Popular Posts

Tuesday, October 1, 2013

အနှစ်ငါးဆယ်ဆီကရှမ်းပြည်(တတိယပိုင်း) - (စ၀်ခွန်မိုင်း)

    ယခုအပတ်တော့...
    ဒဏ္ဍာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန်၊ သက်ကြီးများထံမှ သက်ငယ်များ ကြားခဲ့ရသည့် မြို့ကျိုင်းတုံအကြောင်း တင်ပြပါရ စေ...

    ယခုအခါ မှောင်ခိုကုန်များနှင့်အတူ နာမည်ကြီးနေတဲ့ကျိုင်းတုံမြို့ကလေးကို ရှေးအခါက ကျီးကန်း တစ်ကောင်ဟာ “ဘုရားကာဟမ်”ဆိုသူ မင်းတစ်ပါးကို သယ်ယူလာပြီး အောင်ပူခေါ် ဂဏန်းတွင်းနား က ဆောမ်တောင်ကုန်းမြင့်ပေါ်မှာ ချထားခဲ့ရာမှ ကျိုင်းတုံမြို့ကလေး ဖြစ်ပေါ်လာတယ်လို့ ပြောစမှတ်ြ ပုကြတယ်။

    အမှန်တော့ သမိုင်းမှတ်တမ်းများအရ “စ၀်မန်ရိုင်း”ဆိုတဲ့မင်းတစ်ပါးဟာ ကျိုင်းဆင်၊ ချင်းမိုင်(ဇင်းမယ်)၊ ချင်းရိုင်းမြို့များကို တည်ပြီးတဲ့နောက် မြောက်ဘက်ကို တက်လာရင်း နောင်တွန်ခေါ် ရေခဲနေတဲ့ကန်ကြီး ကို တွေ့တာနဲ့ ကျိုင်းတွန်ဆိုတဲ့မြို့ကို တည်ခဲ့သတဲ့။ ကာလရွေ့လျားလာလို့ ကျိုင်းတုံလို့ခေါ်လာကြတယ်။ တရားဝင်မှတ်တမ်းများကလည်း မြန်မာသက္ကရာဇ် ၆၃၁ ခုနှစ်မှာ အဲဒီမင်းသား မန်ဂရိုင်းစော်ဘွားဆက်ကို တည်ထောင်ခဲ့ပြီး ယခုလက်ရှိ စော်ဘွားများလည်း အဲဒီမင်းက တိုက်ရိုက်ဆင်းသက်လာတဲ့အဆက် အနွယ် ဖြစ်တယ်လို့ဆိုထားပါတယ်။

    ကျိုင်းတုံနယ်ဟာ ရှမ်းပြည်မှာတော့ အကြီးဆုံးနယ်တစ်နယ် ဖြစ်ပါတယ်။ ဧရိယာအကျယ်အ၀န်း ၁၂၄၀၀ စတုရန်းမိုင် ရှိပြီး တောင်တွေက ထူထပ်လှတယ်။ စတုရန်းမိုင်တစ်မိုင်အတွင်းမှာ လူဦးရေ ငါးဦးနှုန်းလောက်ဘဲ နေထိုင်ကြတယ်။ အကျယ် အ၀န်းအားဖြင့် ဥရောပတိုက်မှာရှိတဲ့ ဘယ်လ်ဂျီယန် တိုင်းမှာတော့ လူဦးရေဟာ စတုရန်းတစ်မိုင်အတွင်းမှာ ၅၅၀ နှုန်းနေကြတာမို့ အဆ ၁၀၀ နီးပါးလောက် ကွာနေတယ်။

    ကျိုင်းတုံမြို့ဟာ တရုတ်ပြည်၊ ယိုးဒယားပြည်၊ အင်ဒိုချိုင်းနားပြည်တို့နဲ့နီးစပ်နေတာမို့ မဟာဗျူဟာအရ အရေးပါအရာ ရောက်တဲ့မြို့တစ်မြို့ ဖြစ်နေပြန်တယ်။ ရှေးတုန်းက ကုန်သည်တွေဟာ တောင်မြင့်ကြီးတွေ ကာရံထားတဲ့ပြည်မဘက်ကို ကုန် သွယ်မည့်အခါ သွားရေး၊ လာရေးလွယ်ကူတဲ့ယိုးဒယားလွင်ပြင်ဘက်ကို ကုန်ရောင်းကုန်ဝယ် အများဆုံးသွားကြတယ်။ ကျိုင်း တုံတောင်ကြားတစ်လျှောက် နေထိုင်ကြတဲ့တိုင်းရင်း သားများကတော့ ဂုံရှမ်းများ ဖြစ်ပြီး ပတ်ဝန်းကျင်တောင်တန်းများပေါ်မှာတော့ ဆမ်တောက်၊ ကော်၊ လားဟူ၊ ပလောင်နဲ့ကချင်တိုင်းရင်းသားများ နေထိုင်ကြတယ်။ ဂုံရှမ်းဆိုတဲ့အမည်ကတော့ ကျိုင်းတုံတောင် ကြားမှာ တောင်ဘက်ကနေ မြောက်ဘက်ကို ပြောင်းပြန်စီးနေတဲ့ဂုံချောင်းကို အမှီပြုပြီး ခေါ်ထားခြင်းဖြစ် တယ်။ ရှမ်းဘာသာအားဖြင့် “ခင့်”ဆိုတာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေတဲ့အရာကို ခေါ်လေ့ရှိ တယ်။ ခင့်ချောင်းဟာ အခြား ချောင်းတွေ မြောင်းတွေလို မြောက်မှတောင်သို့ မစီးဘဲ ပြောင်းပြန်စီးနေ တာမို့လို့ ဂုံချောင်းလို့အမည်တွင်လာခြင်းဖြစ်တယ်။

    မစ္စတာအီးလိုင်းယပ်(စ်) စုဆောင်းရေးသားထားတဲ့ရှမ်းဒဏ္ဍာရီများအရတော့ ဂုံရှမ်းဆိုတာ ရှမ်းပြည် ရဲ့မြေလတ်ဒေသ ဖြစ်တဲ့ အောင်ပန်း၊ ပွေးလှ၊ ပင်းဒယတို့ဘက်မှာ သောင်းကျန်းနေတဲ့ဂုမ္ဘာန်ရက္ခဘီ လူးတွေကို ဘုရင်ရဲ့အမိန့်အရ သံလွင်မြစ်အ ရှေ့ဘက်အထိ မောင်းထုတ်ရာကနေ ဒေသခံမြန်မာတိုင်း ရင်းသားတွေက ဂုဏ်ရှမ်းဟူ၍ ဂုမ္ဘာန်ရက္ခစကားလုံးရဲ့အဖျားကိုဆွတ် ပြီးခေါ်ဝေါ်ခဲ့ကြတယ်။
   
    အလျဉ်းသင့်တုန်း “ရှမ်း”ဆိုတဲ့နာမည် ဖြစ်ပေါ်လာပုံကို ရှင်းပြပါရစေ...
 ရှမ်းဆိုတဲ့စကားဟာ တရုတ်ဘာသာအရ တောင်လို့အဓိပ္ပါယ်ပေါက်ပါတယ်။ တောင်ပေါ်မှာနေကြတဲ့ လူမျိုး စုလေးတွေကို စုပေါင်းပြီး “ရှမ်း”လို့ခေါ်တယ်လို့လဲ ပြောကြတယ်။ ရှမ်းတိုင်းရင်းသားတွေကတော့ သူတို့ ဘာသာသူတို့ “တိုင်း”လို့ခေါ်ကြတယ်။ ဂုံရှမ်းတို့ရဲ့စကားနဲ့အရေးအသားတွေဟာ အင်ဒိုချိုင်းနားတို့၊ လော တို့၊ ကမ္ဗေားဒီးယားတို့၊ ယိုးဒယားမြောက်ပိုင်းတို့မှာ ပြန်ကြဲနေကြတဲ့ရှမ်းတွေနဲ့လဲ သွားတူနေပြန်ပါတယ်။ အဓိက ကိုးကွယ်တဲ့ဘာသာကတော့ ဗုဒ္ဓဘာသာပါဘဲ။ ယွန်းရှမ်းဗုဒ္ဓဘာသာဆိုပေမဲ့ ပြည်မက သုဓမ္မာ ဂိုဏ်းနဲ့တူနေပါတယ်။

    ကျိုင်းတုံမြို့ရဲ့မြို့လယ်ခေါင်မှာတော့ စော်ဘွားစ၀်မဟာခနန်းနဲ့အခြားစော်ဘွား(၄)ဦးရဲ့အုတ်ဂူများကို ယခုတိုင် တွေ့ နိုင်ပါသေးတယ်။ ယိုးဒယားက ကျိုင်းတုံကို စစ်နိုင်သွားတဲ့အချိန်မှာ စော်ဘွား စ၀်မဟာ ခနန်းရော သူ့ရဲ့ဆွေတော်မျိုးတော်တွေ ကိုပါ ချင်းမိုင်ကို ခေါ်သွားခဲ့တယ်။ စ၀်မဟာခနန်းက ထွက်ပြေး လာပြီး ကျိုင်းတုံစော်ဘွားဆက် ပြန်လည်တည်ထောင်ခဲ့တယ်။ စ၀်မဟာခနန်း ကွယ်လွန်ပြီးတဲ့နောက် သားတော်ကြီးစ၀်ကောန်တိုင်းက စော်ဘွားအရိုက်အရာကို ဆက်ခံခဲ့တယ်။ စော်ဘွား စ၀်ကောန်တိုင်း လက်ထက်မှာ ဆာဂျော့စကော့အပါအ၀င် ဗြိတိသျှအရာရှိ အတော်များများဟာ ကျိုင်းတုံကို ရောက်လာခဲ့ တယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်ပြည်နဲ့ကုန်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းရှာဖို့ဘဲ ဖြစ် တယ်။ စ၀်ကောန်တိုင်းဟာ မျက်မမြင်တစ်ဦးဖြစ်သူမို့ သူရဲ့မျက်စိကို ပြန်မြင်လာအောင် ကုသပေးနိုင်ရင် သူရဲ့နယ်တ၀ကို ပေးမယ်လို့ ဗြိတိသျှအရာရှိတွေ ကို ပြောခဲ့သေးတယ်။

    လင်းပင်မင်းသား ထကြွမှုမှာလည်း စ၀်ကောန်တိုင်းဟာ အနောက်ပိုင်းက ကြိုးကိုင်ခဲ့တယ်လို့လဲ မှတ်တမ်းများက ဆို ခဲ့တယ်။ စ၀်ကောန်တိုင်း လွန်ပြီးတဲ့နောက် သားတော်စ၀်ကွန်ကျောက်အင်တလိုင်း ဟာ စော်ဘွားရိုက်ရာကို ဆက်ခံပြီး (၃၉) နှစ်တိုင်တိုင် အုပ်စိုးခဲ့တယ်။ စော်ဘွားစ၀်ကွန်ကျောက်အင်တ လိုင်းဟာ ဗြိတိသျှအုပ်စိုးမှု ခံယူကြောင်းကို ဗြိတိသျှအာဏာပိုင် များထံ လက်မှတ်ရေးထိုးခဲ့တယ်။ အိန္ဒိယ ဘုရင်ခံချုပ်က သူ့ကို C.I.E., K.S.M ဘွဲ့တံဆိပ်များနှင့်သေနတ်(၉)ချက်အလေးပြုခံ စော်ဘွားရာထူးကို ခန့်အပ်လွှာများကို ချီးမြှင့်ခဲ့တယ်။ စော်ဘွားစ၀်ကွန်ကျောက်အင်တလိုင်းဟာ ၁၉၀၁ ခုနှစ်မှာ ကျင်းပတဲ့ သတ္တမမြောက် ဇဒွတ်ဘုရင်ရဲ့ဘိသိက်ခံပွဲနှင့်၁၉၁၁ ခုနှစ်မှာ ကျင်းပတဲ့ပဉ္စမမြောက်ဂျော့ဘုရင်ရဲ့ဘိသိက်ခံ ပွဲများကို တက် ရောက်ခဲ့သေးတယ်။ (စာရေးသူဟာ စ၀်ခွန်ကျောက်အင်တလိုင်း၏ စတုတ္ထသား ဖြစ်ပါ တယ်။)

  ကျိုင်းတုံစော်ဘွားတွေအကြောင်း ဖေါ်ပြပြီးတဲ့နောက် အခြားဒေသများနဲ့မတူ တစ်မူထူးခြားတဲ့ကျိုင်းတုံ သင်္ကြန်အကြောင်းကို အနည်းငယ်ရေးပြလိုပါတယ်။ မြန်မာသင်္ကြန်ရေကစားတဲ့ဓလေ့များကို ဟိန္ဒူ ယဉ်ကျေးမှုကနေ ဆက်နွှယ်လာတယ် လို့ပြောကြပေမယ့် ကျိုင်းတုံမှာ ကျင်းပတဲ့သင်္ကြန်ကိုတော့ ဘယ်က ဆက်နွှယ်လာတယ်ဆိုတာ ပြောဖို့ခက်နေပြန်တယ်။ သင်္ကြန်ရောက်တော့မယ်ဆိုရင်ဘဲ ကျိုင်းတုံသူ ကျိုင်းတုံသားတွေဟာ နှစ်ဦးကို ကြိုရတော့မှာမို့ ပျော်နေကြတယ်။ သင်္ကြန်ရက် မတိုင်မီ ၂ ဈေး၊ ၃ ဈေး (တစ်ဈေးကို ငါးရက် သတ်မှတ်ထားပါတယ်)ကတည်းက မောင်းကြီးကို တစ်ဒူဒူထုပေးပါတယ်။ ဒီ မောင်းကြီးကို သင်္ကြန်ကျပြီး ၃ ဈေးလောက်နေမှ အထုရပ်ကြတယ်။ တစ်ဒူဒူမည်နေတဲ့မောင်းသံကို နားထောင်ရင်း ကာလသား အပျိုလူပျိုတို့ဟာ ငွေဖလားတွေနဲ့ ရေကစားကြတယ်။ သက်ကြီးရွယ်ကြီးတွေ ကတော့ ဘုရားသွားကြ၊ ကျောင်း တက်ကြ၊ ဥပုသ်သီလစောင့်ကြနဲ့ သင်္ကြန်ရက်တွေ ကုန်မှဘဲ နားကြတော့ တယ်။

    ဆမ်တောက်အုပ်စုဝင်တွေဟာ သင်္ကြန်ကျတော့မယ်ရက်ကို အရှည် ၄ ပေလုံးပတ် ၃ ပေရှိတဲ့စည်ကြီးကို တီးပြီး ကြိုကြတယ်။ နမ့်ခွမ်ချောင်းဘေးမှာ သူတို့တစ်တွေ စုရုံးပြီး အရက်ကို မမူးတမူး သောက်ထားတဲ့ အုပ်စုဝင်တစ်ဦးက ရှေ့ဆောင်ပြီး စီတန်းလှည့်လည်ကြတယ်။ ရှေ့ဆောင်ဦးစီးလုပ်တဲ့လူဟာ ၀တ်ရုံနီကြီး ကို ၀တ်ဆင်ထားပြီး လက်ထဲမှာ သင်္ဘောသီးနှစ်လုံးဆွဲ ထားတဲ့သစ်သားရုပ်ထုကြီးကို ကိုင်ထားတယ်။ သူ့ရဲ့နောက်မှာတော့ လှပအောင် မွမ်းမံထားတဲ့စည်တော်ကြီးနဲ့ သူတို့အုပ်စုရဲ့ ခေါင်းဆောင်ဟာ မြင်းကြီး စီးပြီး လိုက်ပါလာတယ်။ သူတို့စီတန်းလှည့်လည်ရာ လမ်းတစ်လျှောက်မှာရှိတဲ့မြို့သူမြို့သားတွေဟာ ဒီဆမ်တောက်တောင်ပေါ်သားတွေကို ရေပက်ပြီး စီးပွားတိုးတက်ဖို့၊ အသီးအနှံအောင်မြင်ဖို့၊ နယ်မြေဒေသအေးအေးချမ်း ချမ်းရှိဖို့ ဆုတောင်းကြတယ်။ နမ့်ခွမ်ချောင်းကြီးရဲ့နံဘေးက သဲတွေနဲ့ပြုလုပ် ထားတဲ့ဖားရုပ်ကြီးနားလည်းရောက်ရော ဆမ် တောက် ဆမ်တောက်အုပ်စုဝင်တွေဟာ သူတို့ထုံးစံအတိုင်း ရွတ်ဖတ်သရဇ္ဈာယ်ပြီး ဒီဖားရုပ်ကြီးရဲ့အင်္ဂါစပ်ထဲကို သူတို့သယ် ဆောင်လာတဲ့သစ်သားရုပ်ထုကြီးကို ထိုး သွင်းလိုက်ကြတယ်။ (ဒေသခံမြန်မာများက ဒီပွဲကို မဟာရီးတော်ကြီးပွဲတော်လို့ပြောင် လှောင်ခေါ်ကြတယ်)၊ ပြီးတော့ သူတို့ဟာ လာလမ်းအတိုင်း သူတို့ရဲ့အုပ်စုခေါင်းဆောင် အိမ်ကို ပြန်လာခဲ့ကြတယ်။ အခုအခါ မှာတော့ ဆမ်တောက်ဂိုဏ်းဝင်တွေဟာ အရင်ကလို သစ်သားရုပ်ကြီးတို့ သင်္ဘောသီးကြီးတို့ကို မြို့ထဲ မှာ လျှောက်ပြီးသယ်မပြကြတော့ဘဲ  သဲဖားရုပ်ကြီးဘေးမှာ သွားချထားကြတယ်။ ၁၉၂၀ ခုနှစ်လောက်က စပြီး ဒီလိုဓလေ့အထ ပြောင်းလိုက်တာလို့သိ ရတယ်။

    ဒီတစ်ပတ်တော့ ဒီလောက်နဲ့ဘဲ နားပါရစေ...။

စ၀်ခွန်မိုင်း(အငြိမ်းစားလမ်းအရေးပိုင်)

မှတ်ချက်။    ။၁၉၇၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ စာဆိုတော်နေ့အထိမ်းအမှတ်ထုတ် သံလွင်ဦးမဂ္ဂဇင်း စာမျက်နှာ(၂၉ မှ ၃၁ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

အနှစ်ငါးဆယ်ဆီကရှမ်းပြည်(ဒုတိယပိုင်း)ကို ဖတ်လိုလျှင်...http://shanyomaelibrary.blogspot.com/2013/09/blog-post_13.html

No comments:

Post a Comment