျက်စိထဲမှာ ရုပ်ရှင်ကားလို တဖျပ်ဖျပ်နှင့် မြင် လာမိပါတယ်။ ကျွန်မကို အခုလူတွေက ဘယ်သူမှန်းမသိ၊ ဒီအဆောက်အဦးကြီးကလည်း သတို့သမီး ဆရာမရင်ရင်ကို ကြိုနေတာမဟုတ်၊ မုဆိုးမတစ်ဖြစ်လဲ စောမုံညင်းလို့သာ သိနေတာပါ။ ဒီအိမ်ကြီးဟာ ဒီအတိုင်း ရှိနေသေးပေမယ့်အခု ကျွန်မကတော့ အရင်ကျွန်မ မဟုတ်တော့ပါဘူး။ နှင်းတောထဲ ထိုင်နေတဲ့ ပရိသတ်ကလည်း ကျွန်မရင်ထဲက အပူကို သိကြမယ် မဟုတ်ဘူးပေါ့။
    နောက်တစ်နေ့မှာ တောင်ပိုင်းနမ့်ဆန်ကို ထွက်ခဲ့ရပါတယ်။ အကွေ့ပေါင်း(၉၉၉)ကွေ့ ရှိတယ်ဆိုတာနဲ့ဘဲ အလိုလိုမူးချင် လာတယ်။ ဒါပေမယ့် အဆင်သင့် ဆေးသောက်ထားလို့ မပင်ပန်းပါဘူး။ လမ်းကြမ်းတာ၊ ရာသီဥတုဆိုးတာကိုလည်း ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆရာဝန်ကြီးဦးခင်လှိုင်ဟာ လမ်းတစ်လျှောက်လုံး လည်း ကျေးရွာလူနာများကို ကုသသွားတာ တွေ့ရတော့ စေတနာဆရာများရဲ့ဂုဏ်သိက္ခာကို ချီးကျူးလေး စားလို့ မဆုံးပါဘူး။ နမ့်ဆန်ဟာ မိုးမိတ်နှင့်ရေအိုးရေမှုတ်ဖြစ်ပေမယ့် လမ်းပန်းခက်ခဲလို့ မရောက်ဖူးပေမယ့် အခုလို ဇရာအရွယ်ကျမှ ရောက်ရတာ ဆရာကြီးကျေးဇူးပါဘဲ။ အမြင့်(၅၆၃၂)ပေ ရှိပြီး ရေတုန်တဲ့အတွက် နမ့်ဆန်လို့ခေါ်ကြောင်း သိခဲ့ရပါတယ်။ လဖက်စိုအခြောက် တန်ပေါင်းသိန်းချီထွက်ပြီး လဖက်လုပ်ငန်းကို အရင်က ဘုံဘေ ဘားမားကုမ္ပဏီက ချုပ်ကိုင်ခဲ့တာပေါ့။ နမ့်ဆန်ဟာ လဖက်ခွန်၊ ဘော်ငွေခဲသတ္တုခွန် အများဆုံးရခဲ့တဲ့ဒေသပါ။ တောင်ပိုင်နမ့် ဆန်စော်ဘွားကြီးဟာ ရတနာသုံးပါး ကိုင်းရှိုင်းတယ်။ အမဲ လိုင်စင်ကို သူ့အိပ်ထဲက စိုက်ဆောင်ပြီး အမဲမပေါ်အောင်ကြိုးစားခဲ့တယ်။ မဟာဒေ၀ီစောနန်းကျန် ဆိုတာလည်း သားသမီးကို ကိုယ်တိုင်ကျောင်းလိုက်ပို့ပြီး ဆင်းရဲသားလေးတွေကို ယုယကြင်နာ တတ်တယ် ဆိုတာ မြန်မာအလင်းသတင်းစာဟောင်းတစ်စောင်မှာ ဖတ်ခဲ့ရဖူးပါတယ်။ ကျွန်မသူငယ်ချင်း စော်ဘွား ကတော် နန်းရွှေငြိမ်းတစ်ယောက်တော့ အခုဆုံးသွားရှာပါပြီ။
