Popular Posts

Friday, September 27, 2013

ရွှေလည်တိုင် (ယုဝတီဂျင်းဖောမယ်)

    ရွှေလည်တိုင် ဖော့ဖယောင်း ပျော့ကာပျောင်းမှ လှပါသည်ဆိုသော ခေတ်ကပင် မိခင်နဂါးမမှ ပေါက်ဖွားလာခဲ့ကြပါ သည်ဆိုသော “ယကမ်းပဒေါင် လှယမင်း”တို့သည် လည်တိုင်ကို ဖော့ဖယောင်းအသွင် ပျော့ပျောင်းသည်ကို မလိုလားခဲ့ကြပေ။ ယင်း တင်စားချက်ကို ဆန့်ကျင်ကာ လည်တိုင်ကြော့ကြော့ကို လေတိုးက ကျိုးကျ၍မသွားအောင် ရွှေဝါရောင် ကြေးအလှနှင့် ရစ်ခွေပတ်ကာ ရွှေလည်တိုင် လှယမင်းအဖြစ် ၀င့်ကြွားစွာ နေလာခဲ့သည်မှာ “အေဒီ ၉၀၀ နှစ်မှသည် ယနေ့အထိ”ဖြစ်ပါသည်။
    မတို့၏လောက၌ ရွှေရောင်တ၀င်းဝင်းနှင့် လည်တိုင်ကြော့ကြော့ထက်၌ ခေါင်းမော့မော့ဖြင့် ကမ္ဘာ့အလှမယ်များ၏ကြား ၌ အံ့ဖွယ်အလှဖြင့် သရဖူဆောင်းနိုင်ခဲ့ကြသည့်လှယမင်းများသည် ကျွန်ုပ်တို့၏ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ တော်မှ တိုင်းရင်းသူ “ကယမ်းပဒေါင်မကလေးများပင်” ဖြစ်ပါ၍ ဂုဏ်ယူရမည် ဖြစ်ပါသည်။

ကြေးခွေဖြင့် လည်တိုင်အလှဆင်ကြခြင်းများအကြောင်း

    ကယမ်းပဒေါင်မကလေးများ ဘာ့ကြောင့် ကြေးဝါခွေဖြင့် လည်တိုင်ကို အလှဆင်ကြသည်ကို အတိအကျ ပြောမပြနိုင် ကြသော်လည်း သက်ကြီးတို့၏ပါးစပ်ပုံပြင်အရ လည်ဗလာနှင့်သာမန်အလှထက် ကြေးဝါခွေ ရစ်ပတ်ထားသည့်ရွှေလည်တိုင်က ပို၍လှသည့်အတွက် ကြေးခွေဖြင့် အလှပြင်ကြသည်ဟုဆိုပါသည်။
    အချို့အချို့သော ဘိုးဘွားတို့ကမူ အဖ၀ိဇ္ဇာ၊ အမိ နဂါးမမှ ပေါက်ဖွားလာခဲ့သည့်အမျိုးအနွယ်ဖြစ်၍ အမိနဂါးမ၏လည် တံနှင့်တူညီရန် ကြေးခွေရစ်၍ အလှဆင်ကြခြင်း ဖြစ်ပါသည်ဟုဆိုသည်။
    အချို့သော ရှေ့မီနောက်မီ မိကြီးဘကြီးတို့က ရှေးအခါက ကယမ်းပဒေါင်တို့သည် မင်းနေပြည်တော် ဒဂုံမြို့သို့ရောက် ရှိခဲ့ကြဖူးပြီး ရွှေတိဂုံစေတီတော်မြတ်အား ဖူးမြော်ခဲ့ရသည်ကို မမေ့နိုင်ဖြစ်ကြသည့်အတွက် စေတီတော်မြတ်အား အမှတ်တရ ပူဇော်သည့်အနေဖြင့် အမျိုးသမီးများ မိမိတို့၏လည်တိုင်ကို ရွှေများ၊ ကြေးဝါများ စသည်တို့ဖြင့် ရစ်ခွေပတ်ကာ စေတီပုံသဏ္ဌာန် ဖော်ထားကြပါသည်ဟုဆိုကြပါသည်။
    အချို့သော ဒေါ်ကြီး ဒေါ်လေးတို့ကမူ တစ်မူထူးခြား၍ ပြောကြပြန်သည်။ ပဒေါင်လှယမင်းများ အသက်(၅)နှစ်မှစ၍ ဒုက္ခခံကာ ကြေးဝါခွေဖြင့် လည်တံကို အလှဆင်ကြခြင်း၏အကြောင်းရင်းမှာ လှယမင်းကလေးများ အရွယ်ရောက် မရောက် အပျိုစစ် မစစ် သိရှိနိုင်ရန် ဖြစ်သည်ဟုဆို၏။
    မည်သို့ပင်ဆိုစေ၊ ကယမ်းပဒေါင် လှယမင်းတို့၏ရွှေလည်တိုင်သည် ကြေးကွင်းအလှနှင့်ကမ္ဘာတွင် အလှသရဖူဆောင်း လျက်ရှိနေကြတုန်းပင် ဖြစ်ပါသည်။

ပေါင်ခြောက်ဆယ်နှင့်လှယမင်း

    နဂါးမျိုးနွယ် ကယမ်းလှယမင်းတို့သည် ငါးနှစ်သမီးမှစ၍ ခေါင်းပိတ်ကြေးဝါခွေ နှစ်ခွေမှ သုံးခွေအထိ လည်တိုင်ကို စ တင်၍ ရစ်ခွေကာ ပတ်ထားကြရ၏။
    အသက်ဆယ်နှစ်သို့ ရောက်သောအခါ ငါးနှစ်အရွယ်က စတင်ရစ်ပတ်ထားသော ကြေးခွေများမှ လေးငါးခွေကို ပြန် ဖြုတ်ပစ်ကြကာ အသစ်တစ်ဖန် ထပ်မံဆယ်ခွေပြည့်အောင် ရစ်ပတ်ကာ ထားကြရပြန်၏။ အသက်နှစ်ဆယ်ပြည့်သောအခါ  ကြေးခွေ ဆယ့်ငါးခွေမှ အခွေနှစ်ဆယ်ထိ ပတ်ခွေကြရပြန်၏။
    ယင်းသို့အဆင့်ဆင့် ရစ်ခွေထားသော ကြေးခွေများ လှုပ်၍မနေရန် တည်ငြိမ်မှု ရရှိရန် ပခုံးနှစ်ဖက်အတိုင်းအတာသို့ တိုင်အောင် ကြေးခွေငါးခွေကို အောက်ခံအဖြစ် အခိုင်အခံ့ ရစ်ခွေပတ်နှောင်ထားကြပြန်လေသည်။
    ရွှေလည်တိုင်မော့မော့နှင့်အလှထူးစေရန် ရစ်ပတ်ဆင်မြန်းထားသော ကြေးဝါသည် အကွင်းလိုက် စွပ်ထားခြင်းမဟုတ် ဘဲ လက်ညှိုးအရွယ် ခေါင်းပိတ်ကြေးချောင်းလုံးအရှည်ကြီးကို လည်တံတွင် အဆင့်ဆင့်တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်ကာ ဆင် မြန်းထားကြခြင်း ဖြစ်သည်။
    ကယမ်းပဒေါင်လှနတ်မယ်တို့၏လည်တံမှ လက်ကောက်ဝတ်နှစ်ဖက်နှင့်လက်မောင်းနှစ်ဖက်အထိ ငွေလက်ကောက် ခြေမျက်စိနှစ်ဖက်မှ ဒူးဆစ်အထိ ကြေးဝါခွေများ ရစ်ပတ်ထားသည့်ကြေးလက်ဝတ်ရတနာများကို ဖြုတ်ယူချိန်တွယ်ကြည့်က ပေါင်အလေးချိန်(၆၀)ထက်မနည်း ရှိသည်ကို တွေ့ရမည်ဖြစ်၏။
    လှယမင်းတို့သည် ပေါင်ခြောက်ဆယ်အလေးချိန်ရှိ လက်ဝတ်ရတနာနှင့် နေ့စဉ် ပေါက်တူး၊ ပေါက်ပြားကိုင်ဆောင်ကာ တောင်ယာပဲခင်း၊ ထင်းခွေ၊ ဆန်ဖွပ်၊ ရေခပ်၊ ထမင်းချက်၊ ခေါင်ရည်တည်၊ ၀က်စာ၊ ကြက်စာကျွေး၊ ဂျပ်ခုတ်စသည့်ဝတ္တရားများ ကို ဇယ်စက်သလို လုပ်ကိုင်သွားနိုင်ကြသော အံ့ဖွယ်အမျိုးသမီးများပင် ဖြစ်တော့၏။

မွန်ဂိုကုန်းမြင့်ဒေသမှသည် မြန်မာနိုင်ငံတော်အတွင်းသို့

    ပဒေါင်ခေါ် ကယမ်းအမျိုးသားလူမျိုးစုတို့သည် အခြားပြည်ထောင်စုနွယ်ဖွား တိုင်းရင်းသားများကဲ့သို့ပင် အာရှတိုက်အ လယ်ပိုင်းမှသည် မွန်ဂိုကုန်းမြင့်ဒေသ၊ ၎င်းမှ တောင်ဘက်သို့ ဆင်းသက်လာခဲ့ကြသည့်လူမျိုးအုပ်စုများထဲတွင် ပါဝင်ခဲ့ကြသည် ဟု သမိုင်းသုတေသီများနှင့်မနုဿဗေဒပညာရှင်ကြီးများက ဆိုကြပါသည်။
    ပဒေါင်ဟု လူသိများသော “ကယမ်း”လူမျိုးတို့သည် တရုတ်ပြည် ယန်စီမြစ်နှင့်ဟိုဟန်ဟိုမြစ်ဖျားတွင် နေထိုင်ခဲ့ကြပြီး ထိုမှတစ်ဆင့် အေဒီ(၉၀၀)ခန့်အချိန်မှစ၍ သံလွင်၊ စစ်တောင်း၊ ဧရာဝတီမြစ်ကမ်းဒေသများသို့ အသုတ်လိုက်ရွှေ့ပြောင်းလာခဲ့ ကြခြင်း ဖြစ်သည်။
    ထိုမှတစ်ဆင့် ရမည်းသင်းအရှေ့ဘက် ရှမ်းရိုးမတောင်တန်းများသို့ ရွှေ့ပြောင်းလာကြပြီး တောင်တန်းများ၏အရှေ့အ တွင်းပိုင်း၌ တည်ရှိသော မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်း၌ အရွှေ့အပြောင်းမရှိ နေထိုင်ခဲ့ကြသည်မှာ ယခုအချိန်ထိပင် ဖြစ်လေ သည်။
    ပဒေါင်ကယမ်းတို့သည် ပဒေါင်ကယမ်း၊ ကေခိုကယမ်း၊ လထကယမ်း၊ ကေဘာကယမ်း စသည့်မျိုးနွယ်အုပ်မှ ဆင်း သက်လာခဲ့ကြခြင်း ဖြစ်၏။
    ယင်းဘောကယမ်းမျိုးနွယ်အုပ်စုများမှ ကယမ်းကငန်တို့သည် ကယားပြည်နယ်(ယခင် ကရင်နီပြည်နယ်)အတွင်း၌ နေထိုင်ကြသော မျိုးနွယ်အုပ်စုများ ဖြစ်ကြသည်။
    ကယမ်း(ပဒေါင်)အမျိုးသားတို့သည် သီးခြားစာပေဟူ၍ မရှိခဲ့ဘဲ ကေခိုကယမ်းများ အသုံးပြုသော ရောမအက္ခရာဖြင့် တီထွင်ပေးထားသည့် ကေဘားမျိုးနွယ်စာပေများကို အသုံးပြုကြသည်။
    ဖယ်ခုံမြို့နယ်အတွင်း၌ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသော ရှမ်း၊ မြန်မာ၊ ကယမ်း၊ ကယား၊ အင်းသား၊ ပအို့ဝ်၊ တောင်ရိုး၊ တောင်သူ၊ လီစူး(လီရှော)စသည့်လူမျိုးစုအသီးသီး စုပေါင်းနေထိုင်ကြသော်လည်း ၉၀ ရာခိုင်နှုန်းမှာ ကယမ်း(ပဒေါင်) လူမျိုးများ ဖြစ်ကြသည်။
ဘာသာဘာဝ မိုးလေ၀သ တိုင်းထွာကြခြင်း

    ပဒေါင်ကယမ်းတို့သည် တောင်ပေါ်ဒေသဖျားများ ပီသစွာပင် မိုးလေ၀သကို တိုင်းထွာကြရာ၌ သရက်စေ့ကို အသုံးပြု လေ့ရှိကြသည်။ သရက်စေ့၏ခေါင်းပိုင်းကို ပိုးထိုးကိုက်စားထားလျှင် မိုးများမည်။ သရက်စေ့၏အောက်ပိုင်းကို ပိုးထိုးလျှင် မိုးပါး မည်။ သရက်စေ့၏အလယ်တည့်တည့်ကို ပိုးကိုက်စားထားက မိုးလေ၀သမှန်မည်ဟု မှတ်ယူတတ်ကြသည်။ မှန်လည်းမှန်တတ် ပါသည်။

မြေနှင့်ထင်းရှူးတောများကို မြတ်နိုးသောကယမ်း

    တောင်ပေါ်တိုင်းရင်းသားကယမ်းလူမျိုးတို့သည် ချိုင့်ဝှမ်းများတွင် လယ်စိုက်ကြပြီး တောင်တန်းတောင်ထိပ်များပေါ် တွင် တောင်ယာလုပ်ကြသည်။
    တောင်ယာလယ်လုပ်နှင့်အသက်မွေးဝမ်းကျောင်း ပြုကြသူများ ဖြစ်သည်နှင့်အညီ ကယမ်းတို့သည် မြေများကို ချစ်ကြ သူများ ဖြစ်သည်။ မိမိတို့၏ရွာပိုင်မြေများကို တစ်ပါးသူ၏လက်သို့ အပါမခံနိုင်ကြပေ။
    စိမ်းလန်းလှပသော ထင်းရှူးတောများကိုလည်း မြတ်နိုးကြသူများ ဖြစ်သည်။
    တောင်ယာစိုက်ပျိုးကြသည့်အခါများမှာပင် ကယမ်းပဒေါင်တို့သည် ထင်းရှူးစေ့များနှင့်စိုက်ပျိုးမည့်သီးနှံမျိုးစေ့များ ရောကာ မျိုးကြဲစိုက်ပျိုးသည့်ထူးခြားသောအလေ့များကို ပြုလုပ်တတ်ကြလေသည်။
မိုးကြိုးနှင့်ကယမ်းပဒေါင်

    ကယမ်းတို့သည် မိုးကြိုးပစ်မှာ အလွန်ကြောက်တတ်သူများ ဖြစ်ကြသည်။ အကြောင်းတစ်စုတစ်ရာကြောင့် တစ်ဦးကို တစ်ဦး အထင်မှားကြသည့်အခါများ၌ မိုးကြိုးပစ်ရပါစေရဲ့၊ ယုံပါဟု ကျိန်ဝံ့သူများ မဟုတ်ပေ။
    ထိုသို့ကျိန်လျှင် အကယ်ပင် မိုးကြိုးပစ်လိမ့်မည်ဟုယုံကြည်တတ်ကြသဖြင့် ကျိန်တွယ်ရန် အလွန်ပင် အပန်းကြီးတတ် ကြသည်။
    မိမိတို့ပိုင် တောင်ယာနှင့်လယ်တဲများကို မိုးကြိုးပစ်ခြင်းခံရက ၀က်သတ်၍ မိုးကြိုးနတ်အား ပူဇော်ပသတတ်ကြ၏။
    ခရစ်ယာန်ဘာသာ၌ သက်ဝင်ယုံကြည်ကိုးကွယ်ကြသူ ကယမ်းအမျိုးသားများတို့ကမူ ၀က်သတ်၍ မိုးကြိုးနတ်ကို ပူ ဇော်ခြင်း မပြုကြတော့ဘဲ ယင်းယာနှင့်လယ်တဲများအပေါ်၌ လက်ဝါးကပ်တိုင်(Cross)ကို ချိတ်ဆွဲ၍ ဓမ္မဆရာကိုပင့်ကာ အန္တ ရာယ်ကင်းရန် ဆုတောင်းပတ္ထနာပြုလုပ်ကြ၏။

နတ်မျိုးစုံစွာ ပသကြရာဝယ်
   
    ကယမ်းပဒေါင်တို့သည် နတ်ပင့်နတ်မေး နတ်ကိုးပြုလုပ်ခြင်းများ၌ ယုံကြည်တတ်သူများဖြစ်သည်။
    ခရစ်ယာန်ဘာသာဝင် ကယမ်းများပင် ဖျားနာခြင်းရက် ကြာရှည်လာသည့်အခါများ၌ နတ်ဖမ်းစားသည်ဟုယူဆထင်မှတ် လာကြပြီး နတ်ဆရာများနှင့်နတ်များ ပင့်ကာ ခေါင်ဖတ်၊ ကွမ်း၊ သားစိမ်း၊ ငါးစိမ်း၊ ကြက်ဝက် အသားစိမ်းများဖြင့် ပူဇော်ပသတတ် ကြသည်။
    အိမ်၌လည်း သီးခြားနတ်စင်များကို ဆူးခတ်၊ ဆူးရွက်၊ သစ်ကိုင်း၊ သစ်ခက်များ ထိုးစိုက်ကာ ပြုလုပ်ထားတတ်ကြ၏။
    အမျိုးသမီးများ ရာသီပန်းပွင့်က နတ်စင်၏အနားသို့ သွားရောက်ကြခြင်း မပြုကြရပေ။
    မဆင်မခြင် အယုံအကြည်မရှိ၊ ဤပညတ်ချက်ကို ချိုးဖောက်မိလျှင် ဗိုက်နာ၊ ယားယံ၊ ခေါင်းကိုက်၊ ဖျားနာခြင်းများဖြစ် တတ်သည်ဟုယုံကြည်ကြသည့်အတွက် ဆန်တစ်ဆုပ်ဖြင့် ယင်းဖောက်ဖျက်မိသူ အမျိုးသမီးအား ပက်ပေးကြရ၏။

တံခွန်တိုင်နတ်၏ဆက်သား ငှက်ကလေး

    နတ်မျိုးစုံတို့၌ ယုံကြည်ကြသော ကယမ်းတို့သည် တံခွန်တိုင်နတ်ကိုလည်း ကိုးကွယ်တတ်ကြလေသည်။
    တံခွန်တိုင်နတ်ကို ကယမ်းတို့က မြေနှင့်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောနတ်ဟု ယုံကြည်ကြ၏။
    တံခွန်တိုင်နတ်မင်း၌ ဆက်သားကလေးများအဖြစ် ငှက်ငယ်ကလေးများ ထားရှိသည်ဟုလည်း ယုံကြည်ကြသဖြင့် တံ ခွန်တိုင်၌ ငှက်ရုပ်ကလေးများကို လှပစွာ ရေးခြယ်တတ်ကြလေသည်။

ဖားစည်၏အလှ၊ ဖားစည်၏ကျက်သရေ

    ငွေတောင်ပျော် ကယားလူမျိုးများကဲ့သို့ပင် ကယမ်း(ပဒေါင်)တို့သည် ပဉ္စလောဟာသတ္တုငါးမျိုးဖြစ်သော (ရွှေ၊ ငွေ၊ ဘော်၊ ကြေး၊ သွပ်)စသည်တို့ဖြင့် သွန်းလုပ်ထားသည့်ဖားစည်၏အလှကို သူမတူအောင် မြတ်မြတ်နိုးနိုး ရိုရိုသေသေ တန်ဖိုး ထားရှိတတ်ကြသည်။ “ဖားစည်”ကို ပြုလုပ်ရာ၌ ဖားစည်၏အလယ်ဗဟိုတွင် ဖောင်းကြွသောသူရိယနေမင်း၏ပုံတော်ကို ဖေါ် ပြထားကာ နေမင်း၏လေးဘက်တွင် ဖားတစ်ကောင်စီ သို့မဟုတ် နှစ်ကောင်ထပ်၊ သုံးကောင်ထပ် ရုပ်လုံးကြွထုလုပ်ထားကြ သည်။
    အချို့ဖားစည်များတွင် ဖားရုပ်အစား(ဆင်ရုပ်၊ ငါးရုပ်၊ ခရုရုပ်)များဖြင့် ဖားစည်၏အလှ၊ ဖားစည်၏ကျက်သရေတော်ကို ဖေါ်ကျူးထားတတ်ကြ၏။

ဖားစည်မပါလျှင် ပွဲမမည်

    ပဒေါင်ကယမ်းလူမျိုးတို့သည် ဖားစည်မပါက ပွဲတော် အထမြောက်နိုင်ခြင်း မရှိဟုပင် ထင်မှတ်ကြသည့်အထိ ဖားစည် ကို တန်ဖိုးထားတတ်ကြသူများ ဖြစ်သည့်အလျောက် တံခွန်တိုင် ပွဲတော်အကများ၌ ရွှေဖားစည်အက၊ တုတ်အက၊ အိမ်တက် မင်္ဂလာပွဲတော်အက၊ အသုဘအက စသည့်အမျိုးမျိုးသော ပွဲတော်များနှင့်အကတို့တွင် ရွှေဖားစည် မပါလျှင် ပွဲမမည် ဖြစ်တတ် ကြလေသည်။

ပျားနှင့်ကယမ်း

    တောင်တန်းပျော် ကယမ်းပဒေါင်တို့သည် အမဲလိုက်ခြင်း၌ ၀ါသနာပါကြသူများ ဖြစ်သကဲ့သို့ ပျားမွေးမြူခြင်း၌လည်း ၀ါသနာပါ၍ ကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။
    ကယမ်းတို့သည် ပျားများကို ဆွဲဆောင်နိုင်သည့်အပင်များကို ရှာဖွေကာ သစ်ပင်ကြီးများကို အခေါင်းထွင်း၍ ယင်းအ ပင်များ၏အခေါင်းတွင်းသို့ ထိုးထည့်ခြင်းဖြင့် ပျားများကို အုံဖွဲ့စေ၏။
    ပျားကြီးမျိုးအတွက်ကိုမူ ပျားကြီးမျိုး ကြိုက်တတ်သောပျားကြီးမျိုးကို ဆွဲဆောင်နိုင်သော သစ်ပင်မှ သစ်ခက်သစ်ရွက် များကို ရှာဖွေ၍ တောင်စောင်းရှိ အပေါက်ကြီးများ၊ ကျောက်ကြိုကျောက်ကြားများ၏အပေါ်တွင် နတ်ကွန်းပုံဆန်ဆန် တဲငယ် များထိုး၍ ပျားကြီးများ အလိုအလျောက် လာရောက်စွဲစေခြင်းဖြင့် ပျားရည်များကို များများစားစားနှင့် မှန်မှန်ရယူကြလေသည်။

    ရွှေလည်တိုင် လှယမင်းတို့၏မင်္ဂလာပွဲ

    နဂါးမျိုးနွယ် ရွှေလည်တိုင်ကယမ်းပဒေါင် လှယမင်းတစ်ဦးကို ချစ်သူနဂါးမောင် ကိုလူပျိုက ရာသက်ပန်ဘ၀ခရီးဖေါ် အဖြစ် လက်ထပ်လိုက ချစ်သူရွှေလည်တိုင် လှယမင်း၏မိဘများထံ အောင်သွယ်လွှတ်၍ စေ့စပ်ကြရပြီး ယင်းအောင်သွယ်အား ခေါင်ရည်တိုက်ရသည့်အပြင် ငွေဒင်္ဂါးနှစ်ပြားမှ သုံးပြားအထိ ပေး၍ ဖျာတစ်ချပ်နှင့်ဝက်လည်ကုပ်သားတစ်တုံးကိုပါ ပေးကြရ၏။
    ချစ်သူရွှေလည်တိုင်မလေး၏မိဘများက စေ့စပ်ခြင်းကို လက်မခံခဲ့လျှင် ယောက်ျားလေးဘက်မှ မိန်းကလေးအတွက် ငွေဒင်္ဂါးဆယ်ပြား သို့မဟုတ် ပြားနှစ်ဆယ်နှင့်ဝတ်စုံတစ်စုံ ကညာကြေး ပေးကြရပြီး မင်္ဂလာရက်မြတ်အခါတော်ကို ကြက်ရိုးထိုး ဗေဒင် သို့မဟုတ် နှီးချိုးဗေဒင်ဖြင့် တွက်ချက်ရွေးချယ်ကြလေသည်။

သစ္စာခေါင်ရည် သောက်ပွဲ

    မင်္ဂလာဆောင်သောနေ့တွင် သတို့သားနှင့်သတို့သမီးတို့သည် သစ္စာခေါင်ရည်အိုးကို အလယ်မှာထားကာ သက်သေ အဖြစ် သတို့သမီးဘက်တွင် တစ်ယောက်၊ သတို့သားဘက်တွင် တစ်ယောက် သက်သေနှစ်ဦးရှေ့တွင် နောင်အခါ မိန်းကလေး ဘက်မှ ဇနီးမယားကောင်းအဖြစ် ပြုမူနေထိုင်ခြင်း မရှိ၊ လော်လီဖောက်ပြားက မင်္ဂလာပွဲ၏ကုန်ကျစရိတ်အားလုံးကို ပေးလျော် ၍ ကွာရှင်းပြတ်စဲပေးမည်ဖြစ်ကြောင်းကို သစ္စာဆိုပြီး သစ္စာခေါင်ရည်သောက်ရ၏။
    နှစ်ဦးနှစ်ဖက်သက်သေတို့ကလည်း သတို့သား သတို့သမီးနည်းတူ သစ္စာဆိုကာ သစ္စာခေါင်ရည်ကို သောက်ကြရ၏။
    မင်္ဂလာဧည့်ခံကျွေးမွေးခြင်းကို နံနက်ပိုင်းတွင် မိန်းကလေး၏နေအိမ်တွင် ပြုလုပ်ရပြီး နေ့လယ်စာကို မိန်းကလေးဘက် မှ ဆွေမျိုးများကိုသာ ကျွေးရလေသည်။
    ထို့နောက် ညနေပိုင်းနေရီချိန်သို့ ရောက်သောအခါ ရွှေလည်တိုင် ယမင်းအလှ သတို့သမီးကို အိုးစည်ဗုံမောင်းတီးခတ် ကာ သတို့သား၏အိမ်သို့ အရောက်ပို့ပေးကြရ၏။
    သတို့သား၏အိမ်သို့ရောက်သောအခါ အသင့်စောင့်နေသော သတို့သားညီမ သို့မဟုတ် ညီတို့က မင်္ဂလာခေါင်ရည်အိုး တွင် ၀ါးပိုက် သို့မဟုတ် ကျူရိုးပိုက်တပ်ကာ သတို့သမီးအား လာရောက်တိုက်ကျွေးကြရ၏။
    လိုက်ပါပို့ဆောင်ပေးသောဧည့်သည်များကို သတို့သား၏အိမ်က ထမင်းဟင်းနှင့်ခေါင်ရည်စသည့်ရိုးရာအကျွေးအမွေး ဖြင့် ဧည့်ဝတ်ပြုကြရပြန်လေ၏။

မင်္ဂလာအိပ်ရာခန်း ပြင်ဆင်ကြရာဝယ်

    လေးတောင်ပြည့် ခန်းသာလယ်၌ ရွှေလည်တိုင် ပန်းအလှစံပယ်ကို ဘယ်ခြောက်ကာ ညာလှမ်း၍ မဖမ်းရအောင် မင်္ဂ လာအိပ်ရာကို ရွာရှိ အသက်အရွယ် အကြီးဆုံးသောအဘိုးနှင့်အဘွားတို့က အထူးပြင်ဆင်ပေးကြရ၏။
    သို့မှသာ ကြင်စဦး မင်္ဂလာမောင်မယ် နှစ်ဦးတို့သည် ဤအဘိုးနှင့်အဘွားတို့လို အသက်ရှည်၍ အသက်ထက်ဆုံးပျော် ရွှင်စွာ ပေါင်းဖက်နိုင်ကြမည်ဟု ယုံကြည်ကြလေသည်။

ရွှေလည်တိုင်တို့၏ကြက်ရိုးထိုးနှင့်နှီးချိုးဗေဒင်

    နတ်ပင့်နတ်ကိုး နတ်မေးခြင်းတို့သည် ကယမ်းပဒေါင်တို့၏ရိုးရာဓလေ့တစ်ခုပင် ဖြစ်သည်။
    ယင်းနတ်မေးခြင်းများအနက် ကြက်ရိုးထိုးဗေဒင်နှင့်နှီးချိုးဗေဒင်နှစ်မျိုးတို့သည် ကယမ်းပဒေါင်တို့အတွက် မရိုးနိုင် သော မစွန့်နိုင်သော ဓလေ့များပင် ဖြစ်၏။
    ကြက်ရိုးထိုးဗေဒင်မှာ မလွယ်သော ဗေဒင်မေးခြင်းမျိုးပင် ဖြစ်သည်။
    ကယမ်းပဒေါင်တို့သည် နာတာရှည်ရောဂါသည်အတွက်သော်လည်းကောင်း၊ အမှုအခင်းဖြစ်သူများအတွက်သော် လည်းကောင်း၊ ကံကောင်းမည်။ ကံဆိုးမည်ကို သိရှိနိုင်ရန် ကြက်တစ်ကောင်ကို လည်လိမ်ချိုး၍ မသေမရှည် ဖြစ်နေစဉ် ကြက် ၏၀မ်းဗိုက်အတွင်းမှ အူအသည်းများကို ဆွဲထုတ်လိုက်ကြပြီး ညာဘက်ပေါင်ကို ဆွဲလှည့်၍ စအိုပေါက်မှ အပြင်သို့ ရောက် အောင် ဆွဲထုတ်ယူရ၏။
    ပေါင်၏အသားနှင့်အကြောအမျှင်များကို တစ်စမကျန် ဓားဖြင့် ခြစ်ထုတ်ပစ်ပြီး ပေါင်ရိုး၏အောက်ပိုင်းထိပ်ကို ခုတ်ပိုင်း ရပြန်လေသည်။
    ထို့ကြောင့် ပေါင်ရိုးထိပ်ဝတွင်းသို့ တုတ်ချောင်းငယ်ဖြင့် ထိုးသွင်းလိုက်ပြန်၏။ ထိုအခါ အရိုးအတွင်းမှ သွေးများ စိမ့်ဖြာ ကျလာပြီး အရိုးပေါ်ရှိ အပေါက်ငယ်လေးများမှ သွေးများ ယိုစိမ့်ကာ ထွက်လာခဲ့သည့်အခါ အသင့်ဆောင်ထားသောနှီးစမျှင်က လေးများဖြင့် ယင်းအပေါက်ငယ်တွင်းသို့ ထိုးထည့်ကြရပြန်၏။
    နှီးစငယ်ဖြင့် မထိုးမီ ညာဘက်ပေါင်နှင့်ဘယ်ဘက်ပေါင်အရိုးပေါက်တွင်းသို့ ထိုးထည့်မည့်နှီးစအား ဘယ်ဘက်ပေါင်မှ နှီးစ သို့မဟုတ် ညာဘက်ပေါင်မှနှီးစ မြင့်ပါစေသားဟု အဓိဋ္ဌာန်ပြု၍ ထိုးထည့်လိုက်ရ၏။
    သစ္စာအဓိဋ္ဌာန် ပြုသည့်အတိုင်း မိမိက မြင့်ပါစေသားဆိုသည်ဘက်က နှီးစမြင့်နေလျှင် ကံကောင်းမည်။ လာဘ်ရွှင်မည် အမှုနိုင်မည်ဟုယုံကြည်ကြ၏။
    နှီးချိုးဗေဒင်ကို မေးပြန်ကလည်း နှီးကို လိုသလောက် ဖြတ်ယူ၍ နှီးအတိုင်းအတာအတိုင်း ထောင့်ချိုးတစ်ချိုးပြီးတစ်ချိုး ချိုးချလိုက်ပြီး နောက်ဆုံး ချိုးချလိုက်သည့်ထောင့်ချိုးနှင့်ပထမချိုးထားသည့်ထောင့်ချိုး၏ထက်ဝက်ကို ထပ်မံချိုး၍ အခြားစနှစ်စ ကို တိုင်းကြည့်ခြင်းမျိုးပင် ဖြစ်သည်။
    အဖြားစနှစ်စ ညီမျှနေပါက ကောင်းသည်ဟုနိမိတ်ကောက်ကြပြီး မညီက ဘာမှမဖြစ်ဟုယုံကြည်ကြလေသည်။
    အခြားတစ်နည်းမှာ နှီး၏အတိုင်းအတာအတိုင်း နှီးကို ထောင့်ချိုးတစ်ချိုးပြီးတစ်ချိုး နှီးဆုံးသည်အထိ ချိုးလိုက်ပြီးလျှင် ထောင့်ချိုးများကို “စုံဖြစ်ပါစေသား၊ မဖြစ်ပါစေသား”ဟု လိုသလို ဆုတောင်း၍ ရေတွက်ကြလေသည်။
    အဓိဋ္ဌာန်ပြုသလို စုံ သို့မဟုတ် မ ဖြစ်နေက ကောင်းသည်။ လာဘ်ရွှင်သည်။ ကံကောင်းသည်။ ဆိုးသည် စသည်ဖြင့် နိမိတ်ဖတ်ကြသည်။
    ယခုအခါ ကယမ်းပဒေါင်တို့သည် နတ်ကိုးခြင်းမှ ခရစ်ယာန်ဘာသာ ၉၀ ရာခိုင်နှုန်း ကူးပြောင်းသွားခဲ့ကြပြီဖြစ်သော် လည်း ဤရိုးရာဓလေ့ကိုမူ စွန့်လွှတ်သွားခဲ့ကြခြင်း မရှိသေးပေ။

