လူသားတိုင်း မိမိတို့ဓလေ့အတိုင်း အမည်အသီးသီး ခေါ်ဝေါ်ကြသည်ကို စာဖတ်ပရိသတ်များ အသိပင်။ မြန်မာပြည် တွင် နေထိုင်လျက် ရှိကြသော တိုင်းရင်းသားလူမျိုးအသီးသီးတို့သည်လည်း ၎င်းတို့၏ဓလေ့ထုံးစံနှင့်အညီ အမည်များ သတ် မှတ်ခေါ်ဝေါ်ကြလေ့ရှိသည်။ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုး(၆၃)မျိုး ရှိသည့်အနက် ရှမ်းလူမျိုးတို့၏အမည်ပေးသောအယူ အဆများနှင့်အနက်အဓိပ္ပါယ် ဖွင့်ဆိုကြသည့်အကြောင်းများကို အနည်းငယ် တင်ပြလိုပေသည်။
အေးမြ၍ ထာဝစဉ်လှပသော ရှမ်းပြည်နယ်ရှိ ရှမ်းအမျိုးသားတို့မှာ ရာသီဥတုကြောင့်၎င်း၊ ပဲပုပ်ကြောင့်၎င်း၊ ရှမ်းဆန်၏ အဆီအနှစ် ဗီတာမင်များကြောင့်၎င်း၊ ၀ါဝင်းစိုပြည်သောအသားနှင့်လိုက်ဖက်ညီသည့်ချစ်စရာအမည်ကလေးများ တစ်ဘာသာ ဆန်းသစ်၍ လေးနက်သော အဓိပ္ပါယ်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
တိုင်းရင်းသားရှမ်းတို့သည် အမည်ကို အရမ်းကာရော ပေးလေ့မရှိ။ မွေးနေ့မွေးနံနှင့်လိုက်၍ အမည်ပေးကြသည်။ တစ် နည်းအားဖြင့် မြန်မာတို့ကဲ့သို့ မွေးနေ့မွေးနံများကို ဗေဒင်ပညာဖြင့် တွက်ချက်၍ အမည်ပေးသကဲ့သို့ ဖြစ်၏။ ၎င်းတို့၏အမည်က လေးများမှာ ခေါ်ဝေါ်ရာတွင် လွယ်ကူသလောက် လှပသောအနက်အဓိပ္ပါယ်ကို ဖွင့်ဆိုနေပေသည်။
မွေးကာစ တစ်လသားအရွယ်တွင်၎င်း၊ ကင်ပွန်းတပ်သည့်အခါတွင်၎င်း၊ ဒါယကာ ဒါယိကာမများအဖြစ် ခံယူသည့်အ ခါတွင်၎င်း အမည်အသီးသီး ပြောင်းလဲခေါ်လေ့ရှိပေသည်။ မြန်မာအမည်ကဲ့သို့ တစ်မျိုးတည်း သတ်မှတ်ခေါ်ဝေါ်လေ့မရှိ။ သို့ ရာတွင် ၎င်းတို့၏ချစ်စရာဓလေ့နှင့်အညီ အမည်များကို အများက လက်ခံခေါ်ဝေါ်ကြသည်။ အသိအမှတ်ပြုကြသည်။ ဤသည် ကပင် ၎င်းတို့၏မြင့်မြတ်သောစိတ်ထားကို သိရှိနိုင်ပေသည်။
ရှမ်းအမျိုးသားတို့သည် လွတ်လပ်မှုကို နှစ်သက်၍ အေးအေးဆေးဆေး နေထိုင်ရခြင်းကို မြတ်နိုးကြသည်။ မိရိုးဖလာ ဓလေ့ကို လေးစားကြပြီး ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းကိုးကွယ်ကြ၏။ အိုးမကွာ အိမ်မကွာ အစဉ်နေထိုင်လေ့ရှိပြီး စိုက်ပျိုးရေးနှင့်သာ အချိန်ကုန်တတ်ကြသည်။ ရိုးသားသောကြောင့် တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့နေထိုင်ရန် ၀န်လေးတတ်ကြသည်။ တစ် နည်းအားဖြင့် မိမိ၏နယ်ကို တွယ်တာချစ်ခင်ကြသူများဟုသတ်မှတ်နိုင်၏။ ရှမ်းတို့၏စိတ်သဘောကို ဤမျှဖြင့် သိနိုင်ပေသည်။