 နမ့်ဆန်ရောက်တော့ မိုးလည်းချုပ် နှင်းတွေလည်း ကျနှင့်(၅၃)ဒီဂရီဘဲရှိတယ်။ ဟော်ကြီးကိုလည်း ဆေးရုံ အဖြစ် လှူထားတဲ့အပြင် နမ့်ဆန်လူထုက ဆေးရုံပစ္စည်း၊ ဓါတ်မှန်၊ ရေကန်စသည်များကိုလည်း စေတနာ သန့်သန့်နှင့်လှူကြတဲ့အကြောင်း ဒေါက်တာဦးစန်းလွင်နှင့်ဇနီးဒေါက်တာဒေါ်နန်းညွန့်တို့ထံမှ ကြားသိရပါ တယ်။ ဆရာမကြီးဒေါ်နန်းစံတို့ ဆေးရုံမိသားစုကလည်း ချက်ရပြုတ်ရတဲ့အပြင် ဆရာဝန်ကြီး ဆေးစစ်လာ တာမို့ ရုံးအလုပ်ကလည်း တစ်ဖက်၊ ပါတီယူနစ်ဥက္ကဋ္ဌဦးမြတ်စံ နှင့်ဦးကြာထွန်း၊ ဦးမောင်ရွှေ၊ ဆရာဦးဘိုး ဟန်တို့ကလည်း နယ်မြေအခြေအနေကို ပြောပြကြပါတယ်။
    နှင်းမိုးကရွာ၊ မြူတွေက ဆိုင်းနေလို့ ကျွန်မတို့မှာ မိုက်ကရိုဖုန်းအောက်က မီးသွေးမီးဖိုထားပြီး စကားပြောရပါတယ်။ ချယ်ရီပန်းအိုးရှေ့မှာ ထိုင်ပြီး လက်ကို မီးကင်ရင်း မြူတွေကို ကြည့်ကာ စကားပြောရ တဲ့အဖြစ်ကတော့ မမေ့နိုင်အောင်ပါဘဲ။ ကျောင်းသူကျောင်းသားလေးတွေ၊ ဆရာ ဆရာမတွေဟာလည်း အလွန်စာပေစိတ် ထက်သန်ကြတာ တွေ့ရပါတယ်။ သဘာပတိဆရာကြီးဦးဘသန်းကလည်း နမ့်ဆန်ရာဇ ၀င်ကို ပြောပြလို့ ပလောင်လို ကျေးဇူးတင်ပါတယ်ဆိုရင် (ရော့(ခ)မီးအေ့)၊ သွား တော့မယ်ဆိုရင် (လော့ ခရောက်)၊ နေကောင်းရဲ့လားဆိုရင် (မြိဂျိုးအား-ချမ်းမဆာအော့)ဆိုတဲ့စကားလေးတွေလည်း သင် လိုက်ရ ပါသေးတယ်။ မီးသွေးတစ်ပုံး(၆)ကျပ်၊ ရေနံဆီတစ်ပုလင်း(၈ိ-၁၀ိ)၊ ဆန်သုံးတင်းအိတ်(၃၅၀ိ)၊ လမ်းပျက်မြေ ပျိုရင် လူထုအတွက် ဈေးနှုန်းတက်ပုံတွေကိုပါ လေ့လာခဲ့ရပါတယ်။
  တအမ်းလူမျိုးလို့ခေါ်တဲ့ပလောင်များရဲ့ယဉ်ကျေးမှု...ဗဟုသုတတွေလည်း အများကြီးမှတ်သားခဲ့ရပါ တယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးဦးကျော်ထွန်း ပြောပြတဲ့(လပ်ဆွပ်)ဆိုတဲ့ မျှစ်ချဉ်သနပ်ကို လည်း အ၀စားခဲ့ရပါတယ်။ နမ့်ဆန် ဆေးရုံမှာလည်း ဒုံမင်းသံ ကြားခဲ့ရတော့ အနုပညာသမားတွေ ဟာ တောင်ထိပ်တောင်ဖျားမှာဖြစ်စေ၊ မြေပြန့်ရှိုမြောင်မှာဖြစ်စေ တစ်ပုံစံထဲပါကလားဆိုတာ စဉ်းစားမိပါ တယ်။
    ပြည်ထောင်စုနေ့ ရောက်တိုင်း ရှေ့သို့အတွက် ကျွန်မမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တရုံး ရုံး မေးရမြန်းရ ဓါတ်ပုံရိုက်ရမို့ တောင်မ၊ အနောက်ကင်း၊ ကွမ်ဟယ်၊ ဇယမ်းဆိုတာတွေ နားယဉ်ပြီးသားပါ။ ဇယမ်းကြီးကျတော့ မဝေးတာမို့ သွားလည်ခဲ့ပါတယ်။ ဇယမ်းက ဦးထွန်းအေးက လဖက်လုပ်ငန်းနေ ရာတွေ၊ မြေအောက်တွင်းကြီးတွေကိုလည်း လိုက်ပြပါတယ်။ ဟူးမန်း၊ လုံတောက်၊ ဖန်လန်း၊ ငွန်ဆိုင်း၊ ဇယ်တုံဟုန်း၊ ဟူးခင်၊ ပန်နန်း၊ အာရမ်း၊ လွယ်ခန်းဆိုတဲ့ပတ်ဝန်းကျင်ရွာကြီးတွေကိုလဲ ညနေနေပွင့်ချိန်မှာ ခပ်ရေး လှမ်းမြင်ခဲ့ရပါတယ်။ တောင်တွေ ပတ်လည်ဝိုင်းနေတဲ့တောင်ပိုင်ရဲ့အလှဟာ ရှမ်းပြည်မှာ တစ်ဘာ သာထူးခြားနေတဲ့အပြင် တောင်ထိပ်က မဟာမြတ်မုနိဘုရားကြီးကိုလည်း ဖူးခဲ့ရတယ်။ အလောင်းစည်သူ မင်းကြီး ဖောင်စကြာ နှင့်လှည့်လာတာတွေ၊ နတ်သစ်ရွက်မျိုးစေ့ ချပေးတဲ့လဖက်ပုံပြင်တွေကိုလည်း ပြန် ပြီးသတိရမိပါတယ်။ မိုင်းငေါ့ရွာမှာ စားခဲ့ရ တဲ့ခေါက်ဆွဲဆိုင်က ထမင်းဟင်းကိုတော့ အခုထိ တမ်းတမိပါရဲ့။
    ကျွန်မတို့တွေ နမ့်ဆန်တောင်ပိုင်နှင့်လားရှိုးကို နေ့ချင်းပေါက် ကြဲခဲ့ကြတယ်ဆိုတာ ပြောရင် ယုံကြ မယ်မထင်ဘူး။ ဆရာဝန်ကြီးကလည်း စိတ်မြန်ကိုယ်မြန်၊ ကျွန်မတို့ကလည်း သူ့ဧည့်သည်တွေဆိုတော့ သူ့ လို သတ္တိကောင်းရတော့တာပေါ့။ မူးတယ် မောတယ်လို့တောင် မဖြစ်ခဲ့ပါဘူး။ ဆိုးလိုက်တဲ့ရာသီဥတု ကတော့ စံထားလောက်ပါရဲ့။ မိုးမိတ်အိမ်ပြန်ဖို့ လေယာဉ် ပေါ်ရောက်ပြီးမှ ပြန်ဆင်းရတယ်။ တစ်ရက်မှ နေ မပွင့်လာ။ ဒါနဲ့ဘဲ သိန္နီရေပူချောင်းသွား၊ ကွတ်ခိုင်အထိ လည်ပတ်၊ မန်ဆန် ရေကျကိုသွား၊ တစ်ပတ်စေ့ လို့ နေမထွက်သေးလို့ ကျွန်မတို့မှာ ရက်တွေ မကြာသင့်ဘဲ ကြာခဲ့ရတယ်။ လားရှိုးက အိမ်ရှင်များမှာ နေ့ စဉ်တာဝန်တွေ ပိနေတာပေါ့။ ချယ်ရီပန်းများဟာ ပွင့်လို့လှတုန်းပတုန်းမှာ ကြွေတတ်သတဲ့။ ညှိုးခြောက်ပြီး လူမုန်းသွားတဲ့အထိ အပင်မှာ တွယ်ကပ်ပြီး မနေကြဘူး။ ဂျပန်များဟာလည်း ငယ်ရွယ်နုပျိုတုန်း ချယ်ရီတွေ လို တိုင်းပြည်အတွက် အသက် ပေးဖို့ စစ်ထဲဝင်ကြတယ်လို့ အဆိုရှိခဲ့တယ်။ ကျွန်မတို့လည်း အိမ်ရှင် မုန်း သွားတဲ့အချိန်ထိ မနေချင်ဘူး။ ပြန်ချင်ပြီ။ ဒါပေမယ့် လေယာဉ်က မဆင်း၊ ဒီတော့ ဆရာဝန်ကြီးကဘဲ ကားနှင့်မန္တလေးအထိ ပို့ပေးလို့ ရန်ကုန်ကို ရထားနဲ့ဆင်းခဲ့ရပါတယ်။ ကိုယ့်မြို့ရွာကိုတော့ မရောက်ခဲ့ ရတော့ပါ။
  လေယာဉ်စောင့်ရင်း ကွတ်ခိုင်ရောက်ခဲ့ရလို့ ဆရာဝန်ဒေါက်တာဂျော်နီအောင်နှင့်ဒေါ်နန်းငွေငွေတင်တို့ ရဲ့နွားနို့စစ်စစ် ပူပူလေးကိုလည်း သောက်ခဲ့ရတယ်။ (၁၉၄၉)ခုနှစ်က ကျွန်မခင်ပွန်း အကောက် ၀န်ထောက်ဘ၀နှင့် (၁၀၅)မိုင်၊ ကြူကုတ်မှာ နေခဲ့ရတဲ့ဖြစ်စဉ်တွေကိုလည်း အသစ်ပြန်မြင်ရပြန်တယ်။ လူ ၀င်မှုကြီးကြပ်ရေးမှူး ကျွန်မရဲ့မောင်ကလေး ဦးသောင်းညွန့်ဟာ (၁၉၆၃)ခုနှစ်က ဒီကွတ်ခိုင်မှာ ဘဲ သွေးတိုးရောဂါနဲ့ဆုံးပြီး လားရှိုးကို ယူလာလို့ ပြေးပြီး သင်္ဂြိုဟ်ရတဲ့အဖြစ်တွေ၊ အို...သွားလေရာမှာ ခရု များလို အရာနှင့်ကြောင်းကြောင်းပါဘဲလေ။
    မန်ဆန်ရေကျကို သွားတဲ့နေ့ကတော့ မိုးကလည်းရွာ၊ စိမ့်နေအောင် အေးတဲ့အပြင် ဓါတ်ပုံ သတင်းထောက်ဦးအောင် မင်းတစ်ယောက်လုံး ပါပါလျက်နဲ့ လှလှပပ မရိုက်ခဲ့ရဘူး။ အင်ဂျင်နီယာဦးဝင်း သိန်းတို့နှင့်တွေ့ပြီး သူတို့နေထိုင်ရပုံတွေကိုလည်း လေ့လာရင်း တကယ့်လျှပ်စစ်ဓါတ်အားပေးရုံကြီးရဲ့ အရေးပါပုံတွေပါ သိခဲ့ရပါတယ်။ ဖျော်ဖြေမှုနဲ့ရှာတဲ့ စက်ရုံလုပ်သားတွေအတွက် ဟောပြောခဲ့ချင်ပေမယ့် ကျွန်မတို့မှာ အချိန်မပေးနိုင်။ တာဝန်ကျနေတဲ့ ခလရ(၄၁)က ဗိုလ်ကလေးတစ်ယောက်ကို တွေ့ ရပြန်တော့ ကျွန်မမှာ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့ရတဲ့ ခလရ(၄၀)က သားစစ်ဗိုလ်တေဇလွင်ကို လွမ်းပြီး ရွှေ ရင်ဆို့ရ ပြန်ပါရော။ ကျွန်မအဖို့ မြောက်ပိုင်းစာပေခရီးစဉ်ဟာတော့ နှင်းရေနှင့် မျက်ရည် ရောနေတာပါဘဲ။ အဲလေ...ဒုက္ခဘုံသားတွေ မဟုတ်လား...။
စောမုံညင်း
မှတ်ချက်။    ။၁၉၇၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ စာဆိုတော်နေ့အထိမ်းအမှတ်ထုတ် သံလွင်ဦးမဂ္ဂဇင်း စာမျက်နှာ(၈၁ မှ ၈၆ထိ) ၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။
စာရေးဆရာမကြီးစောမုံညင်း၏အလားတူ ဆောင်းပါး....ဆက်ဖတ်လိုပါက... 
2 comments: