ပန်းချီဆရာသည် ပန်းချီဆွဲရန်အတွက် ရှုကွင်းမြင်ကွက်နှင့်စံပြသူ ရှိရသလို ပန်းပုဆရာသည် ရုပ်တုထုလုပ်ရန်အတွက် သင့်လျော်သော သစ်သားနှင့်စူးဆောက်တန်ဆာပလာ ရှိရသလို အထည်စက်ရုံအတွက် ကုန်ကြမ်းဖြစ်သော ၀ါဂွမ်းရှိရသလို၊ စာရေးဆရာများမှာလည်း ၀တ္ထုဖြစ်စေ၊ ဆောင်းပါးဖြစ်စေ၊ ကဗျာဖြစ်စေ ရေးသားနိုင်ရန် ကုန်ကြမ်းနှင့်တူသော အကြောင်းအ ရာအချက်အလက်များ ရှာဖွေဆည်းပူးရလေသည်။
လူသည် လူ့အကြောင်းကို အသိချင်ဆုံး ဖြစ်သဖြင့် စာရေးရန် အကြောင်းအရာ ကုန်ကြမ်းကို လူထဲမှရှာရ၏။ လူများ ကို စူးစမ်းလေ့လာခြင်းဖြင့် စာရေးကွက်ရ၏။ သို့သော် စာရေးဆရာတစ်ယောက်သည် တစ်နေရာတည်းတွင် နေလျက် တစ်ခု တည်းသော အလုပ်ကို အစဉ်တစ်စိုက်လုပ်နေပါက ဤပတ်ဝန်းကျင်၊ ဤအတွေ့အကြုံ၊ ဤလူတွေ၊ ဤဖြစ်ရပ်တွေကိုသာ ထပ် ကာတလဲလဲ တွေ့နေရသဖြင့် စာရေးရန် ကုန်ကြမ်း မရနိုင်တော့ချေ။
မုဆိုးတစ်ယောက်သည် တောတစ်တောထဲတွင်သာ သားကောင်ရှာနေပါက ကြာလျှင် သားကောင်တွေ ကုန်သဖြင့် နောက်ထပ် ရှာမရဖြစ်တတ်သလို စာရေးဆရာများသည်လည်း ဒေသတစ်ခုတည်းတွင်သာ နေပါက ရေးစရာ အသစ်အဆန်း မရှိတော့သဖြင့် ရေးပြီးအကြောင်းအရာကိုသာ ပုံစံအမျိုးမျိုးဖြင့် ထပ်တလဲလဲ ရေးရသည့်အခြေအနေမျိုးသို့ ဆိုက်ရောက်တတ် လေသည်။
ထို့ကြောင့် စာရေးဆရာများ ရေးစရာအကြောင်းအချက် ကုန်ကြမ်းရရှိစေရန်အတွက် ခရီးလှည့်လည်ထွက်ခွာကာ ဒေ သန္တရဗဟုသုတရှာမှီးဆည်းပူးရလေသည်။
၁၉၅၈-ခုနှစ်၊ ကျွန်တော့်အသက် ၅၄ နှစ်အရွယ်တွင် ချင်းတွင်းမြစ်ဖျားဒေသ၊ အိန္ဒိယပြည်နှင့်နယ်နိမိတ်ချင်း ထိစပ်နေ သော နာဂနယ်သို့စာရေးဆရာမြင့်ထွန်းနှင့်အတူ သွားကြသည်။ နာဂနယ်သို့သွားခြင်းမှာ နာဂလူမျိုးတို့သည် ခေတ်နောက်တွင် အလွန်အကျူးကျန်ရစ်ခြင်း၊ စားဝတ်နေရေး ဆင်းရဲလှခြင်း၊ အ၀တ်ရှားသဖြင့် အရှက်အကြောက်လုံရုံမျှ ၀တ်ကြရခြင်း၊ အချို့ ခေါင်လှသောအရပ်ရှိ နာဂများမှာ အ၀တ်ပင် မ၀တ်ကြခြင်း စသည်ဖြင့် အောက်ကျနောက်ကျနိုင်လှသော ကျွန်တော်တို့သွေး သားများနှင့်တွေ့ဆုံလေ့လာရန် သွားခြင်းဖြစ်သည်။
တွေ့ရပါ၏။ နာဂနယ်၊ ချင်းတွင်းမြစ်ကမ်းမြေပြန့်တွင် ရှမ်းအမျိုးသားများ နေကြ၏။ နာဂတို့ကား တောင်ပေါ်များတွင်သာ နေကြသည်။ ကျွန်တော်တို့သည် နာဂတောင်များပေါ်သို့ ခြေလျင်၎င်း၊ လားဖြင့်၎င်း တက်ကြရ၏။ နာဂများကား ခြေလျင်သာ သွားကြရသည်။
ကျွန်တော်တို့သည် နာဂခရိုင်၏မြို့တော်ဖြစ်သော ခန္တီးမြို့သို့ရောက်ကြ၏။ ထိုမှတစ်ဆင့် နာဂများနေရာ တောင်ပေါ် ရှိ လောင်ဆောက်၊ ဟတ္ထိစသည့်ရွာများသို့ ရောက်ကြသည်။
ချင်းတွင်းမြစ်ဖျားရှိ ကျောက်ဆည်ရေတံခွန်ကိုလည်း ရောက်၏။ ကချင်နယ်စပ်အနီးရှိ ပိန်းကူးနာဂတို့၏ရွာများသို့လည်း ရောက်သည်။ နာဂနယ်အတွင်းရှိ ကျောက်စိမ်းထွက်ရာဒေသအပြင် ထန်မသီ၊ ဟုမ္မလင်း၊ မော်လိုက်စသော ချင်းတွင်းမြစ်ကမ်း ရှိ မြို့များသို့လည်း ရောက်သည်။
တွေ့ရမြင်ရသမျှတို့သည် ကျွန်တော်တို့မျက်စိတွင် အဆန်းချည်းဖြစ်နေ၏။ အာရုံအသစ်အသစ်ကို ခံစားရ၏။ လေ့လာ စုံစမ်းသောအခါ တွေးစရာ ရေးစရာတွေ အများကြီးပေါ်လာ၏။
××××××××××××××
၁၉၆၈-ခုနှစ်၊ ကျွန်တော့်အသက် ၆၄ နှစ်အရွယ်တွင် ဒေးဒရဲမြို့သို့သွား၏။ ကျွန်တော်တို့ ငယ်စဉ်က ဆရာဖြစ်သင် ကျောင်းနေဖက် ကျောင်းဆရာလုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်း ဦးလှမောင်မှာ ဒေးဒရဲတွင်နေရာ သူငယ်ချင်းနှင့်မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် တွေ့ရန်သွားခြင်းဖြစ်၏။
ဒေးဒရဲသို့ရောက်လျှင် စပ်စပ်စုစုလုပ်တတ်သော ကျွန်တော့်ဓလေ့အတိုင်း အထက်တန်းကျောင်းသို့ သွား၏။ (စပ်စပ် စုစုလုပ်ပေးမှလည်း စာရေးရန် အချက်အလက်ရသည်။)
အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများအား ကျွန်တော်တို့ငယ်စဉ် ကျွန်ခေတ်က ခဲခဲယဉ်းယဉ်းပညာသင် ကြားခဲ့ရပုံကို ပြောပြသည်။ စာပေအကြောင်းလည်း ပြော၏။
အထက်တန်းကျောင်းမှ ဆရာ ဆရာမတို့နှင့်ကျောင်းသားများသည် ပင်လယ်ကမ်းစပ်ရှိ တမာတကော ရေကာတာကြီး ကို လေ့လာရန် သွားကြမည်ဆိုသဖြင့် ကျွန်တော်လည်း လိုက်သွား၏။
မော်တော်နှင့်တစ်တန်၊ ကုန်းကြောင်းတစ်တန် သွားရသည်။ လမ်းခရီးတွင် တော်ချိုက်ရွာသို့ဝင်၍ အဘဇုံ၏အိမ်တွင် အပန်းဖြေရာ စာရေးဆရာတို့အတွက် စားကျက်ကောင်းကြီးကို တွေ့ရတော့သတည်း။
၁၉၃၀-ပြည့်နှစ်၊ သာယာဝတီဆရာစံခေါင်းဆောင်သော လယ်သမားသူပုန်ကြီးပေါ်ပေါက်ခဲ့ရာ နယ်ချဲ့အင်္ဂလိပ်အစိုးရ ကို သွေးမြေကျ တော်လှန်ခဲ့ရာတွင် ဒေးဒရဲနယ်မှလည်း တစ်တပ်တစ်အား ပါဝင်ခဲ့သည်။ တော်ချိုက်ရွာ၊ ထန်းတောရွာ၊ မရမ်း ရွာ၊ ရှမ်းကန်ရွာ၊ တမာတကောရွာ စသည်တို့မှ တောင်သူလယ်သမား တော်လှန်ရေးသူရဲကောင်းကြီးများသည် ရင်ကို မြေက တုတ်ပြုကာ အင်္ဂလိပ်အစိုးရကို ပုန်ကန်ခဲ့ကြ၏။
ကျွန်တော်တို့ ခေတ္တ၀င်ရောက် အပန်းဖြေရာ တော်ချိုက်ရွာမှ အဘဇုံကား တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ဦးပင် ဖြစ်သည်။ အဘဇုံ၏ပေါင်တွင် နယ်ချဲ့အင်္ဂလိပ်တို့က ပေးခဲ့သော သေနတ်ကျည်ဆံဒဏ်ရာအမှတ်တံဆိပ်ကြီးကား သေရွာသို့ ပါပေလိမ့်မည်။
၁၉၃၀-ပြည့်နှစ်၊ ဆရာစံအရေးတော်ပုံတွင် ဒေးဒရဲမှ ၀င်ရောက်တိုက်ခိုက်ခဲ့ပုံအလုံးစုံကို အဘဇုံက ပြောပြရာ ကျွန် တော် သဘောကျလှသဖြင့် တမာတကော ရေကာတာသို့ပင် မလိုက်တော့ဘဲ အဘဇုံ၏သူပုန်တရား နာရင်း နေရစ်ခဲ့သည်။
တမာတကော ရေကာတာသို့ ယခုတစ်ခေါက် မရောက်သော်လည်း အရေးမကြီး၊ ဤနယ်သို့ နောက်တစ်ခေါက် လာ ဖြစ်အောင် လာဦးမည်ဟုသန္နိဋ္ဌာန် ချပြီးဖြစ်သည်။
ကျွန်တော်က အဘဇုံကို ပြောလိုက်၏။
“ဘကြီးတို့ရွာကို ကျွန်တော် နောက်တစ်ခေါက် လာအုံးမယ်၊ ဆရာစံအရေးတော်ပုံကို ဘကြီးမေးပြီး ရေးမယ်၊ ဒီကနေ့ တောင်သူလယ်သမားတွေရဲ့ဘ၀ကိုလဲ ရေးချင်တယ်”
“လာပါ...လာပါ၊ အချိန်မရွေး လာနိုင်ပါတယ်။ နေချင်သလောက် နေနိုင်ပါတယ်။ အဘတို့က ဧည့်သည် ဘယ်နှစ် ယောက်လာလာ ထမင်းကျွေးဖို့ ၀န်မလေးပါဘူး”
×××××××××××××
ဒေးဒရဲမှ ကျွန်တော် ပြန်ခဲ့ပြီးနောက် စာအုပ်ထုတ်မည့်သူကို ရှာဖွေရ၏။ ကျွန်တော် အပင်ပန်းခံကာ လုံးချင်းစာအုပ် ရေးပြီးနောက် ထုတ်မည့်သူမရှိလျှင် ခက်ချိမ့်မည်။ ထုတ်ဝေမှု မရေရာလျှင် ရေးရသည်မှာ စိတ်အားထက်သန်မှု မရှိသောကြောင့် တည်း။
စာပေဗိမာန်က ထုတ်ပါမည်ဟုပြောကာ စရန်ငွေတစ်ဝက်ပင် ပေး၏။ ၀မ်းသာစွာဖြင့် ဒေးဒရဲသို့ လာခဲ့သည်။ အဘဇုံတို့ တော်ချိုက်ရွာသာလျှင်မက လယ်သမားသူပုန်ကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် မရမ်း၊ ရှမ်းကန်၊ ထန်းတောရွာများသို့လည်း သွားရောက်လေ့လာသည်။ ထို့နောက် လုံးချင်းဝတ္ထုတစ်ပုဒ် ဖြစ်မြောက်အောင် ရေး၏။
လယ်သမားသူပုန်အရေးတော်ပုံကြီး၏ဖြစ်စဉ်ဖြစ်ရပ်များကို အဘဇုံအား ဇာတ်လိုက်လုပ်ကာ ရေးသည်။ ယနေ့တောင် သူလယ်သမားတို့၏ဘ၀အခြေအနေတို့ကို အဘဇုံ၏မြေး ကိုမာဒင်အား ဇာတ်လိုက်လုပ်၍ ရေးသည်။
တစ်လအကြာတွင် စာအုပ်ပြီးသဖြင့် ရန်ကုန်သို့ပြန်လာကာ စာပေဗိမာန်အား အပ်လိုက်ရာ ငွေအပြေပေးပါ၏။ သို့ သော် ယနေ့အထိ စာအုပ်ထွက်ပေါ်မလာသေးသဖြင့် စာရေးဆရာတစ်ယောက်၏ကြိုးပမ်းမှု ပြီးပြည့်စုံခြင်းကား မရှိသေးပေ။
မည်သို့ပင်ဖြစ်စေ ဒေးဒရဲနယ်တွင် တစ်လမျှ လည်ပတ်ကာ လေ့လာစုံစမ်းမေးမြန်း ကြားနာခဲ့ရသောကြောင့် စာရေး စရာကြောင်းရပ်တွေ အမြောက်များ ရခဲ့သည်။ ဗဟုသုတအထွေထွေလည်း ဆည်းပူးရမိသည်။
သူပုန်ထခါနီးတွင် ဆရာစံကိုယ်တိုင် ထန်းတောရွာသို့ရောက်လာကာ သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်လှ အိမ်တွင် တည်းခိုပြီး တိုက်ရေးခိုက်ရေးကိစ္စများကို စီစဉ်၏
ဆရာစံကို ငယ်သားများက “ဆရာကြီး”ဟုခေါ်ကြသည်။ ဆရာစံကို ကောင်းမွန်စွာ ကျွေးကြ၏။ ကွမ်းဆေးများတည် ကြ၏။ ဆရာစံကား ကွမ်းမစား၊ ဆေးလိပ်မသောက်၊ ယင်းသို့ ကွမ်း ဆေး မမှီဝဲခြင်းအကြောင်းကို ဆရာစံကိုယ်တိုင်က ဤသို့ ပြောပြ၏။
“ဆရာ ငယ်ငယ်က ဆေးလိပ်နဲ့ကွမ်း အင်မတန်ကြိုက်တယ်၊ နဲနဲကလေးမှ အပြတ်မခံနိုင်ဘူး။ ဆရာ ကွမ်းကြိုက်မှန်း သိလို့ တပည့်တစ်ယောက်က မြင်းမီးနဲ့ထိုးတဲ့ကွမ်းအစ်တစ်လုံး လုပ်ပေးထားတယ်၊ အဲဒီကွမ်းအစ်ကလေးကို လွယ်အိတ်ထဲ ထည့်ပြီး ဆရာ သွားလေရာ ပါတာပေါ့၊ ဆရာ ကျိုက်ထီးရိုးဘုရားသွားတော့ ကွမ်းအစ်ကလေးလဲ ပါတယ်၊ ကျိုက်ထီးရိုးတောင် ပေါ်တက်လို့ စခန်းတစ်ခု ရောက်တော့ အမယ်ကြီးတစ်ယောက် ငိုကြီးချက်မ လုပ်နေတာ တွေ့ရတယ်၊ အကျိုးအကြောင်းမေး ကြည့်တော့ ဒီစခန်းမရောက်ခင် အရင်ရောက်ခဲ့တဲ့စခန်းမှာ အဲဒီအမယ်ကြီး ကွမ်းထောင်းတဲ့ဆုံကလေး မေ့ကျန်နေရစ်ခဲ့လို့တဲ့၊ အမယ်ကြီးက သွားတစ်ချောင်းမှ မရှိတော့လို့ ကွမ်းကို ထောင်းပြီး စားရသကိုး၊ အောက်စခန်းမှာ ကွမ်းထောင်းတဲ့ဆုံကလေး ကျန်ရစ်ခဲ့လို့ အမယ်ကြီး ကွမ်းမစားနိုင်တဲ့အတွက် ထွန့်ထွန့်လူးဖြစ်နေရှာတာ၊ ဒီအမယ်ကြီးကို မြင်တော့ ‘သြော်...ငါလဲအသက် ကြီးလို့ ဒီအမယ်ကြီးလိုပဲ သွားမရှိတဲ့အခါ ကွမ်းဒုက္ခကို ဒီလိုဘဲ ခံမှာပါကလား’လို့တွေးမိတာနဲ့တစ်ပြိုင်နက် အမြတ်တနိုးထား တဲ့မြင်းမီးကွမ်းအစ်ကလေးကို တောင်ပေါ်က တောင်အောက် လွှင့်ပစ်လိုက်တယ်၊ အဲဒီအချိန်ကစပြီး မစားတော့ဘူး။ ဆေးလိပ် လဲ မသောက်တော့ဘူး”
ဆရာစံ ပြောပြပုံအတိုင်း အဘဇုံက ပြန်လည်ပြောပြသည်ကို ကျွန်တော် ကြားနာမှတ်သားခဲ့ရဖူးသည်။
ကျွန်တော် ထန်းတောရွာသို့ရောက်သွားရာ ထန်းတောရွာသား သူပုန်ခေါင်းဆောင်ကြီးဦးအောင်လှ၏သားသမီးများကို တွေ့ရ၏။ ထိုပုဂ္ဂိုလ်များက ဦးအောင်လှ၏ဖြစ်စဉ်ဖြစ်ရပ်ကို ပြောပြ၏။ ဦးအောင်လှမှာ အင်္ဂလိပ်က ကြိုးပေးသတ်ဖြတ်ခြင်းခံ ရသူဖြစ်သည်။
သီပေါမင်း ပါတော်မူစက ဦးအောင်လှသည် ရွှေလှံဗိုလ်ဟူသောအမည်ကိုယူကာ အင်္ဂလိပ်ကို ပုန်ကန်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ကာလကြာ၍ အရေးနိမ့်သောအခါ ရုပ်ဖျက်ထွက်ခွာခဲ့လျက် ကျောက်တန်းနယ် လယ်ပိုင်ရှင်ကြိးတစ်ဦးအိမ်တွင် သူ ရင်းငှားလုပ်နေ၏။
လယ်ပိုင်ရှင်ကြီးက ငါးဖမ်းခိုင်းသဖြင့် ဦးအောင်လှမှာ နေ့စဉ်ငါးဖမ်းပေးရသည်။ သို့သော် ဦးအောင်လှမှာ ငါးခေါင်းကို ချည်း စားရ၏။
တစ်နေ့တွင် ဦးအောင်လှ ဖမ်း၍ရသမျှ ငါးများကို ခေါင်းဖြတ်ပြီးလျှင် ကိုယ်ကို အခြားသူများအား ပေးခဲ့ပြီး ခေါင်းတွေ ချည်း အိမ်သို့ယူလာ၏။
လယ်ပိုင်ရှင်ကြီးက ဆီးပြီး “ဟာ...အောင်လှရ မင်းငါးတွေက ခေါင်းချည်းပါဘဲကလား၊ ကိုယ်တွေ ဘယ်ရောက်ကုန် လဲ”ဟုမေးရာ ဦးအောင်လှက အရွဲ့တိုက်ပြီး “ကျွန်တော် ထမင်းစားတိုင်း ငါးခေါင်းတွေချည့် စားရတယ်၊ ဒီတော့ ငါးဆိုတာ ကိုယ်ကို မစားရဘူး၊ ခေါင်းကိုသာ စားရတယ်ထင်ပြီး ခေါင်းချည့်ယူလာခဲ့တာ။ ကိုယ်တွေကို လွှင့်ပစ်ခဲ့ပြီ”ဟု ပြော၏။
ဦးအောင်လှက တမင်အရွဲ့တိုက်ပြီး ပြောမှန်း လယ်ပိုင်ရှင်ကြီးသိသဖြင့် ဒေါသထွက်ကာ သေလုမျောပါး ရိုက်လေ သည်။
ဇာတိသွေး ဇာတိမာန် ထက်သန်သော ဦးအောင်လှ မိမိအား ရိုက်နှက်သူ လယ်ပိုင်ရှင်ကြီးကို ဓားဖြင့် ပြန်ခုတ်ရာ လယ်ပိုင်ရှင်ကြီး စဉ်းစဉ်းသေလေသည်။
ထိုအမှုအတွက် ဦးအောင်လှ တစ်ကျွန်းသို့ကျ၏။ ဦးအောင်လှမှာ တစ်ကျွန်းတွင် ကြာကြာမနေဘဲ သစ်ဝါးတို့ကိုဖေါင် ဖွဲ့ကာ တစ်ကျွန်းမှ ထွက်ပြေးလာခဲ့သည်။
ယခု တမာတကော ရေကာတာကြီးလုပ်ထားသည့်နေရာ ပင်လယ်ကမ်းစပ်မှ ဦးအောင်လှ တက်ရောက်ပြီးနောက် ထန်းတောရွာတွင် ရုပ်ဖျက်နေပြီး အသက် ၆၀ အရွယ်တွင် သူပုန်ခေါင်းဆောင်လုပ်ကာ အင်္ဂလိပ်ကို တိုက်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းကန်ရွာမှ သူပုန်ခေါင်းဆောင်ဦးပြားကြီးမှာလည်း ကြိုးပေးသတ်ဖြတ်ခြင်း ခံရသူဖြစ်၏။ ဦးပြားကြီး၏ရင်နာဖွယ်ဖြစ် စဉ်ဖြစ်ရပ်ကို သားဖြစ်သူကိုချစ်လှိုင်က ပြောပြသည်ကို မှတ်သားခဲ့ရသည်။
ဒေးဒရဲတွင် ကျွန်တော် တစ်လမျှ နေခဲ့ရာ စာတစ်အုပ်ပြီးသည့်ပြင် ဗဟုသုတအထွေထွေလည်း ရ၏။ မှတ်သားစရာ ဟာသများကိုလည်း ကြားရသည်။
လယ်သားသူပုန်ကြီးထကြစဉ် ရွာသားများသာလျှင်မက ရွာသူကြီးများသည်လည်း သူပုန်တို့နှင့်ပေါင်းကာ အင်္ဂလိပ်ကို တိုက်ခဲ့ကြ၏။ သို့သော် ရွာတစ်ရွာမှ သူကြီးမှာကား အင်္ဂလိပ်အလိုတော်ရိလုပ်ကာ သူပုန်တို့ကို နှိမ်နင်း၏။ ထို့ကြောင့် သူပုန် ကိစ္စပြီးစီးသောအခါ အင်္ဂလိပ်အစိုးရက ထိုသူကြီးကို ဆုတော်လာဘ်တော်ချသောအနေဖြင့် အခြားရွာများ(သူကြီးတွေ သူပုန် ဖြစ်ကုန်သောရွာများ)ကိုပါ အုပ်ချုပ်စေသည်။
လူကြီးတစ်ယောက်က ပြော၏။ “အဲဒီသူကြီးဘဲပေါ့၊ ဂျပန်ခေတ်က ချွေးတပ်ဆွဲတဲ့နေရာမှာလဲ ဗိုလ်ဘဲ။ အဲ....လွတ် လပ်ရေး ရလာတော့ အဲဒီသူကြီးဘဲ၊ ဘာလူကြီး ညာလူကြီး ဖြစ်လာပြန်သဗျို့”
ကျွန်တော် ဟားတိုက်၍ ရယ်မိပါသတည်း။
×××××××××××××
ဒေးဒရဲမှ ရန်ကုန်သို့ ကျွန်တော် ပြန်ရောက်ပြီး များစွာ မကြာလှသေးသော ၁၉၆၈-ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် ကျွန် တော့်သမီးကြီး ကြူကြူအောင်နှင့်အတူ ရှမ်းပြည်တောင်ကြီးမြို့သို့ သွားရပြန်၏။ တောင်ကြီးကောလိပ်သို့ သမီးကို လိုက်ပို့ရန် ဖြစ်သည်။
ရှမ်းပြည်တောင်ပိုင်းသို့ ကျွန်တော် တစ်ခါမျှ မရောက်ဖူးသဖြင့် သမီး တောင်ကြီးကောလိပ်တွင် နေရသမျှ ကျွန်တော် လည်း ရှမ်းပြည်တွင် နေမည်ဟုကြံစည်ကာ ကိုယ်ပိုင်အိမ်ကလေးကို ရောင်း၍သွားခြင်း ဖြစ်သည်။
ဒေးဒရဲနယ်တွင် တစ်လမျှ နေခဲ့စဉ်က ရေးစရာကုန်ကြမ်း အများအပြားရခဲ့သည်ကို ကျွန်တော် သိပြီ။ ရှမ်းပြည်တွင် လပေါင်းများစွာနေလျှင် ကုန်ကြမ်းတွေ မကုန်နိုင် မခမ်းနိုင်ရမည်ကို ကျွန်တော်သိ၏။ သို့သော် တစ်နေရာတည်းတွင် ထိုင်နေ၍ မဖြစ်။ သွားလာလှုပ်ရှားနေရမည်။ လေ့လာရှာဖွေရမည်။ အရပ်တကာကို ရောက်ရမည်။
တောင်ကြီးသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အနားမနေ၊ တောင်ကြီးတွင် ရှိသော အထက်တန်းကျောင်း ၇ ကျောင်းနှင့် စက်မှုလက်မှုကျောင်း၊ ဆရာအတတ်သင်ကျောင်း၊ ကောလိပ်ကျောင်းတို့သို့ သွားရောက်ကာ စာပေအကြောင်း ဟောပြော၏။ ကျောင်းတိုင်းမှ ဗဟုသုတမျိုးစုံရသည်။ အမှတ် ၂ ကျောင်းမှာ ရှေးက စော်ဘွားကျောင်းဖြစ်၏။ စော်ဘွားကြီးများ၏သားသမီး မြေးမြစ်တို့နှင့်အရာရှိကြီးများ၏သားသမီးများသာ နေကြရသည်။ ရွှေပေါ်မြတင် ကျောင်းတည်း။
အမှတ်တရ ပြောရန်မှာ အမှတ် ၆ အထကမှ ဆရာမကြီးမှာ ပလောင်အမျိုးသမီးဖြစ်၏။ ဒေါ်ခင်ခင်ဦးဟူသောအမည် ကလေးက လှပသလို လူလည်း လှ၏။ စိတ်လည်း လှ၏။ ပြည်နယ်သူပီပီ ရိုးသားဖော်ရွေယဉ်ကျေးသိမ်မွေ့လှပေသည်။
တောင်ကြီး ဂေါက်သီးကွင်းသို့လည်း ရောက်၏။ ဈေးနေ့တိုင်းပင် ဈေးကို လက်မလွှတ်။ “ရှမ်းပြည်ရောင်ခြည်”စာစောင် တိုက်သို့လည်း ရောက်၏။ ပုံနှိပ်တိုက်များသို့လည်း သွားသည်။ ရှမ်းပြည်တောင်ပိုင်းသို့ ကျွန်တော် ရှေးဦးစွာ ရောက်ဖူးခြင်းဖြစ် ရာ တွေ့သမျှ မြင်သမျှတို့သည် ကျွန်တော့်အတွက် အထူးအဆန်းချည်းသာတည်း။
တောင်ကြီးတွင် တစ်လခန့်နေပြီးနောက် အောင်ပန်းသို့သွား၏။ အောင်ပန်းကား ဓနုတို့၏မြို့တည်း။ ဓနုလူမျိုးတို့သည် ရှေးဟောင်းမြန်မာစကားကို ပြော၏။ လူကလေးကို လူပဲ့၊ ချိန်ခွင်ကြီးကို ရာဇူ၊ ချိန်ခွင်ငယ်ကို ကတ်ပဲ့၊ အိမ်ဝင်းပေါက်ကို ယွန်း ပေါက်၊ ရွှေ့ပြောင်းသည်ကို တောသည်၊ ဓနုစကားကို နားထောင်ရသည်မှာ ပုဂံခေတ်၊ အင်းဝခေတ်သို့ရောက်နေသလားဟုထင် ရ၏။ နှစ်သိမ့်ဖွယ်သာတကား။
ရှေးဟောင်းဓနုတို့၏ဓလေ့ထုံးစံ၊ ယခုခေတ် ဓနုတို့၏လုပ်ငန်းဆောင်တာ အဖြာဖြာတို့ကို လေ့လာကာ “ဓနုမလေး မ၀ိုင်း”ဟူသောအမည်ဖြင့် လုံးချင်းဝတ္ထုရေး၏။ စာပေဗိမာန်သို့ ပို့လိုက်ရာ ကြိုက်၏။ ယူ၏။ ငွေပေး၏။ သို့သော် ယနေ့ထိ စာ အုပ်မဖြစ်သေးချေတကား။ ဤလည်း တခက်။
အောင်ပန်းမြို့မှ ပင်လောင်းသို့သွား၏။ ပင်လောင်းကား ရှမ်းပြည်တွင် အအေးဆုံး မြို့တစ်မြို့ဖြစ်သည်။ အများအား ဖြင့် ပအို့ဝ်အမျိုးသားတို့ နေထိုင်ကြ၏။ သနပ်ဖက်အများဆုံး လုပ်သောအရပ်တည်း။
ဝါသနာကို မစွန့်နိုင်သဖြင့် ပင်လောင်းတွင် စာပေဟောပြောပွဲ လုပ်၏။ ပင်လောင်းမှအပြန် ကလောသို့ သွားကာ အ ထက်တန်းကျောင်းသူကျောင်းသားများကို ဟော၏။ ကျွန်တော် အနားမနေပါ။ ကျုံး၊ ရွာငံ၊ ရေဦး၊ ပင်းဒယ၊ ပွေးလှတို့သို့ရောက် သွားပြန်၏။ စာပေအကြောင်း ဟောပြော၏။ လေ့လာဆည်းပူး၏။ စာလည်း အဆက်မပြတ် ရေး၏။
ပင်းဒယသို့ ရှေးဦးစွာ ရောက်သည့်အခေါက်ကို မမေ့နိုင်။ စာပေဟောပြောပွဲအတွက် ဦးသုတနှင့်ဦးခင်ရွှေတို့ လာခေါ် ကြသဖြင့် အောင်ပန်းမှ လိုက်သွား၏။ ကျွန်တော်တို့ နေ့လည် ၁၂ နာရီခန့်တွင် ရောက်မည်ဟု တင်ကြိုအကြောင်းကြားထား သဖြင့် ပင်းဒယမှ အခမ်းအနားဖြင့် ကြိုဆိုရန် ပြင်ဆင်ထားကြသည်။ သို့သော် ကျွန်တော်တို့က စောစောစီးစီး ၁၀ နာရီခန့်တွင် ရောက်သွားရာ ကြိုဆိုမည့်စာဖတ်အသင်းတိုက်တွင် မည်သူ့ကိုမျှ မတွေ့ရ၊ လာခေါ်သူနှစ်ဦးနှင့်ကျွန်တော်သာ ငုတ်တုတ်က လေးတွေ ထိုင်နေကြရ၏။
ကျွန်တော် ရောက်နေပြီဖြစ်ကြောင်း သတင်းကြားသဖြင့် ကြိုဆိုမည့်သူများ အူယားဖားယားဖြင့် ပြေးလာကြသည်။ ကျွန်တော်က ထကာ ကြွေးကြော်သံဟစ်လိုက်သည်။
“လှိုက်လှဲစွာ ကြိုဆိုပါ၏”
အားလုံး ပွဲကျသွားတော့သည်။ ဤအပြော၊ ဤသဘော၊ ဤမနောမျိုးတွေကြောင့်ပင် ကျွန်တော့်ကို ပြည်နယ်သားတို့ သွေးသားလို ချစ်ခင်ခြင်း ဖြစ်၏။
ကျွန်တော် အနားမနေ၊ ပြည်သူပိုင် သတ္တုတွင်းရှိရာ ဘော်ဆိုင်းသို့သွား၏။ မြေခြားဖေါင်တော်ဦးပွဲတော်သို့လည်း ရောက်သည်။ ဟဲဟိုး ရောက်၏။ လေယာဉ်ကွင်းတွင် ညပင် အိပ်လိုက်သေးသည်။ အောင်ပန်းအနီးက အမှတ် ၄ အမြောက်တပ် ကိုလည်း လက်မလွတ်။ အောင်သပြေတပ်မတော်စခန်းတွင်လည်း ခြေရာချင်းထပ်မတတ်။
နောက်ဆုံးတွင် ညောင်ရွှေမြို့သို့ ပြောင်းရွှေ့နေထိုင်ပြန်သည်။ ညောင်ရွှေစော်ဘွားကြီးဟော်သို့သွားရောက်လေ့လာ သည်မှာ အခေါက်ခေါက်။ ညောင်ရွှေတွင် နေသည့်မောက်မယ်စော်ဘွားကြီး၏ဟော်ကား ကိုယ့်အိမ်ကိုယ့်ယာလိုပင်ဖြစ်နေ၏။ တောင်ကြီးသို့ရောက်လျှင် စကားစော်ဘွားကြီး၏ဟော်က ထမင်းကျွေးသည်မှာ အကြိမ်ကြိမ်ပင်။ ပင်းဒယစော်ဘွားကြီး၏ဟော် သို့လည်း ရောက်ခဲ့၏။
တောင်သူလယ်သမားတို့၏လုပ်ငန်းခွင်ကို လေ့လာရန်အတွက် အင်းလေးကန်အနီးရှိ မြို့ရွာပေါင်းများစွာသို့ ရောက်ခဲ့ သည်။ ဟဲယာရွာမ၊ နမ်းပန်၊ ဦးတင်အေး(ရှမ်းပြည်)၏ဇာတိ ငဖယ်ခုံ၊ မိုင်းသောက်ပါနွေး၊ သလဲဦး၊ စုံတကာစေ့၏။ ခွဲခြမ်းတောင် ပေါ်ကျောင်းဆရာတော်တို့၏ထံတွင် လပေါင်းများစွာ နေကာ စားသောက်ခဲ့ရသည်။
သလဲဦးရွာသား ကဗျာဆရာမောင်ရွှေနွယ်ကား ကျွန်တော်၏ပစ္စည်းလေးပါးဒကာတည်း။ ငွေလိုလျှင် အောင်ပန်းသို့ ပြေးကာ ဆရာကြီးဦးစိန်နှင့်ဆရာကတော်ကြီးဒေါ်သန်းတင်။ ကျွန်တော့် ဒူးမနာသားသမီးများဖြစ်ကြသော ကိုဟန်ညွှန့်နှင့်မမ ကြီးတို့ထံ ပြေးကာ တောင်း၏။ သူတို့ကား ဗမာတွေ ဖြစ်သဖြင့် ဗမာချင်း ညှဉ်းဆဲ၍ ကောင်းလှသည်။ ညောင်ရွှေမှ သတင်း ထောက်မောင်စိုးလွင်နှင့်မျိုးဆွေစာအုပ်မှ မောင်တိုးအောင်မြင့်တို့က ကျွန်တော့်ကို ပေးရကမ်းရသည်မှာ အမော။ ညောင်ရွှေမှ ကန်ကြီးကျောင်းဆရာတော်နှင့်ရွှေဂူဆရာတော်တို့ စွန့်ကြဲသည်များကို ခံခဲ့ရဖူးပေါင်းများလှပြီ။
ကျွန်တော် ရှမ်းပြည်တောင်ပိုင်းတွင် တစ်နှစ်ကျော် နေပြီးနောက် ရန်ကုန်သို့ပြန်ခဲ့ရာ ရေးစရာ ကုန်ကြမ်းတွေ ဗိုက်ကြီး နှင့်အပြည့် စာဖွဲ့စရာ တောက်တိုမယ်ရတွေ ဦးနှောက်နှင့်တစ်လုံး ပါခဲ့ပါသတည်း။
ရန်အောင်
မှတ်ချက်။ ။၁၉၇၁-ခုနှစ်၊ ဧပြီလထုတ် အမှတ်(၃၀၄)၊ သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၄၇ မှ ၅၁ ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:
Post a Comment