အမည်ပေးရာတွင်လည်း ရိုးသားမှုအပြည့်။
တစ်လသားအရွယ်
ရှမ်းအမျိုးသားတို့သည် များသောအားဖြင့် တောရွာများတွင် နေထိုင်ကြသည်။ မြို့များတွင် နေထိုင်ရန် စိတ်ကူးသူ အ လွန်နည်းသည်။ ထို့ကြောင့် ရရစားစားဘ၀နှင့်ကြီးပြင်းကြသူက များ၏။ အိမ်ထောင်ပြုရာတွင်လည်း အသက်ငယ်ငယ်နှင့်ဘ၀ ကို ရုန်းကန်ကြသည်။ အိမ်ယာထောင်ကြသည်။ ပညာရေးတွင် အားနည်းသဖြင့် မိမိတို့၏သားသမီးများကို အမည်ပေးရာတွင် ရိုးလွန်းလှပေသည်။ တစ်လသားအရွယ်အတွင်းကို ခေတ္တအမည်ပေးကို လေ့လာကြည့်က သိသာလှ၏။ အလွယ်တကူ အမည် မှည့်ခြင်းပင်။
ယောက်ျားကလေးဆိုလျှင် အိုက်လိုင်၊ အိုက်မောင်၊ အိုက်စိုင်း။
မိန်းခလေးဆိုလျှင် အဲလိုင်၊ အဲခမ်း၊ အဲမို၊ အဲနွမ်း စသည်တို့ဖြစ်၏။
ရှမ်းစကား မြန်မာစကား(အဓိပ္ပါယ်)
၁။ အိုက်လိုင် မောင်နီ
၂။ အိုက်မောင် မောင်မောင်
၃။ အိုက်စိုင်း မောင်ယောက်ျားကလေး
၎။ လဲလိုင် မနီ
၅။ အဲစမ် မစကားဝါ
၆။ အဲမို မကြာပွင့်
၇။ အဲနွန် မဂွမ်း
ကလေးချူချာသော်
တစ်ခါတရံ တစ်လသားအရွယ်အတွင်းရှိ ကလေးငယ်တို့သည် မကြာမကြာဖျား၍ ချူချာတတ်သည်။ မိဘများမှာ ကလေးအတွက် ရတက်မီး ပွေရတော့၏။ လူကြီးများမှာ ရှေးထုံးစံကို သိထားလေ့ရှိကြသည်။ လူငယ်များကို လမ်းညွှန်ပေးကြ ၏။ ယင်းချူချာသောကလေးငယ်ကို ရွာဦးရှိ ကျောင်းထိုင်ဆရာတော်ဘုရားထံတွင်၎င်း၊ ရွာတွင်းရှိ သီလသမာဓိနှင့်ပြည့်စုံသော လူကြီးတစ်ဦးဦးထံ၎င်း ပေးလှူလိုက်ရ၏။ “ဤကလေးငယ်ကို ပေးလှူပါသည်။ လက်ခံ၍ ကျွေးမွေးပေးပါ” ကလေးကို လက်ခံ သူက “ဤကလေးကို ကျွေးမွေးပြုစုရတော့မည်ဖြစ်၍ ကလေးငယ် အသက်တစ်ရာတိုင် ရှည်စေသတည်း”ဟုဆုတောင်း၍ ကလေးကို ချီပိုက်ရလေသည်။
ဤကဲ့သို့ ကလေးကို ခေတ္တချီပွေ့ပြီးနောက် ကလေးမိဘများက အသင့်ယူဆောင်လာသော တတ်နိုင်သမျှသောလှူဖွယ် ပစ္စည်းများ ပန်း၊ ပေါက်ပေါက်၊ ကြက်လျှာ စသည်တို့နှင့်ကလေးအလှူခံသူအား ပူဇော်ကန်တော့ကြသည်။
ထို့နောက် ကလေး၏မိဘများက “ကလေးကို ပြန်၍ စွန့်ပါ။ ကျွန်တော် ကျွန်မတို့ကပင် ပြန်လည်၍ ကျွေးမွေးပြုစုပါရ စေ”ဟူ၍ ကလေးကို တောင်းကြရသည်။ ကလေးပွေ့ချီထားသူပုဂ္ဂိုလ်က မင်္ဂလာဆုတောင်းပေးပြီး ကလေးကို မိဘတို့လက်သို့ ပြန်၍ပေးအပ်ကြပေသည်။ မြန်မာအယူအဆအားဖြင့် ယတြာချေခြင်းပင်။
ယင်းသို့ ပေးလှူထားသောကလေးကိုလည်း အမည်တစ်မျိုးမှည့်ခေါ်လေ့ခေါ်ထရှိကြသည်။ သာမန်အရပ်သားမှပေါက် ဖွားသောယောက်ျားကလေးကို “အိုက်လူ”၊ မိန်းကလေးကို “အဲလူ”ဟူ၍၎င်း၊ သူကြီးအဆင့်မှ စော်ဘွားအမျိုးအနွယ်ထိ ယော က်ျားကလေးကို “စိုင်းလူ”စသည်ဖြင့်၎င်း၊ အမည်ပေးလေ့ရှိကြသည်။
“အိုက်လူ၊ စိုင်းလူ၊ အဲလူ၊ နန်းလူ”အမည်များ ခေါ်စေရာတွင် ၎င်းတို့၏မွေးနေ့မွေးနံကို ထည့်သွင်း စဉ်းစားခြင်း မပြုကြ ပေ။ အဓိပ္ပါယ်မှာ “ပေးလှူထားသူ”ဟူ၏။ ဤကလေးများမှာ ကျန်းမာလာကြသည်က များ၏။
ကင်ပွန်းတပ်ခြင်း
ရှမ်းအမျိုးသားတို့သည် ၎င်းတို့၏သားသမီးများကို တစ်လသားမှ ကျော်လွန်လာသောအခါ အစဉ်အမြဲခေါ်မှည့်နာမည် ပေးကင်ပွန်းတပ်ကြလေ့ရှိသည်။ မြန်မာအမျိုးသားများသည် နေ့ နံများအလိုက် နာမည်ပေးသလို ရှမ်းတို့လည်း ဤသို့ပင် အ မည်ပေးလေ့ရှိ၏။
ဆင်းရဲသောမိဘတို့မှ အဖေအမေများဘက်မှ ဆွေမျိုးများ စုံလင်သောအခါ ကလေးကို ကင်ပွန်းတပ်ကြ၏။ တတ်နိုင် သော မိဘများမှာ ကင်ပွန်းတပ်မင်္ဂလာ ကျင်းပကြသည်။
နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းကပ်၍ ကင်ပွန်းတပ်မင်္ဂလာ ပြုကြသည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေများကို ဖိတ်ကြားပြီး တတ်နိုင်သော အကျွေးအမွေးနှင့်ဧည့်ခံကြသည်။ ကြွရောက်လာကြသောသူများက ကလေးအား သက်တော်ရှည် စေရန်နှင့်ကျန်းမာချမ်းသာစေရန် ဆုမွန်ကောင်းများ တောင်းပေးကြ၏။ တောရွာများတွင် ရွာလုံးကျွတ် ကျွေးမွေးလေ့ရှိသည်။ ယခုအချိန်တွင် ယင်းဓလေ့မှာ အလွန်နည်းပါးစွာ လိုက်နာဆောင်ရွက်ကြသဖြင့် ဤယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ပေသည်။
တနင်္ဂနွေသားသမီးများကို အောက်ပါအတိုင်း အမည်ပေးလေ့ရှိကြသည်။
ယောက်ျားကလေး မိန်းကလေး
အိုက်အောင် အဲအိမ်
အိုက်အောင်ဆာ အဲခမ်း
အိုက်ခမ်းလှ အဲခမ်းလှ
စိုင်းအောင် နန်းအိမ်
စိုင်းအောင်ဆာ နန်းခမ်း
စိုင်းခမ်းလှ နန်းခမ်းလှ
အဓိပ္ပါယ်မှာ-
ရှမ်းစကား မြန်မာအဓိပ္ပါယ်
အိုက်အောင် မောင်အောင်
စိုင်းအောင်
အိုက်ခမ်းလှ မောင်လှရွှေ
စိုင်းခမ်းလှ
အဲအိမ် မသာလိကာ
နန်းအိမ်
နန်းခမ်းလှ မလှရွှေ
အဲခမ်းလှ
အိုက်အောင်ဆာ မောင်အောင်တိုး
စိုင်းအောင်ဆာ
တနင်္လာသားသမီးများကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြသည်။
ယောက်ျားကလေး မိန်းကလေး
အိုက်ခမ်း အဲကြာ
အိုက်ကြာ အဲမို
အိုက်ခမ်းအောင် အဲအိမ်ခမ်း
စိုင်းခမ်း နန်းကြာ
စိုင်းကြာ နန်းမို
စိုင်းခမ်းအောင် နန်းအိမ်ခမ်း
အဓိပ္ပါယ်မှာ-
ရှမ်းစကား မြန်မာအဓိပ္ပါယ်
အိုက်ခမ်း=စိုင်းခမ်း မောင်ရွှေ
အိုက်ကြာ=စိုင်းကြာ မောင်ကြာ
အိုက်ခမ်းအောင် မောင်ရွှေအောင်
စိုင်းခမ်းအောင်
အင်္ဂါသားသမီးများကို အောက်ပါအတိုင်း အမည်ခေါ်၏။
ယောက်ျားကလေး မိန်းကလေး
အိုက်စမ် အဲစမ်
အိုက်ဆာ အဲစိန်ပွင့်
စိုင်းစမ် နန်စမ်
စိုင်းဆာ နန်းစမ်ခမ်း
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
အိုက်စမ် မောင်(ကို)စကားဝါ
စိုင်းစမ်
အိုက်ဆာ မောင်(ကို)တိုး (သို့မဟုတ်) မောင်ကိုသာယာ
စိုင်းဆာ
အဲစမ် မစကားဝါ
နန်းစမ်
နန်းစိန်ပွင့် မစိန်ပွင့်
နန်းစမ်ခမ်း မရွှေစကားဝါ
ဗုဒ္ဓဟူးသားသမီးများကို အောက်ပါအတိုင်း အမည်မှည့်ကြသည်။
ယောက်ျားကလေး မိန်းကလေး
အိုက်လိုင်(လျံ) အဲလောင်
အိုက်လင်း အဲလွန်
အိုက်လှ အဲလှ
အိုက်လောင်ခမ်း အဲလောင်ငင်း
စိုင်းလိုင်(လျံ) နန်းလောင်
စိုင်းလင် နန်းလွန်
စိုင်းလှ နန်းလှ
စိုင်းလောင်ခမ်း နန်းလောင်ခမ်း
စိုင်းလောင်ငင်း နန်းလောင်ငင်း
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
အိုက်လိုင်=စိုင်းလိုင်(လျံ) မောင်(ကို)နီ
အိုက်/စိုင်းလှ မောင်(ကို)လှ
အိုက်/စိုင်းလောင်ခမ်း မောင်(ကို)ရွှေကြယ်
လောင် ကြယ်
ခမ်း ရွှေ
အိုက်/စိုင်းလောင်ငင်း မောင်(ကို)ငွေကြယ်
အိုက်/စိုင်းလင်း မောင်(ကို)အငယ်ဆုံး
ကြာသပတေးသားသမီးများကိုမူ ဤသို့ခေါ်ကြသေး၏။
ယောက်ျားကလေး မိန်းကလေး
အိုက်/စိုင်းမန် အဲ/နန်းမန်=အဲ/နန်းမိုဟိန်း
အိုက်/စိုင်းမြ အဲ/နန်းမြ=အဲ/နန်းမိုခမ်း
အိုက်/စိုင်းမိန်း အဲ/နန်းမြအိမ်=အဲ/နန်းမြမွန်
အိုက်/စိုင်းဘအောင် အဲ/နန်းမြစိန်
အိုက်/စိုင်းဘဦး အဲ/နန်းမွမ်း
အိုက်/- အဲ/နန်းမွမ်းအောင်
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
အိုက်/စိုင်းမန် မောင်(ကို)ခိုင်
အိုက်/စိုင်းမိန်း မောင်(ကို)မြို့
အဲ/နန်းမန် မခိုင်
အဲ/နန်းမွမ်း မအနှစ်
အဲ/နန်းမွမ်းအောင် မအနှစ်အောင်
အဲ/နန်းမိုဟိန်း မကြာပွင့်ဝါ
အဲ/နန်းမိုခမ်း မရွှေကြာပွင့်
ဟိန်း ၀ါသော၊ ၀င်းသော
မွမ်း အနှစ်သာရ
မို ကြာပွင့်
သောကြာသားသမီးများကို အမည်ပေးကြသည်မှာ ဤသို့ဖြစ်၏။
ယောက်ျားကလေး မိန်းကလေး
အိုက်/စိုင်းဆာ အဲ/နန်းဆာ
အိုက်/စိုင်းဆာစမ် အဲ/နန်းဆိုင်ဟိန်း
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
ဆာ တိုးတက်၊ သာယာသည်။
အိုက်/စိုင်းဆာ မောင်(ကို)တိုး
အိုက်/စိုင်းဆာစမ် မောင်(ကို)သာယာသောစကားဝါ
အဲ/နန်းဆိုင်ဟိန်း ၀ါဝင်းတောက်ပသော ကျောက်သံပတ္တမြား
စနေသားသမီးများကို အမည်ခေါ်ပုံ ကြည့်ပါဦး။
ယောက်ျားကလေး မိန်းကလေး
အိုက်/စိုင်းတောင်း အဲ/နန်းတောင်း
အိုက်/စိုင်းသင်း အဲ/နန်းသင်း
အဲ/နန်းနု
အဲ/နန်းနွန်ခမ်း
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
တောင်း ဒေါင်း(ဥဒေါင်းငှက်)
သင်း ချိန်၍ပစ်ရာတွင် လွဲသွားခြင်း
နွန် ဂွမ်း(၀ါဂွမ်း)
နွမ်း ၀တ်ဆံ၊ ၀တ်ရည်
အိုက်/စိုင်းတောင်း မောင်(ကို)ဒေါင်း
အဲ/နန်းတောင်း မဒေါင်း
အိုက်/စိုင်းသင်း မောင်(ကို)ပစ်လွဲ
အဲ/နန်းနု မနုနု
အဲ/နန်းနွန်ခမ်း မဂွမ်းဝါ
အဲ/နန်းနွမ်း မ၀တ်ဆံ၊ မ၀တ်ရည်
အထက်ပါအတိုင်း နေ့သင့်နံသင့် မှည့်ခေါ်ပုံများမှာ အကြမ်းဖျင်း အနည်းငယ်မျှသာ ဖြစ်၏။ အကျယ်ချဲ့ပါက ဆောင်း ပါးသည် လွန်စွာရှည်လျားသွားပြီး စာချစ်သူတို့၏မေတ္တာပို့သခြင်း ခံရတော့မည်ဖြစ်ပါသဖြင့် အတိုချုံးလိုက်ရပါသည်။
မြန်မာတို့မှာ အငယ်ဆုံးသားသမီးများကို နေ့နံမကြည့်တော့ဘဲ “မောင်ငယ်” “မငယ်”ခေါ်သလို ရှမ်းတို့တွင်လည်း အ ငယ်ဆုံးသောသားသမီးတို့ကို “အိုက်လင်း” “စိုင်းလင်း” “နန်းလင်း” စသည်ဖြင့် ခေါ်လေ့ရှိကြသည်။
စော်ဘွားအနွယ်တော်များကို “စိုင်း” “အိုက်” “အဲ” “နန်း” စသည့်အခေါ်များမသုံးပဲ “စ၀်” ‘‘စော” “သီရိ” စသည်ဖြင့် နာမည်၏ရှေ့တွင် ခေါ်လေ့ရှိ၏။ ဥပမာ - “စ၀်ခွန်အောင်” “စ၀်ဟုန်ဖ” “စောစန္ဒာ” စသည်တို့ဖြစ်၏။
ယခုအချိန်တွင်မူ နေ့နံများကို ဂရုမစိုက်ကြတော့ဘဲ မိမိတို့ကြိုက်နှစ်သက်ရာအမည်ကို ပေးထားကြသည်။ အထူးသ ဖြင့် မြို့များနှင့်မြို့ကြီးများတွင် နေထိုင်သူများ၏ထင်ရာမြင်ရာ လုပ်တတ်သော အကျင့်များကြောင့် ဤသို့ဖြစ်ရပေ၏။
“ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်”ဆိုသောဆုံးမစကားကို မနှစ်သက်ကြပေ၍လား မသိ။
ဖေါ်ပြပါ နေ့သင့် နံသင့်အမည်များကို အလှူဒါယကာ၊ အလှူဒါယိကာမ၊ ဘုရားဒါယကာ၊ ဘုရားဒါယိကာမများမဖြစ်မီ အချိန်အထိ ခေါ်ဝေါ်ကြပေသည်။ အထူးသဖြင့် ဘုရားကျောင်းနှင့်ပိဋကတ်ဒါယကာ၊ ဒါယိကာမများဖြစ်သည်အထိဟု ဆိုနိုင် ပေသည်။
ဒါယကာ၊ ဒါယိကာမတို့ကို ဘွဲ့အမည်ပေးခြင်း
ရှမ်းအမျိုးသားတို့သည် အလှူဒါယကာ အလှူဒါယိကာမ ဖြစ်သောအခါ ကျောင်းထိုင်ဆရာတော်များက ဘွဲ့အမည်ပေး ခြင်းကို ဂုဏ်ယူလေ့ရှိကြသည်။ ၎င်းတို့သည် ဗုဒ္ဓမြတ်စွာဘုရားကို မည်မျှယုံကြည်ကိုးကွယ်ကြောင်း သက်သေထူခြင်းပင် ဖြစ် ၏။ တစ်နည်းဆိုသော် ဗုဒ္ဓသာသနာကို ၎င်းတို့၏အမည်နှင့်ထပ်တူစွဲမြဲ ရိုသေကြခြင်း ဖြစ်ပေသည်။ “တစ်မူးရလို့ တစ်ပဲလှူ၊ ဒို့ ရှမ်းတောင်သူ တူနိုင်ရိုးလား”ဆိုသော သံချပ်ကို သတိပြုမိက ရှမ်းတို့၏ဘာသာရေး ကိုင်းရှိုင်းမှုကို သိသာပေသည်။
ဘုရားနှင့်ပတ်သက်သော စာပေ(ဥပမာ - နိပါတ်တော်၊ ဇာတ်တော်)များကို လှူဒါန်းသောဒါယကာ၊ ဒါယိကာမတို့ကို အောက်ပါဘွဲ့အမည်များ ပေးလေ့ရှိသည်။ ဒါယကာကို နေ့နံအလိုက် “ဖတ်ကာလိုင်းဟိန်း၊ ဖတ်ကာလိုင်းဆိုင်” ဒါယိကာမကို “အောက်လိုင်းဆို၊ အောက်လိုင်းဟိန်း၊ အောက်လိုင်းခမ်း”စသည်ဖြင့် အမည်တွင်စေ၏။
ဤအမည်များကို ကျောင်းထိုင်ဆရာတော်များကိုယ်တိုင် မှတ်တမ်းစာနှင့်တကွ ဒါယကာ၊ ဒါယိကာမတို့အား ပရိသတ် ရှေ့မှောက်တွင် ဘွဲ့အမည်ပေးလေ့ရှိသည်။
မှတ်တမ်းစာ
သြီးရီပုံဇေယျတု၊ ၁၃၃၆ ခုနှစ်၊ သာသနာတော်သက္ကရာဇ် ၂၅၁၇ ခု၊ တပေါင်းလပြည့်နေ့တွင် ဒါယကာ..................၊ ဒါယိကာမ.......................တို့သည် ပိဋကတ်သုံးပုံနှင့်ဒီပင်္ကရာမြတ်စွာဘုရားဆင်းတော်တဆူ အလှူရေစက်ချပြီး၍ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးက နိဗ္ဗာန်ရောက်ရန်စခန်း ရွှေပန်းခိုင်ပွင့်ပန်ပေးလျက် အဆိုပါဒါယကာ၊ ဒါယိကာမတို့၏အမည်ဟောင်းကို စွန့်ပယ်၍ အမည်သစ်တွင်စေရန် “ပူလွယ်ခမ်းလိုင်၊ နိုင်းလွယ်ခမ်းလိုင်”ဟု သမုတ်ခေါ်စေ။ အာယုဝဏ္ဏ သုခဗလ ပဋိပန္န အကျိုး ကြီးငါးပါး ပြည့်စုံပါစေ။
ဦးဣန္ဒာစာရ
ကျောင်းထိုင်ဆရာတော်
.................ကျောင်းတိုက်
.........................မြို့။
(မှတ်ချက်။ ။ရှမ်းဘာသာမှ မြန်မာဘာသာသို့ သင့်လျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)
အဆိုပါ ဘွဲ့အမည်ပေးမှတ်တမ်းကို ပုံနှိပ်တိုက်တွင် ရွှေမင်၊ ငွေမင်တို့ဖြင့် ရိုက်နှိပ်ပြီး ဆရာတော်၏လက်မှတ် ရေးထိုး ရသည်။
ဒါယကာ၊ ဒါယိကာမတို့မှာ ဆရာတော်များက ပေးအပ်သောအမည် တွင်ပေတော့သည်။ မိတ်ဆွေအပေါင်းအသင်းတို့ ကလည်း ယင်းဘွဲ့အမည်ကို အသိအမှတ်ပြု၍ ခေါ်ဝေါ်လေ့ရှိကြပေသည်။
ဘုရားတကာ ကျောင်းတကာဖြစ်သော ဒါယကာ ဒါယိကာမတို့သည် “ဖက်ကာဆွယ်ဆိုင်” “ဖက်ကာဆွယ်ဟိန်း” “နန်းဆွယ်ဆိုင်” “နန်းဆွယ်ဟိန်း” “နန်းဆွယ်ခမ်း” စသည့်ဘွဲ့အမည် ပေးကြသည်။
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
ဆွယ် ညောင်ရွက်ဆွဲလဲ
ဆိုင် ကျောက်၊ ပတ္တမြားကျောက်
ဖက်ကာ လှူဒါန်းပြီးသူ
လိုင်း စာပေလှူသူ
ပိဋကတ်နှင့်ရုပ်ပွားလှူခြင်း
ရှမ်းအမျိုးသားတို့သည် ဒါယကာ၊ ဒါယိကာမဘွဲ့အမည်ကို အသက်နှင့်ထပ်တူထပ်မျှ မြတ်နိုးကြခြင်းကြောင့် အမြင့်ဆုံး သော ဘွဲ့အမည် ရရှိနိုင်ရေး ချွေးနည်းစာကို စု၍ စေတနာထက်သန်စွာ လှူဒါန်းတတ်ကြသည်။
သုတ်(၃)ကျမ်း၊ ၀ိနည်း(၅)ကျမ်း၊ အဘိဓမ္မာ(၇)ကျမ်းပါဝင်သော ပိဋကတ်(၃)ပုံနှင့်ဘုရားဆင်းတုတော် လှူဒါန်းသော နေ့တွင် နံနက်ပိုင်း၌ သံဃာတော်များအား ဆွမ်းကပ်ပြီး တရားတော်နာကြ၏။ ကြွရောက်လာသောမိတ်ဆွေများနှင့်ဧည့်ပရိ သတ်တို့ကိုလည်း ထမင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။ မြန်မာတို့ဓလေ့နှင့်အတူတူပင်။ ဘွဲ့အမည်ပေးခြင်းသာ ကွာခြား၏။
အဓိပ္ပါယ်မှာ-
ရှမ်းဘာသာ မြန်မာဘာသာ
ပူလွယ် မြင့်မြတ်သောအဖိုး
အောက်လွယ် မြင့်မြတ်သောအဘွား
ခမ်း ရွှေ
လိုင်(လျံ) သိင်္ဂီရွှေ
ပူ အဖိုး
လွယ် တောင်၊ ကြီးမားသော၊ မြင့်သော။
ကွယ်လွန်သော်
လူသားများဖြစ်ကြသော ကျွန်တော်တို့တစ်တွေသည် တစ်နေ့နေ့တွင် အပုပ်ကောင် ဤခန္ဓာကိုယ်ကြီးကို စွန့်ခွာရမည် မှာ ဓမ္မတာပင် မဟုတ်ပါလော။ သို့သော် မသေမီကာလတွင် လောကစ္ဆကောင်းကျိုးကို ပြုလုပ်ရမည်မှာကား လူသားတိုင်း၏ တာဝန်ဟုသတ်မှတ်ရပေမည်။
သို့ဖြစ်၍ သာသနာကို အလှဆင်ပေးကြသည်။ ရှမ်းအမျိုးသား ဒါယကာ ဒါယိကာမတို့သည်လည်း အနိစ္စတရားကို မ လွန်ဆန်နိုင်ကြပေ။ ၎င်းတို့ဘ၀တစ်ပါးသို့ ပြောင်းကြသောအခါ ၎င်းတို့ကြိုက်တတ်သော အစားအစာ(ထမင်းနှင့်ဟင်းမှလွဲ၍) နှင့်ဘွဲ့အမည်စာတမ်းများကို လွယ်အိတ်အသစ်တစ်ခုထဲတွင် ပြည့်စုံစွာထည့်၍ ၎င်းနှင့်အတူ ခေါင်းထဲတွင် ထားပေးရသည်။ သို့မှသာ ကွယ်လွန်သူဒါယကာ၊ ဒါယိကာမတို့သည် ကောင်းရာသုဂတိသို့ မြန်မြန်ရောက်ကြသည်ဟု ရှမ်းတို့ယုံကြည်၏။ ဤ သို့ပြုလုပ်ရန် မသိ၍သော်၎င်း၊ မေ့၍သော်၎င်း၊ သင်္ဂြိုဟ်လိုက်ပါက ကွယ်လွန်သူသည် မိမိအား မိသားစုထဲမှ အချစ်ဆုံးသူအား မိမိ၏ဘွဲ့အမည် စာတမ်းနှင့်ကြိုက်တတ်သောအစာကို ပေးရန် အိပ်မက်ပေးတော့၏။
ထိုအခါ ကွယ်လွန်သူ၏မိသားစုမှ တတ်နိုင်သရွေ့ ဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေးပရိတ်တရားနာရ၏။ ၎င်းဘွဲ့အမည် စာတမ်းကိုလည်း ဘုန်းကြီးကျောင်းတွင် လှူရပြီး ကွယ်လွန်သူကောင်းရာမွန်ရာဘ၀သို့ ရောက်ပါစေဟု အမျှပေးဝေရသည်။ ဤသို့ ပြုလုပ်မှသာ ကွယ်လွန်သူသည် ကောင်းရာသုဂတိသို့ လားရမည်ဟုရှမ်းအမျိုးသားတို့က ယုံကြည်သည်။ ဘာသာရေး ကို ယုံကြည်မှုပင်။
ထူးခြားချက်တစ်ခု
အသက်ကြီး၍ နာမကျန်းဖြစ်ပြီး သေလုမျောပါးဖြစ်နေသူ ဒါယကာ ဒါယိကာမတို့အား ယခင်က ၎င်းတို့လှူဒါန်းခဲ့သော ကောင်းမှုအတွက် ချီးမြှင့်ခြင်းခံခဲ့ရသော ဘွဲ့အမည်ပေး မှတ်တမ်းစာကို လူနာအား စောင့်ရှောက်သူက ဖတ်ပြပေးရသည်။ ပေါက်ပေါက်ဗူး၊ ပုတီးနှင့်ယင်းဘွဲ့အမည်ပေးမှတ်တမ်းတို့ကို လူနာအား ပေးအပ်ပြီး တရားသံဝေဂရစေမည့်စကားများကို ပြော ကြရသည်။ တရားစာများ ဖတ်ပြကြရသည်။ သေလုမျောပါးဖြစ်နေသည့်လူနာမှာ တစ်ချိန်က မိမိပြုခဲ့ဖူးသော ကောင်းမှုကို သတိရရှိပြီး သာဓုခေါ်၍ စိတ်ရွှင်လန်းလာတတ်၏။ ရောဂါများ သက်သာလာပြီး အသက်ပို၍ ရှည်လာလေ့ရှိသည်။ ဘာသာရေး တွင် အချိန်ပြည့်ဆောင်ရွက်လေ့ရှိသူ၊ လားရှိုးမြို့ စည်ပင်သာယာရေးအဖွဲ့မှ ရုံးလုလင်ကြီးလိုင်းဆိုင်အောင်ဘ၏ကိုယ်တွေ့ဖြစ် ကြောင်း လေ့လာမှတ်သားရပေသည်။ ကိုယ်တွေ့ကြုံသူ အများအပြားရှိသဖြင့် ဘွဲ့အမည်ပေးခြင်းသည် မည်မျှအရေးပါကြောင်း သိသာနိုင်ပေသည်။
ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ရှမ်းအမျိုးသားတို့၏ချစ်စရာဓလေ့ တစ်စေ့တစ်စောင်းကို မှတ်တမ်းတင်ခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၏မဟာမိတ်သာလျှင် ဖြစ်ကြောင်း။
(ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် အကူအညီပေးသော လားရှိုးမြို့ စည်ပင်သာယာရေးအဖွဲ့မှ လိုင်းဆိုင်အောင်ဘ အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။)
ကမ္ဗောဇ-စိုင်းလှကျော်
မှတ်ချက်။ ။၁၉၇၄-ခုနှစ်၊ ဒီဇင်ဘာလထုတ် သံလွင်ဦးမဂ္ဂဇင်း စာမျက်နှာ(97 မှ 104ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:
Post a Comment