မြစ်သံလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (နုကျန်း)မြစ်ဖျားခံ၍ မြန်မာနိုင်ငံသို့ စီးဝင်လာသြော မစ် တစ်ခုဖြစ်၏။ သံလွင်မြစ်ကို တရုတ်ပြည်တွင် (နုကျန်း)ဟုခေါ်ပြီး ဒေါမာန်ကြီး၍ ရေစီးသန်လှသော မြစ်ဟု အဓိပ္ပါယ်ရှိလေသည်။ တောတောင်အသွယ်သွယ်ကို ဖြတ်၍ အေးဆေးတည်ငြိမ်မှု မရှိဘဲ အဆင်းကြမ်း လှပေသည်။
ဤမြစ်သံလွင်သည် မြန်မာနိုင်ငံတွင်းသို့ ၀င်လျှင်ဝင်ချင်း ကိုးကန့်နယ်ကို ၀ိုင်းရံကာ မြန်မာပြည် အရှေ့မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းကာ ပင်လယ်ဝသို့ဝင်ရောက်လေသည်။ သံလွင်၏တစ်ဖက် တစ်ချက်တွင် မြင့်မားသောတောင်ကမ္ဘားရံကြီးများ၊ ကျောက်သားစိုင်ကြီးများ၊ ရေကျများ မေးတင်လျက် ရှိ၏။ သို့ပါ၍ စီးပွားရေး၊ စိုက်ပျိုးရေးအလို့ငှာ ကောင်းစွာအသုံး မ၀င်သော်လည်း နိုင်ငံတော်၏ ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် သဘာဝတံတိုင်းကြီးတစ်ခုပမာ အကျိုးပြုလျက် ရှိပေသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် အမီပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကြီး၏အဓွန့် ရှည်တည်တံ့ရေးနှင့် တိုင်းရင်းသားလူမျိုးများအားလုံး ပါဝင်သည့်လုပ်သားပြည်သူတစ်ရပ်လုံး၏ သာယာ ၀ပြောရေးအတွက် ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများ၏စည်းလုံး ညီညွှတ်မှုသည် အခြေခံလိုအပ်ချက်ကြီး ဖြစ်ပေသည်။
ကိုးကန့်ဟူသောအဓိပ္ပါယ်သည် ကိုးကန့်တရုတ်ဘာသာဖြင့် ကိုးဆိုသည်မှာ အသီး(၀ါ)စိမ်းလန်း စိုပြည်ခြင်း(၀ါ)နောက် ဆုံးအောင်ပွဲခံယူခြင်းဟုအဓိပ္ပါယ်ရှိ၏။ ကန့်ဟူသောအဓိပ္ပါယ်မှာ ရဲစွမ်းသတ္တိ ရှိခြင်းပေ၏။ ကိုးကန့်ဟူသောဝေါဟာရကို ပေါင်းစပ်ပါက ရဲစွမ်းသတ္တိပြည့်စုံလျက် နောက်ဆုံးအောင်ပွဲ ခံသော စိမ်းလန်းစိုပြည်သည့်ဒေသဟုအဓိပ္ပါယ်ရပါသည်။
တစ်ဖန် ကိုးကန့်ကို ရှမ်းဘာသာဖြင့် ကိုးသည် ကောဝ်=ကိုးဟုအဓိပ္ပါယ်ရသည်။ ကန့်မှာ အုပ်ချုပ်သူ တိုက်နယ်သူကြီး များဖြစ်ပေသည်။ တိုက်နယ်ကိုးနယ်ရှိပြီး သူကြီးကိုးဦး ရှိခြင်းကို ဆိုလိုပေသည်။ အဆိုပါ တိုက်နယ် ကိုးနယ်သည်-
(၁) မိုင်းဟောင်
(၂) မော်ထိုင်း
(၃) ပန်ရောင်
(၄) ပန်ကျောင်း
(၅) ကင်ငယ်
(၆) ကင်ပွေ့
(၇) ကင်ဖန်
(၈) တော်ညို
(၉) ရောင်ပန်တိုက်နယ်များ ဖြစ်ပေသည်။
ကိုးကန့်နယ်တွင် မှီတင်းနေထိုင်ကြသောလူဦးရေမှာ ခုနစ်သောင်းကျော် ရှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းရပေသည်။ ၎င်းကိုးဆယ်ရာခိုင်နှုန်းသည် ကိုးကန့်တရုတ်များဖြစ်ကြ၍ ကျန်ဆယ်ရာခိုင်နှုန်းမှာ ရှမ်း၊ ရှမ်းတရုတ်များ၊ လွယ်လခေါ်(၀)များ၊ မြောင်ခေါ် မြောင်စီများ၊ ပလောင်၊ လီရှောနှင့်ကချင်လူမျိုးစု များ ဖြစ်ကြကြောင်း သိရှိရပါသည်။
ကိုးကန့်တရုတ်တို့သည် တရုတ်အမျိုးအနွယ်များ ဖြစ်ကြသော်လည်း ၎င်းတို့သည် ပြည်သူ/ပြည်သားဟု မယူကြချေ။ မိမိတို့သည် ဟန်အမျိုးအနွယ် သို့မဟုတ် ကိုးကန့်နယ်သား မာလီပါးသားဟုခေါ်ဝေါ်ကြသည်။ တရုတ်ပြည် ယူနန်ပြည်နယ်နှင့် နီးကပ်ဆက်စပ်သဖြင့် ဘာသာစကားမှာ အများအားဖြင့် ယူနန်တရုတ် တို့နှင့်ဆင်တူမှု ရှိပါသည်။ သို့သော် တစ်ချို့သောအခေါ်အရများ ကွဲလွဲကြ၍ ပြောသံဆိုသံမှာလည်း ၀ဲကြ ပါသည်။

“ဓလေ့ဘာသာနှင့်ယဉ်ကျေးမှု”
ဓလေ့နှင့်ဘာသာတရား ကိုးကွယ်မှု ရှေးတရုတ်တို့၏ဓလေ့နှင့်တူညီ၍ တရုတ်ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ ပါသည်။ ဥပမာ - နှစ်သစ်ကူးပွဲတော်၊ တစ္ဆေကြီးကျွေးမွေးပွဲ၊ ဂူသင်္ချိုင်းကန်တော့ပွဲ စသည်များတည်း။
တစ်ချို့သော ထုံးဓလေ့မှာ သီးသန့်သောကိုးကန့်အမျိုးသား၏ယဉ်ကျေးမှုဟုဆိုနိုင်ပေ၏။ ဥပမာ - “တာကော”ခေါ်ဘင်ဂျိုအက “ချန့်စန်းကော”ခေါ် တောကစားခြင်း၊ “တာကွမ်”ခေါ် “တာပေါင်း”ခေါ် မင်္ဂလာ ပန်းထုပ်ပစ်ပေါက်ကစားခြင်း၊ “တာတိုး လော”ခေါ် ဂျင်ပေါက်ကစားခြင်းများတို့သည် အခြားတရုတ်များနှင့် လုံးဝမတူသည့်ဓလေ့ထုံးတစ်ရပ် ဖြစ်ပေသည်။
“တာကော”ခေါ် ဘင်ဂျိုအက၊ ယင်းအကကို လုလင်ပျို လုံမပျိုတို့ကို စုပေါင်း၍ တေးသွားကို သီဆို ကြခြင်း၊ ထိုတေးသားသည် တောတောင်သဘာဝရှုခင်းကို သီဆိုခြင်း၊ အပျိုလူပျိုတို့၏သဘာဝကို ၎င်း၊ တောင်သူဦးကြီးတို့၏ဘ၀သရုပ်စသည် တို့ကို ပေါ်လွင်စေသည်။ ထိုတေးမျိုးကို ဘင်ဂျိုဖြင့် တီး၍ ခြေ ကကွက်မျိုးစုံဖြင့် ကခုန်ကြပါသည်။ စုပေါင်းဝိုင်းဖွဲ့၍ ကခုန်ကြသော ဘင်ဂျိုအကကို ထိမ်းမြားမင်္ဂလာ အခမ်းအနားများတွင်၎င်း၊ ရက်ကြီးအခါကြီးပွဲများတွင်၎င်း၊ အကြီးအကဲများ ပြုလုပ်ကျင်းပ သောကြိုဆိုပွဲများ၊ ဂုဏ်ပြုပွဲများတွင်၎င်း၊ ကခုန်ကြလေသည်။ အသုဘပွဲမှာ ကခုန်မှုရှိသော်လည်း တေးများသည် အဓိပ္ပါယ် တစ်မျိုးဖြင့်သီဆိုကကြရသည်။
“ချန်စန်းကော”ခေါ် တောကစားခြင်း၊ “ချန်စန်းကော”၏အဓိပ္ပါယ်မှာ တောတောင်တေးသီချင်းများကို သီဆိုခြင်းဟုအ ဓိပ္ပါယ်ရလေသည်။ မြို့ကြီးပြကြီးများကဲ့သို့ အပျင်းပြေစရာ အလည်အပတ်သွားနိုင်သော ကြည့်ချင်စဖွယ် နေရာများမရှိသော တောင်တန်းဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားများတို့သည် တစ်မျိုးတစ်ဘာသာစီ ဓလေ့ရှိကြပေရာ ကိုးကန့်နယ်မြေ ဖွားတို့သည်လည်း စိတ်ပြေလက်ပြေ အပျင်းပြေ စရာ လူပျိုလူရွယ်တို့၏သဘာဝအလျောက် တောင်ယာစိုက်ပျိုးခင်းတို့တွင် အမျိုးသမီးအစုအဖွဲ့များနှင့် အမျိုးသားအစုအဖွဲ့များ တစ်ဖက်နှင့်တစ်ဖက် စကားရည်လုကြခြင်း၊ ထိုစကားအစုစုတို့ကို တေးဖွဲ့၍စပ်ဆို ကြခြင်းပင် ဖြစ်သည်။
ထိုသို့စုပေါင်း၍ နောက်ကြပြောင်ကြရင်းနှင့် တစ်ဦးနှင့်တစ်ဦး မျက်စေ့ကျခါ အစုလိုက် အဖွဲ့လိုက် တွေ့ ဆုံကြရာမှ တစ် ဦးချင်း၏ရည်းစားဘ၀သို့ရောက်ကြခါ အကြင်လင်မယားဘ၀သို့ တက်လှမ်းကြတော့သည်။ အဆိုပါချန်စန်းကောကို နေ့အချိန် အခါတွင် တောင်ယာခင်းတို့တွင် လုပ်ကိုင်ရင်း အစုဖွဲ့ကြခြင်း၊ လသာသောနွေနှင့်ဆောင်းလများတွင် တောင်ကမ္ဘားရံများ၌မီးဖို ၍လည်း စုဝေးကြသည်။ တောထဲတွင် အပျိုလူပျိုတို့၏သဘာဝအလျောက် သီဆိုကြသော တေးသီချင်းများကို ရပ်ရွာထဲတွင် လုံးဝမသီဆိုကြပါ။ ၎င်းတေးများသည် တောတွင် လူပျိုအပျိုများအတွက် သီးခြားဖြစ်၍ ကျေးရွာအတွင်း မည်သူမှ မသီဆို ကြ ချေ။
“တာတိုးလော”ခေါ် ဂျင်ပေါက်ကစားခြင်း
အမျိုးသားများတို့၏ကစားခုန်စားတစ်မျိုးဖြစ်၏။ အထူးသဖြင့် နှစ်သစ်ကူးပွဲတော်တွင် အများအပြား ယှဉ်ပြိုင်ပွဲများကို ကျင်းပကြသည်။ အဆိုပါ ဂျင်ပေါက်ကစားခြင်းကို အသင်းဖွဲ့၍ တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ကြပေသည်။ စည်းဝိုင်း ၀ိုင်း၍ တစ်ဖက်အသင်းက ထိုစည်းဝိုင်းတွင်း၌ မိမိ၏လည်နေသော ဂျင်ကို ပေါက်လှဲပေးရသည်။ တစ်ဖန် တစ်ဖက်အသင်းက စည်းဝိုင်းတွင်းမှ လည်နေသောဂျင်ကို ခပ်လှမ်း လှမ်း သတ်မှတ်ထားသောနေရာမှ ပစ်ပေါက်ထုတ်ပစ်ရပါသည်။ စည်းဝိုင်းတွင်းရှိဂျင်ကို မထိဘဲ သို့မဟုတ် အလည်မရပ်စေဘဲ မိမိဂျင်က အလည်ရပ်သွားလျှင် ပေါက်ထုတ်သူသည် အခံဘက်သို့ ပြောင်းပေးရ တော့ သည်။ တစ်ရွာနှင့်တစ်ရွာ ယှဉ်ပြိုင်ခြင်းကိုလည်း ပြုလုပ်ကြသည်။ တစ်သင်းနှင့်တစ်သင်း အရှုံးအနိုင်ကစား ရ၍ စိတ်ဝင်စားဖွယ်ဓလေ့တစ်မျိုးဖြစ်၏။
“တာကွမ်(၀ါ)တာပေါင်း ခေါ် မင်္ဂလာပန်းထုပ်ပစ်ပေါက်ကစားကြခြင်း”
မင်္ဂလာပန်းထုပ်တွင် ဆန်နှင့်စပါးများ ငွေဒင်္ဂါးပြားများတို့ကို အလုံးအ၀ိုင်းသဖွယ် ချုပ်လုပ်ပြီး ထိုအလုံး အ၀ိုင်း၏ဘေး ပတ်လည်တွင် ပန်းများ၏ပွင့်ဖတ်များ ချုပ်လုပ်တပ်ဆင်ထားပါသည်။ ထို့ကြောင့် လိုရာသို့ လွှဲပစ်အားရှိခြင်း၊ ဖမ်းယူရာတွင်လည်း အလွယ်တကူ ဖမ်းယူနိုင်ခြင်း ဖြစ်ပေသည်။ မင်္ဂလာပန်းထုပ် ကို နှစ်သက်ကူးပွဲတော်တွင် အထူးသဖြင့် ကစားကြရာ အမျိုးသမီး နှင့်အမျိုးသားများက တစ်ဖက်စီ နေရာ ယူကြ၍ အားနွဲ့သောအမျိုးသမီးတို့ကို အမျိုးသားများက ကုန်းမြင့်ဘက်ပိုင်းကို ဦးစားပေးရလေသည်။ ပစ်ပေါက်ရာတွင် မြေနိမ့်ပိုင်းတွင် နေရာယူကြသော အမျိုးသားများကသာ အရှုံးများ၏။
ပန်းထုပ်ကို တစ်ကြိမ်မမိလျှင် ယင်းရှုံးသောတစ်ကြိမ်အတွက် လျော်ပေးရသည့်သဘောဖြင့် ပစ္စည်း တစ်ခု လက်ကိုင်ပ ၀ါဖြစ်စေ သို့မဟုတ် အပြင်အင်္ကျီဖြစ်စေ တစ်ကြိမ် ပန်းထုပ်မမိလျှင် ပစ္စည်းတစ် မျိုး ပေးရလေသည်။ နောက်ဆုံး၌ အချို့ပျော် တတ်သူများသည် အတွင်းခံဘောင်းဘီတိုလေးဖြင့် သာ ပြန်သွားရသော အဖြစ်ကလည်း ရှိ၏။ ထိုရှုံးကြေးပေးထားရသောပစ္စည်း များကို ချန်စန်းကော=တော ကစားခြင်းပွဲတစ်ပွဲကို ချိန်းဆို၍ ထိုပွဲတွင် ကျီစယ်ပြောင်လှောင်၍ တပျော်တပါး ပြန်လည်ပေးအပ်ရလေ သည်။
“နယ်မြေအနေအထား”
စုဆောင်းထားသော စာရွက်စာတမ်းများ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ရှေးဟောင်းမှတ်တမ်းများ ကို လေ့လာကြည့်သော အခါ ကိုးကန့်နယ်သည် မြန်မာဘုရင်မင်းလက်ထက်ကသော် လည်းကောင်း၊ မြန် မာလက်အောက်ခံ ပဒေသရာဇ်စော်ဘွားများ လက်အောက်ကသော်လည်းကောင်း တိုက်ရိုက်အုပ်ချုပ်ခြင်း မရောက်ခဲ့သော်လည်း တစ်နှစ်တစ်ခါ အခွန်ဘဏ္ဍာလက်ဆောင် ဆက်သရခြင်းကို သိရှိရပါသည်။
ပထ၀ီအနေအထားအရ ကိုးကန့်နယ်မြေသည် တရုတ်-မြန်မာနှစ်နိုင်ငံတို့၏အစွန်အဖျား နယ်စပ်တွင် တည်ရှိသောကြောင့် ဤမှာဘက်နိုင်ငံ ထိုမှာဘက် နိုင်ငံတို့၏နိုင်ငံရေး အပြောင်းအလဲတို့၏လှိုင်းဂယက် တို့ကို ခံရတတ်၏။ သို့ဖြစ်၍ မြန်မာ မင်းတို့၏လက်အောက်ခံစော်ဘွားတို့၏အာဏာ မှေးမှိန်သောအခါ တရုတ်ပြည်၏သြဇာခံသို့၎င်း၊ တစ်ဖန် တရုတ်ပြည်၏တန်ခိုး အာဏာမှေးမှိန်သောအခါ မြန်မာမင်း၏ လက်အောက်သို့ သြဇာလွှမ်းခံရပြန်၏။
နယ်စပ်ဒေသဖြစ်နေသောကြောင့် ရေစီးသန်ရာဘက်သို့ ယိမ်းယိုင်ခြင်းမျာ ဓမ္မတာပင် ဖြစ်တော့သည်။ တစ်ခါတရံ မြန်မာမင်းလက်အောက်ခံ စော်ဘွားများနှင့်တကွ တရုတ်၊ ယူနန်နယ်ပယ်ရှိ အာဏာပိုင် တို့၏သြဇာကို တစ်ပြိုင်တည်း ခံရ၏။ တစ်ခါတရံ တရုတ်ပြည်စော်ဘွားနှင့်မြန်မာပြည်စော်ဘွားတို့က သူပိုင် ငါပိုင် အပြိုင်လုခြင်းကိုလည်း ခံရ၏။ ယင်းသို့သော နယ်လုမှုများ၊ နိုင်ငံရေးအပြောင်းအလဲများ၊ နယ်ခြားဒေသနယ်ပယ်ဖြစ်ရခြင်းကြောင့် အခြေအနေဆိုးတို့နှင့်ထပ်တလဲလဲ ရင်ဆိုင် ကြုံတွေ့ရပေသည်။
အထက်မြန်မာပြည် အင်္ဂလိပ်တို့ သိမ်းပိုက်စဉ်က ကိုးကန့်နယ်သည် သိန္နီလက်အောက်ခံတိုက်နယ်တစ် ခု ဖြစ်၏။ ၁၈၈၆-ခုနှစ်၊ ဇူလိုင်(၂၄)ရက်နေ့တွင် တရုတ်ပြည် ပီကင်းမြို့တော်၌ ချုပ်ဆိုခဲ့သော အင်္ဂလိပ် တရုတ်သဘောတူစာချုပ်အခန်း(၃)အရ ဗြိတိသျှပိုင် မြန်မာပြည်နှင့်တရုတ်ပြည်နယ်နိမိတ်များ သတ်မှတ် ရန် သဘောတူကြသည်။ ယင်းသဘောတူစာချုပ်အရ ၁၈၉၄-ခုနှစ် မတ်လ(၁)ရက်နေ့၌ လန်ဒန်မြို့တော် တွင် ချုပ်ဆိုခဲ့ရာ ကိုးကန့်နယ်သည် တရုတ်အစိုးရသို့ ပေးအပ်ခြင်းခံခဲ့ရပါသည်။ ကိုးကန့်နယ်ရှိ ကွမ်းလုံ မြို့နှင့်ကွမ်းလုံကူးတို့ဆိပ်တို့သာ အင်္ဂလိပ်တို့ပိုင်ဆိုင်ခဲ့၏။ အဆိုပါစာချုပ်အရ ကိုးကန့်နယ်အပါအ၀င် မြန် မာပိုင်နယ်မြေဖြစ်သော မဲခေါင်မြစ်ဝှမ်းအရှေ့ဘက်ရှိ ကျိုင်းဟုံကြီးနယ်ကိုလည်း တရုတ်တို့အား ပေး လိုက်ခြင်းခံရပါသည်။ ၎င်းတို့ တရုတ်ပိုင်ဆိုင်သည့်ကိုးကန့်နှင့်ကျိုင်းဟုံကြီးတို့သည် အင်္ဂလိပ်အစိုးရ၏ သဘောတူညီမှု မရှိဘဲ မည်သည့်နိုင်ငံ သို့မျှ မလွှဲအပ်ရ။ တရုတ်တို့၏ကတိခံဝန်ချက်ကို နယ်နိမိတ်ချုပ်ဆို သည့် ၁၈၉၄-ခုနှစ်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ပေသည်။
၁၈၉၅-ခုနှစ်တွင် တရုတ်နှင့်ပြင်သစ်တို့သည် အင်ဒိုချိုင်းနား၊ ပြင်သစ်ပိုင်နယ်နိမိတ်နှင့်တရုတ်ပိုင် နယ်နိမိတ်ကို သတ်မှတ်ရာတွင် တရုတ်တို့သည် ကျိုင်းဟုံကြီးကို ပြင်သစ်တို့အား လွှဲပြောင်းပေးလိုက်ရာ ဗြိတိသျှတို့က ၁၈၉၄-ခုနှစ်၊ တရုတ်ဗြိတိ သျှစာချုပ်ကို ထောက်ပြ၍ စာချုပ်အား ချိုးဖျက်သည်ဟု အကြောင်းပြကာ နယ်နိမိတ်စာချုပ်အသစ်တစ်ခုကို ထပ်မံ၍ ချုပ်ဆိုခဲ့ ပြန်သည်။
ယင်းထပ်မံချုပ်ဆိုသောစာချုပ်သည် ၁၈၉၇ ခုနှစ်တွင်ဖြစ်ပြီး ပြန်လည်ညှိနှိုင်းချုပ်ဆိုသော အခါ မြန်မာနယ်နိမိတ်မျဉ်း ကြောင်းများသည် တရုတ်ပြည်ဘက်သို့ များစွာရောက်ရှိသွားရပြီး ကိုးကန့်နယ် ကို မြန်မာဘက်သို့ ပြန်လည်ရရှိခဲ့ပေသည်။
၁၉၄၈-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက် ၁၉၅၉-၆၀-ခုနှစ် တရုတ်မြန်မာ နယ်နိမိတ်သတ် မှတ်သည့်(ဘဘစစ်ဆင်ရေး)တွင် ကိုးကန့်နယ်သည် လုံးဝမြန်မာနိုင်ငံ၏နယ်ပယ်အဖြစ် နယ်ခြားသတ်မှတ်၍ နယ်ခြားကျောက်တိုင် စိုက်ထူခဲ့ပြီးဖြစ်လေသည်။ ဤသည်မှစ၍ ကိုးကန့်နယ်သည် ၎င်း(ကိုးကန့်အမျိုးသားလူမျိုးများသည်၎င်း) ပြည်ထောင်စုကြီး၏ညီအစ်ကိုလူမျိုးစုများ ဖြစ်ကြောင်း ထပ်ဆင့်မဏ္ဍိုင်စိုက်ထူလိုက်ပြီး ဖြစ်ပေတော့သတည်း။
(ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့သော မေမြို့တပ်မတော် ပညာရေးကျောင်းမှ အရာခံဗိုလ်တင်အုန်းအား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။)
ဒေါက်တာရန်အောင်-ကိုးကန့်
မှတ်ချက်။ ။၁၉၇၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ စာဆိုတော်နေ့အထိမ်းအမှတ်ထုတ် သံလွင်ဦးမဂ္ဂဇင်း စာမျက်နှာ(၃၃ မှ ၃၅ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။
No comments:
Post a Comment