Popular Posts

Friday, September 13, 2013

သျှမ်း နှင့် ရှမ်း (ဇီဝဇိုး)

    မမှတ်မိတော့သော နေ့တစ်နေ့။
    လားရှိုးမြို့ တိုင်းဆေးရုံအုပ်ကြီး၏ရုံးခန်း။
    “သျှမ်းလို့ မင်းက စာလုံးပေါင်းတော့ ဘာအထောက်အထားရှိလို့ ပေါင်းရတာတုံး”
    ဆေးရုံအုပ်ကြီးဒေါက်တာကမ္ဗောဇခင်လှိုင်က စာရေးဦးအောင်ကြီးကို မေးလိုက်သည့်အသံ။
    ဦးအောင်ကြီး မည်သို့ဖြေသည်ကိုတော့ သဲကွဲအောင် မကြားလိုက်ရပါ။ ရုံးခန်းအပြင်မှနေ၍ ဦးခင်လှိုင်၏မေးခွန်းကို တစေ့တစောင်း ကြားလိုက်ရသော ကျွန်တော့်အဖို့ သညာတစ်ခု ပြုလိုက်ရသည်။
    ၁၉၇၃-ခုနှစ်၊ သျှမ်းပြည်နယ်နေ့အတွက် ကတ်ပြားများ ထွက်ပေါ်လာသောအခါ သံပေါက်သွားဖြင့် လင်္ကာတစ်ပုဒ်စီကုံး ပြီး ကတ်ပြားတွင် ရေးကာ ရင်းနှီးသူမိတ်ဆွေများထံသို့ ပေးပို့ခဲ့ပါသည်။
    ဂယက်ရိုက်ခတ် ပေါ်ထွက်လာသည့်ရလဒ်ကား...


ရန်ကုန်မြို့။
၂၁-၂-၇၃

ဆရာဦးဘဟန်ခင်ဗျား...
    ဆရာပေးပို့လိုက်တဲ့ပို့စကဒ်ကို ရပါတယ်။ ဆရာမေးလိုက်တာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ဖြေလိုပါတယ်။
၁။    ရှေးကဗျာလင်္ကာတွေထဲမှာ “ရှမ်း”လို့ပဲ သုံးပါတယ်။ ပုံစံပြောရမယ်ဆိုရင်...
    “ဖုန်းအားပြွမ်းပြွမ်း၊ တထောင်ရှမ်းနှင့်၊ ဂျွမ်းကစုပုံ၊ ပြေးဝင်တုံရှင့်။” (မင်းတရားရွှေထီးဧချင်း။ ပုဒ်ရေ ၂၇။)
    “ယိုးဒယားဂျွမ်းလူမျိုး ရှမ်းကျွမ်းကို မထိုးနိုင်” (က၀ိလက္ခဏာသတ်ပုံ သံပေါက် ၄၃၄။)
စသည်တို့ ဖြစ်ပါတယ်။

၂။    ဒါပေမယ့် ရေးထုံးကော်မတီဟောင်းကတော့ ခုလိုဆုံးဖြတ်ပါတယ်။
    “သီဟိုဠ်က ယိုးဒယားကို “သိယာမ”၊ “သျာမ”ဟု ပါဌ်စီသည်။ ဆဋ္ဌသံဂါယနာတင်ကျမ်းများကလည်း ဤအတိုင်းပင်
    ရေးမှတ်သည်။ ပုဂံ၊ အင်းဝကျောက်စာတို့တွင် “သျှံ”၊ “သျှံမ်”ဟု ရှိပါသည်။ ရခိုင်စကားတွင်လည်း (သျှ)သံထွက်သည်
    ကို ထောက်၍ (သ)အက္ခရာဖြင့် (သျှမ်း)ကို လက်ခံရန် ဆုံးဖြတ်ကြသည်။

၃။    အဲဒီကော်မီတီက တင်ပြတဲ့ရေးထုံးဟာလဲ အတည်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ၀ါဒနှစ်ရပ်မှာ ဆရာ့အနေနဲ့ကြိုက်
    ရာကို လိုက်နိုင်ပါတယ်။

၎။    မောင်မြေလွှာ(သီပေါ)ရဲ့ “မောရှမ်းဒေသမြို့ပြအခေါ်အဝေါ်နိဒါန်း၊(မိုးဝေမဂ္ဂဇင်း အမှတ်-၆၁၊ ၁၉၇၃-ခု၊ ဖေဖေါ်ဝါရီလ)
    ဆိုတဲ့ဆောင်းပါးထဲမှာတော့...
    “ရှမ်းဟူသောစကားမှာ သာမိ၊ သာမ ဟူသောစကားမှ မြစ်ဖျားခံလာသည်။ သာမ-မှ သမ်၊ သျှမ်၊ သျှမ်း၊ ရှမ်းဟူ၍အဆင့်
    ဆင့် ပြောင်းလဲလာသည်။ ပါဌ်ပုဒ်ရင်း သုဝဏ္ဏသာမကို မြန်မာမှုဖြင့် သုဝဏ္ဏသျှမ်ခေါ်သောနည်းအတိုင်းပင် ဖြစ်သည်။
    အဓိပ္ပါယ်မှာ အစိုးရသောအရှင်သခင်အမျိုးအနွယ်ဟု ဖြစ်သည်။ ရှေးမြန်မာစာဟောင်းပေဟောင်းများတွင် (သျှမ်း)ဟု
    ရေးထားသည်ကို တွေ့ရသည်”လို့ ရှင်းလင်းထားပါတယ်။

    “သျှမ်း” နှင့် “ရှမ်း”ဟု၊ ရေးပြုနှစ်လီ၊
    ကျမ်းဂန်ကိုးကား၊ ခွဲခြားဖွေနှည်၊
    ဖြေဆိုပြန်ကြား၊ မှတ်သားဘို့ရည်၊
    လိုရာထုံး သုံးစွဲစေချင်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
မိုးကျော်မြင့်

××××××××××××××

    နောက်တစ်စောင်မှာမူ...

၁၉၇၃-ခု၊ မတ်လ(၁၅)ရက်နေ့

ဦးဘဟန်ခင်ဗျား...
    ကျွန်တော် အမီးဘားစ်ဝမ်းကိုက်ရောဂါ ဖြစ်ပြီး တောင်ကြီး စ၀်စံထွန်းဆေးရုံတွင် တက်ရောက်ကုသနေဆဲ ၁၉၆၃-ခု၊ သျှမ်းပြည်နယ်နေ့အထိမ်းအမှတ်ကဒ်ပြား ရောက်ရှိလာသည်ကို ကျေးဇူးတင်စွာဖြင့် လက်ခံရရှိပါသည်။
    (၇-၂-၇၃)နေ့၌ပင် ဆေးရုံမှ ဆင်းရပါသည်။ အားအင်ကုန်ခန်းနေ၍ ယခုတိုင် အိမ်မှာဘဲ ဆေးစား အနားယူဆဲဖြစ်ပါ သည်။ အလုပ်ပင် မတက်နိုင်သေးပါ။ ထို့ကြောင့် ဆရာ ရေးလိုက်သည့်...
    “သျှမ်းနှင့်ရှမ်းဟု၊ ရေးမှုနှစ်လီ၊
    ကျမ်းဂန်ကိုးကား၊ ခွဲခြားထောက်မှီ၊
    စုံလင်ထုံးတမ်း၊ စူးစမ်းဖွေနှည်၊
    ဖြေပါဘိ သိတဲ့သုတေသီ”ဆိုတဲ့ မေးခွန်းကို ချက်ချင်း မဖြေကြားနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
    “သျှမ်း”ဆိုသည့်စာလုံး၏၀ိဂြိုဟ်မှာ ‘‘သာမိတ္တရိယာဘ၀ံ ကရောတိ တိသာမိ”ဟု ဆိုပါသည်။ အဓိပ္ပါယ်မှာ (သာမိ=အ ရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယဘ၀ံ=အစိုးရသည်အဖြစ်ကို၊ ကရောတိ=ပြုတတ်၏၊ သို့ကြောင့် ထိုလူမျိုးကို သာမိ-သာမ-သျှမ်း-ဟူ၍ ခေါ်ဆိုရာ၏)ဟု ရှေးပုဂ္ဂိုလ်များက ၀ိဂြိုဟ်ပြုခဲ့ပါသည်။ သာမိအဓိပ္ပါယ်မှာ ပိုင်ဆိုင်ခြင်း၊ အစိုးရခြင်း ဖြစ်ပါသည်။ သု ၀ဏ္ဏသာမကို သုဝဏ္ဏသျှံဟု ပြောင်းသကဲ့သို့ သာမမှ သျှမ်းသို့ ကူးပြောင်းခဲ့ခြင်း ဖြစ်ပါသည်။ ဆိုလိုရင်းအဓိပ္ပါယ်မှာ သျှမ်းဟူ သည်၌ အစိုးရသောလူမျိုး(၀ါ)အစိုးအမိုးခံရသောလူမျိုးမဟုတ်ဟု ဇာတိမာန် တက်ကြွဖွယ်ရာ အသုံးအနှုန်းမျိုး ဖြစ်ပါသည်။

    “တꨯး”ဆိုသည့်ဝိဂြိုဟ်မှာလည်း သူ့အဓိပ္ပါယ်အပြည့်ရှိပါသည်။ “ဒီပဇာလံဝိယ ဒိပ္ပဒီတိ ဒီပေါ”ဟုလာရှိပါသည်။ ဒိပ္ပတိ အဓိပ္ပါယ်မှာ ထွန်းလင်းခြင်း(Enlightenment)ဖြစ်၍ ဒိပ္ပတိမှ ဒိပ်-ဒိ-တ သို့ သျှမ်းစာ(တိ)မှ (တꨯး)သို့ပြောင်းလဲလာခြင်းဖြစ်ပါ သည်။
    “ရှမ်း”ရေးထုံးမှာ မြန်မာစာ အရေးအသားအတိုင်း ပြီးစလွယ် အများမြင်နေ တွေ့နေ သိနေကြသည့်အတိုင်း ရေးသားး ခြင်းဖြစ်၍ အဓိပ္ပါယ်မှန်ကန်မှု မရှိပါ။
    “သ”မှာ မြန်မာကသာ (TH)(θ)ဖြစ်သော်လည်း ကမ္ဘာသုံးအဖြစ် လက်ခံသည့်အသံထွက်မှာ (S) အသံ ဖြစ်ပါသည်။  ဟိန္ဒီ၊ သီဟိုဠ်စသည့်မူရင်းပါဠိဘာသာများ၌ သျှမ်းများသုံးသည့်အတိုင်း (S)ပင် ဖြစ်ပါသည်။
    “ရှမ်း”ဆိုသည့်စကားလုံးကို အနောက်တိုင်းသဒ္ဒဗေဒအသွင်ဖြင့် ခွဲထုတ်သော် (Rham) “ရဟမ်း”ဖြစ်နေပါသည်။ ကျွန် တော်တို့ ပြည်ထောင်စုသားများ ဖြစ်သည့်ရခိုင်အမျိုးသားများ အသံထွက်အတိုင်း ဖတ်ပါက အထက်ကကဲ့သို့ပင် ထွက်ပေါ်လာ ပါမည်။
    သို့ကြောင့် ရေးထုံးချွတ်ချော်ပျက်ယွင်းလာမှုကို “အမှားကြာ အမှန်ဖြစ်”ဟူဘိသကဲ့သို့ အမှန်ထင်မှတ်ပြီး သုံးစွဲနေကြ ခြင်းသာပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မည်သို့မျှ မဖွင့်ဆိုနိုင်သည့် “ရှမ်း”ဟူသောစာလုံးအစား ရှေးကျောက်စာများ၌ ပါရှိခဲ့သည့်အ တိုင်း “သျှံး” သို့မဟုတ် “သျှမ်း”ကိုသာ လက်ခံသုံးစွဲသင့်သည်။ (International Phonetics)နှင့်လည်း လုံးဝမကိုက်ညီသည့် “ရှမ်း”(Rham)ကို ပယ်ဖျောက်သင့်ပေပြီ။
    သို့သော် သျှမ်းလူမျိုးများကိုယ်တိုင် မည်သည့်ရေးထုံးကို နှစ်သက်သည်ဟူသော အချက်မှာမူ သျှမ်းလူထု၏ဆန္ဒအရ သာ ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် ညွှန်ကြားပြသမှု ပြုလုပ်ပေးရန်သာလျှင် ရှိပါကြောင်း။
    ဤမျှနှင့် နှစ်သိမ့်ကျေနပ်မည်ဟု မျှော်လင့်ပါသည်။
(ပုံ)ကျော်ဇော
အလုပ်အမှုဆောင်ကော်မီတီဝင်
သျှမ်းပြည်နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မီတီ၊
တောင်ကြီးမြို့။

×××××××××××××
   
    နာမကျန်းဖြစ်လျက်နှင့်ပင် ကျွန်တော်၏ကဒ်ပြားကို အရေးတယူပြုပြီး ဖြေကြားခြင်းပြုခဲ့သော ဦးကျော်ဇောအား၎င်း၊ ၇-၆-၇၃ နေ့တွင် ကွယ်လွန်သွားရှာပြီးဖြစ်သည့်ဖိုးကျော်မြင့်(မြန်စာဂုဏ်)အား၎င်း အထက်ပါဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဇီဝဇိုး
       
   

မှတ်ချက်။    ။၁၉၇၄-ခုနှစ်၊ ဒီဇင်ဘာလထုတ် သံလွင်ဦးမဂ္ဂဇင်း စာမျက်နှာ(၁၈ မှ ၁၉ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

http://shanyomaelibrary.blogspot.com/2013/07/blog-post_2620.html
http://shanyomaelibrary.blogspot.com/2013/08/blog-post_4071.html 

No comments:

Post a Comment