ရွှေလည်တိုင် ကယမ်းမောင်မယ်တို့ နေထိုင်ရာဒေသနှင့်ပထ၀ီအနေအထား

    ပဒေါင်ဟုလူသိများသော “ကယား”တိုင်းရင်းသားလူမျိုးတို့သည် တရုတ်ပြည် ယန်စီမြစ်နှင့်ဟိုဟန်ဟိုမြစ်ဖျားတွင် နေ ထိုင်ခဲ့ရာမှ အေဒီ(၉၀၀)ခန့်အချိန်တွင် သံလွင်၊ စစ်တောင်း၊ ဧရာဝတီမြစ်ကမ်းဒေသများဆီသို့ အသုတ်လိုက် ရွှေ့ပြောင်းလာခဲ့ ကြပြီး ထိုမှတစ်ဆင့် ရမည်းသင်းအရှေ့ဘက် ရှမ်းရိုးမတောင်တန်းများပေါ်သို့ ရွှေ့ပြောင်းလာခဲ့ကြကာ တောင်တန်းများ၏အ ရှေ့အတွင်းပိုင်း၌ တည်ရှိသော ဖယ်ခုံမြို့နယ်နှင့်မိုးဗြဲအတွင်းသို့ ၀င်ရောက်နေထိုင်ခဲ့ကြသည်မှာ ယနေ့အထိပင် ဖြစ်တော့၏။
    ဖယ်ခုံမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၂၀၄၀)ရှိပြီး အမြင့်ဆုံးသော တောင်မှာ (၅၀၀၀)ပေရှိလေသည်။
    ဖယ်ခုံမြို့နယ်၏မြောက်ဘက်တွင် ပင်လောင်းနှင့်ညောင်ရွှေမြို့နယ်တို့၏နယ်ချင်းဆက်စပ်လျက်ရှိပြီး ပင်လောင်းမြို့ နယ်နှင့်ဆက်စပ်လျက်ရှိသော နယ်နိမိတ်၏အရှည်မှာ မိုင်(၄၀)ခန့် ရှည်လျားသည်။
    ညောင်ရွှေမြို့နှင့်ဆက်စပ်လျက်ရှိသော နယ်နိမိတ်မှာ (၁၀)မိုင်ခန့် ရှည်လျားသည်။
    အရှေ့မြောက်ဘက်တွင် ဆီဆိုင်မြို့နယ်နှင့်ဆက်စပ်လျက် ရှိပြီး နယ်နိမိတ်၏အရှည်မှာ (၄)မိုင်ခန့် ရှည်လျားသည်။
    အရှေ့ဘက်တွင် ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆိုးမြို့နယ်များတို့နှင့် ဆက်စပ်လျက် ရှိပြီး လွိုင်ကော်နှင့်ဆက် စပ်လျက်ရှိသော နယ်နိမိတ်၏အရှည်မှာ (၂၄)မိုင်၊ ဒီမောဆိုးနှင့်ဆက်စပ်လျက်ရှိသော နယ်နိမိတ်မှာ (၃၆)မိုင်ခန့်ရှည်လျားသည်။
    အရှေ့တောင်ဘက်တွင် ကယားပြည်နယ် ဖရူးဆိုမြို့နယ်နှင့်ဆက်စပ်လျက်ရှိပြီး နယ်နိမိတ်အရှည်မှာ (၁၅)မိုင်ခန့်ရှိ၏။
    အနောက်ဘက်တွင် ကရင်ပြည်နယ်၊ သံတောင်မြို့နှင့်မန္တလေးတိုင်း ပျဉ်းမနားမြို့နယ်တို့နှင့်ဆက်စပ်လျက်ရှိပြီး သံ တောင်မြို့နယ်နှင့်ဆက်စပ်လျက်ရှိသော နယ်နိမိတ်အရှည်မှာ (၂၁)မိုင်ခန့်ရှိ၍ ပျဉ်းမနားမြို့နယ်နှင့်ဆက်စပ်လျက် ရှိသောနယ် နိမိတ်အရှည်မှာ (၃၃)မိုင်ခန့် အသီးသီးရှိလေသည်။
    မြို့နယ်၏အကျယ်အ၀န်းမှာ စတုရန်းမိုင်(၈၀၀)မိုင်ခန့် ကျယ်ဝန်းသည်။

မြေမျက်နှာသွင်ပြင်

    ဖယ်ခုံမြို့နယ်၏မြေမျက်နှာပြင်မှာ အသွင်ချင်း တူညီမှုမရှိဘဲ ရေပြင်မြေပြန့်လွင်ပြင်နှင့်တောင်တန်း၊ တောင်ကုန်းများ ဖြစ်ပေါ်၍နေပြီး ရှမ်းကုန်းပြင်မြင့်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်နှင့်အညီ တောင်တန်း၊ တောင်ကုန်း၊ ရေပြင်နှင့်ချိုင့်ဝှမ်း များ ပေါင်းစပ်နေသည့်ဒေသမျိုး ဖြစ်လေသည်။
    မြို့နယ်၏အရှေ့မြောက်ခြမ်းတွင် ဘီလူးချောင်းရေ(ယခုအခါ မိုးဗြဲရေလှောင်ကန် တည်ဆောက်လိုက်သည့်အတွက် ပင်လောင်းမြို့ အနောက်ဘက်မှ မြစ်ဖျားခံ၍ မြောက်ဘက်သို့ စီးဆင်းကာ အင်းလေးကန်အတွင်းသို့ စီးဝင်ပြီး အင်းလေးဒေသ လီခေါင်းရွာအနီးမှ ဖြတ်ကျော်ခဲ့ပြီး ညီညာသောမြေပြန့်လွင်ပြင်ကို မိုင်(၆၀)ခန့် စီးဆင်းလာခဲ့ကာ လွိုင်ကော်မြို့သို့ ၀င်ရောက် သွားသည့်ဘီလူးချောင်းရေသည် ထိုမှတစ်ဆင့် ရေတံခွန်အငယ်စားများအသွင် ကူးပြောင်းလျက် လွိုင်ကော်မြို့မှဆက်လက်၍ (၆)မိုင်ခန့် စီးဆင်းသွားခဲ့ပြီး လောပိတရွာအရောက် အလွန်မြင့်မားသောတောင်ထိပ်ဖျားမှ ရေတံခွန်အကြီးစားသို့ ကူးပြောင်း သွားကာ တောင်အောက်သို့ အရှိန်အဟုန်ကြီးမားစွာဖြင့် ခုန်ချစီးဆင်းသွားခဲ့ပြီးလျှင် (၆)မိုင်အကွာခန့်တွင် သံလွင်မြစ်၏လက် တက်ဖြစ်သော နမ့်ပန်မြစ်အတွင်းသို့ စီးဝင်ပေါင်းစပ်သွားသော ဘီလူးချောင်းရေသည် အင်းလေးကန်ရေနှင့်တစ်ဆက်တည်း တစ်ပြင်တည်း အသွင်ကူးပြောင်းသွားခဲ့ရသည့်အတွက် ကျယ်ပြန့်သည့်အင်းရေပြင်ကြီးအဖြစ် တည်ရှိကာ ဖယ်ခုံမြို့၏အရှေ့ ဘက်တောင်တန်းကို ဖယ်ခုံမြို့အား ပိုင်းခြားကာထားလေသည်။
    ရေမျက်နှာပြင်၏စတုရန်းမိုင် (၇၀)ဖြစ်၏။
    ကျန်ဒေသများမှာ တောင်တန်းများသာ ဖြစ်ကြပြီး မြေပြန့်လွင်ပြင် မရှိသလောက် ဖြစ်ပါသည်။ တောင်တန်း၊ တောင် ကုန်းများမှာ မြောက်မှ တောင်ဘက်သို့ တန်းလျက် ထိုမှတစ်ဆင့် တောင်ဘက်သို့ နိမ့်ဆင်းသွားခဲ့၏။
    တောင်တန်း၏အနေအထားအရ ချောင်းများ၊ မြောင်းများသည်လည်း မြောက်ဘက်မှသည် တောင်ဘက်သို့သာ စီး ဆင်း၍သွားခဲ့ကြလေသည်။
    အချို့သော ချောင်းရေ၊ မြောင်းရေတို့သည် ထုံးကျောက်မြေများအတွင်းသို့ ငုပ်ဝင်သွားခဲ့ပြီး ဝေးကွာသောအခြားတစ် နေရာတွင် အသစ်တစ်ဖန် ပြန်၍ စီးထွက်လာခဲ့လေသည်။
    မြေ၏အမျိုးအစားမှာလည်း ထုံးကျောက်မြေများသာ များများစားစား ဖြစ်ပေါ်၍နေ၏။
    မည်သို့ပင်ဆိုစေ ရွှေလည်တိုင် လှယမင်းများအဖြစ် ကမ္ဘာ့အံ့ဖွယ်အလှဖြင့် ယခုတိုင် သရဖူဆောင်းလျက် ရှိနေကြ၏။ ကယမ်းပဒေါင်အမျိုးသမီးနှင့်ကယမ်းပဒေါင်အမျိုးသားတို့သည် မြေနှင့်စိမ်းလန်းသော ထင်းရှူးတောများ သစ်တောကြီးများကို ချစ်မြတ်နိုးကြသောသူများပီပီ အေဒီ(၉၀၀)ခန့်က ၀င်ရောက်နေထိုင်ခဲ့သော ဤဖယ်ခုံမြို့နှင့်တောင်တန်း၊ တောင်ကုန်းများမှ တစ်ဖ၀ါးမျှမခွာ စွဲစွဲမြဲမြဲ နေထိုင်လျက် ရှိနေကြသည်ကို ဂုဏ်ယူလောက်စရာပင် တွေ့မြင်ရပါ၏။


   
ယုဝတီဂျင်းဖောမယ်


မှတ်ချက်။ ။၁၉၈၇/၈၈-ခုနှစ်ထုတ် ကမ္ဗောဇမဂ္ဂဇင်း စာမျက်နှာ(၆၄ မှ ၆၈ထိ)၌ လာရှိသော ဆောင်းပါး ကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment