Popular Posts

Wednesday, September 11, 2013

ရှမ်းပြည်သွားမှတ်တမ်း-၅ (ရန်အောင်)

သီပေါမြို့တွင်

    ၁၉၇၄-ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက်တွင် နောင်ချိုမှ မီးရထားဖြင့် လာခဲ့ရာ သီပေါမြို့သို့ နံနက် ၁၀ နာရီခွဲခန့်ရောက် ၍ ကိုတင်ဝင်း ဘူတာရုံသို့ လာရောက်ကြိုဆိုသည်။

    ကိုတင်ဝင်းမှာ ပြည်သူ့သစ်ဆိုင်မှ မန်နေဂျာဖြစ်၏။ ကိုတင်ဝင်း၏ဖခင်ကျောင်းဆရာ ဦးသိန်းဖေမှာ ခေတ်ဟောင်းက ကျွန်တော်နှင့်ကျောင်းဆရာ လုပ်ဖေါ်ကိုင်ဖက် ဖြစ်သည်။ မိတ်ဆွေကျောင်းဆရာ၏သား ဖြစ်သဖြင့် တူလိုသားလိုပင် ခင်မင် ၏။

    ပြည်သူ့သစ်ဆိုင်ဝင်းထဲရှိ ကိုတင်ဝင်းတို့အိမ်အနီးတွင် အိမ်ငယ်တစ်ဆောင်ရှိရာ ထိုအိမ်တွင် ကျွန်တော်တို့သားအဖ ၃ ယောက် တည်းခိုရ၏။ ထမင်းကိုကား ကိုတင်ဝင်းတို့အိမ်က ကျွေးသည်။

    ထိုနေ့ညနေတွင် မဟာမြတ်မုနိဘုရားသို့ သွားရောက်ဖူးမြော်၏။ ပထမသီပေါစော်ဘွားကြီးဆာစောချယ်မှာ မင်းတုန်း မင်းကြီးလက်ထက်က မြန်မာနန်းတော်အတွင်း အမှုထမ်းနေထိုင်ခဲ့ဖူးရာ မြန်မာ့ထုံးစံ မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုကို လွန် စွာ မြတ်နိုးလေသည်။
   
    ထို့ကြောင့် မန္တလေးရှိ မဟာမြတ်မုနိဘုရားကဲ့သို့ပင် သီပေါမြို့မှာလည်း မဟာမြတ်မုနိဘုရားကို တည်ထားကိုးကွယ် သည်။ မန္တလေးမြို့တွင် ရေလာရေမြောင်း ဖောက်သွယ်ထားသကဲ့သို့ပင် သီပေါမြို့မှာလည်း ဖောက်သွယ်ထားသည်။

    မင်းတုန်းမင်းကြီး၏မိဖုရားတစ်ပါးမှာလည်း သီပေါရှမ်းမင်းသမီးဖြစ်ရာ ထိုမိဖုရားမှ ဖွားမြင်သည့် သီပေါမင်းသည်ပင် လျှင် မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှမ်းနှင့်မြန်မာသမိုင်းတစ်လျှောက်လုံး ရင်းနှီးဆက်သွယ်ခဲ့ပေ သည်။

    သီပေါမြို့သို့ ကျွန်တော် ရောက်ကြောင်း သိကြလျှင် စာပေသမားများဖြစ်ကြသော ကိုစိန်လှမောင်(မေတ္တာရှင်)၊ မောင် မြေလွှာ၊ ကိုလှထွန်း(ကျန်းမာရေးမှူး)စသူများ ရောက်လာကြကာ စာပေအကြောင်း မမောနိုင် မပန်းနိုင် ပြောကြရ၏။ သူတို့ သည် ကိုယ်တိုင် စာရေးကြသူများ ဖြစ်သည်။

    သူတို့ရေးသည့်ကဗျာများကို စုပေါင်းကာ လက်နှိပ်စက်ဖြင့်ရိုက်ပြီး စာကူးစက်ဖြင့် ကူး၍ စာအုပ်ချုပ်ထားသည်ကိုတွေ့ ရ၏။

    “ကျွန်တော်တို့ နောက်ထပ် ကဗျာစာအုပ်တစ်အုပ် ထုတ်အုံးမလို့၊ နာမည်ကတော့ (တောမီး)တဲ့”ဟု တစ်ယောက်ပြော သည်။

    စာသမားတစ်ယောက်က သူ၏အော်တိုစာအုပ်ထဲတွင် တစ်စုံတစ်ခု ရေးရန် ကျွန်တော့်ကို ခိုင်းသဖြင့် သူတို့နောက်ထပ် ထုတ်မည့်(တောမီး)ကဗျာစာအုပ်နှင့်အဆင်ပြေစေရန် ကဗျာကလေးတစ်ပုဒ် ရေးထည့်လိုက်သည်။

    တောမီးတွေလောင်
    တောကြောင် လက်ခမောင်းနဲ့
    ဖြောင်းဖြောင်းမြည်ခတ်။
    ထိုတောမီးကိုပ
    မြို့ကြီးနေ လူအပေါင်းက
    စုပေါင်းကာ သတ်။    ။
    ကျွန်တော်တို့ကို နောင်ချိုမှ သီပေါသို့ လိုက်ပို့သူမှာ ကိုသောင်းတင်(ဝေဆာ) ဖြစ်သည်။ ထို့ကြောင့် ကိုသောင်းတင် တည်းခိုသည့်ရီတာပေါ့ဆေးလိပ်ရုံပိုင်ရှင်ဦးချစ်ညွှန့်ဇနီးမောင်နှံတို့၏တိုက်သို့ သွားရောက်နှုတ်ဆက်ကြ၏။

    ရီတာပေါ့ဆေးလိပ်ရုံပိုင်ရှင်၏သားမှာ တက္ကသိုလ်မှ ဘွဲ့ရပြီးဖြစ်သော်လည်း အအေးဆိုင်၊ မုန့်ဆိုင်၊ ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချနေ၏။ ခေတ်ပညာတတ်ဖြစ်သဖြင့် သူ့ဆိုင်ကို သေသပ်ကျန တင့်တယ်လှပအောင် ပြင်ဆင်ထားသည်။

    သူ့ဆိုင်မှာ ရုပ်ရှင်ရုံနှင့်လည်း နီးသဖြင့် ၀ယ်သူစည်ကားလှ၏။ သူ့ဆိုင်တွင် ရောင်းသည့်အအေးရည်နှင့်မုန့်များဖြင့် ကျွန်တော်တို့ကို ဧည့်ခံကျွေးမွေးလိုက်၏။

    ထိုသူငယ်က ပြောသေး၏။ “ကျွန်တော့်ဆိုင်က ၀င်ငွေဟာ လခစားလုပ်လို့ရမယ့်ငွေထက် များပါတယ်”

    ထိုသူငယ်ကို ချီးကျူးမိပါသည်။ ခေတ်ပညာတတ်တွေသည် လခစားလုပ်ရန်သာ စိတ်စောနေကြ၏။ ထိုသူငယ်ကဲ့သို့ ဆိုင်ရောင်းသူ၊ ကောက်ပဲသီးနှံစိုက်ပျိုးသူ၊ မွေးမြူရေးလုပ်သူပညာတတ်များ ပေါ်ပေါက်ပေါများပါစေဟု ဆုတောင်းမိပါသည်။

ရွှေအိမ်နန်းနှင့်မတ်ပေါင်းဆင့်

    ၁၉-၄-၇၄ တွင် ဘော်ကြိုဘုရားသို့ ကိုတင်ဝင်း၏မိတ်ဆွေတစ်ယောက်ပိုင် ဂျစ်ကားဖြင့် သွားရောက်ဖူးမျှော်ရ၏။ အုတ်အင်္ဂတေတို့ဖြင့် ဆောက်လုပ်ထားသောတန်ဆောင်းကြီးများ၊ အဆောက်အဦကြီးများကို တအံ့တသြ တွေ့ရသည်။

    ထိုအဆောက်အဦးကြီးများကို ဆောက်လုပ်သူမှာ ရှမ်း-မြန်မာအမျိုးသားကြီးဦးသူတော် ဖြစ်သည်။ ဦးသူတော်မှာ အင် ဂျင်နီယာတစ်ယောက် မဟုတ်ပေ။ သာမန်ဗိသုကာပန်းရံဆရာသာ ဖြစ်၏။ သို့ဖြစ်ပါလျက် အင်ဂျင်နီယာကြီးတွေ ဆောက်လုပ် ထားသလားဟု ထင်မှတ်ရလောက်အောင် အံ့သြဖွယ် ဖြစ်ပေသည်။ ဦးသူတော်ကား ကွယ်လွန်ရှာပြီ။

    ဘော်ကြိုဘုရား၏ဘွဲ့တော်နှင့်စပ်လျဉ်း၍ စုံစမ်းကြည့်ရာ ဘော်-ကား အဖေ၊ ကြို-ကား ကြိုဆိုခြင်း။ မိဖုရားစောမွန်လှ ကို သူ့ဖခင်က ကြိုဆိုသည့်နေရာတွင် တည်ထားသဖြင့် ဘော်ကြိုဟုမှည့်ခေါ်ကြောင်း အချို့က ပြော၏။

    အချို့ကမူကား မြန်မာအခေါ် “ဘော်ကြို”နှင့်ခပ်ဆင်ဆင်တူသော ရှမ်းဝေါဟာရကို ပြောပြ၏။ ထိုဝေါဟာရ၏အဓိပ္ပါယ် မှာ ဆားတွင်း-ဟုသိရသည်။ ဆားထွက်သောနေရာဖြစ်၍ ဤအမည်ခေါ်တွင်ကြောင်း ပြောပြ၏။ ယုတ္တိလည်း ရှိပါသည်။ ဘော် ကြိုဘုရား၏အနီးတွင် ဆားမြေ၊ ဆားတွင်း ရှိသဖြင့် ယနေ့ထက်တိုင် ဆားချက်နေကြပါသည်။

    ဘော်-ကား အဖေ၊ ကြို-ကား ကြိုဆိုခြင်း၊ ထို့ကြောင့် ဘော်ကြိုမှာ ဖခင်က ကြိုဆိုသည့်နေရာဟုဆိုခြင်းမှာ စဉ်းစားဖွယ် ဖြစ်ပါသည်။ အကြောင်းမူကား ရှမ်းစကားနှင့်မြန်မာစကားကို တွဲဖက်သုံးစွဲလေ့ မရှိသောကြောင့် ဖြစ်ပါသည်။

    ဤနေ့တွင်ပင် သီပေါစော်ဘွားကြီး၏ရေဟော်သို့ ရောက်၏။ ရေပတ်လည် ၀ိုင်းရံနေသဖြင့် ရေဟော်ဟုခေါ်ခြင်းဖြစ် သည်။

    သီပေါမြို့သည် ရှမ်းပြည်မြောက်ပိုင်းတွင် အပူဆုံးမြို့တစ်မြို့ ဖြစ်၏။ တောင်များ၏အလယ်၊ မြေနိမ့်တွင် တည်ထား သောကြောင့် ပူခြင်း ဖြစ်သည်။ ပူသည့်ရာသီတွင် စော်ဘွားကြီးသည် ရေဟော်တွင် နေလိမ့်မည်ဟုတွေးထင်မိပါသည်။
    သီပေါစော်ဘွားကြီး၏ဟော်ကြီးနေရာသို့လည်း သွားရောက်ကြည့်ရှုပါ၏။ နေရာသာ ရှိတော့လျက် အဆောက်အဦး ကား မရှိတော့ပါ။ စစ်အတွင်းက မီးလောင်သွားသည်ဟု ကြားရပါ၏။

    ထိုဟော်ကြီး ရှိစဉ်က မန္တလေးနန်းတော်၏ပုံစံမျိုး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်ဟု တွေးမိပါသည်။ မန္တလေးနန်းတော် လည်းမရှိတော့။

    စိုးစံခဲ့ကြသောပုဂ္ဂိုလ်များလည်း မရှိကြတော့။ သဗ္ဗေသင်္ခါရာ အနိစ္စာပါတကား။

    “ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေ မျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည့်”ဟူသော ပုဂံခေတ် အနန္တသူရိယအမတ်ကြီး၏သံဝေဂလင်္ကာ ကို သတိရမိပါသည်။

ယဉ်ကျေးမှုပြဿနာ

    ဧပြီ ၁၉ ရက်နေ့ ညစာကို ဦးမြင့်ဦးတို့၏အိမ်တွင် စားရ၏။ ဦးမြင့်ဦးမှာ ရှမ်းအမျိုးသားဖြစ်သော်လည်း ရှမ်းစကားပင် ကောင်းကောင်းတတ်တော့ဟန် မတူပါ။ မြန်မာအမျိုးသားပုံစံအတိုင်း ဖြစ်နေ၏။ ၁၉၇၂-ခုနှစ် စာဆိုတော်နေ့အခမ်းအနားကို သီပေါမြို့တွင် ကျင်းပခဲ့စဉ်က ဦးမြင့်ဦးပင် ဟောပြောပွဲသဘာပတိ လုပ်ခဲ့၏။ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေ ရေးဆွဲရာတွင်လည်း ဦးမြင့်ဦး ပါခဲ့သည်။

    ဦးမြင့်ဦး၏ဇနီး ဒေါ်စ၀်ရွှေသီကား စော်ဘွားကြီးတစ်ဦး၏သမီး ရှမ်းအမျိုးသမီးစစ်စစ် ဖြစ်၏။ ဒေါ်စ၀်ရွှေသီက သားသ မီးများကို ရှမ်းစကားဖြင့်ပင် ပြောနေ၏။ မြန်မာစကားပြောလျှင် ရှမ်းသံကလေးဝဲ၀ဲဖြင့် နားထောင်၍ ကောင်းလှပေသည်။

    ဦးမြင့်ဦး၏အိမ်တွင် တိုက်တိုက်ဆိုင်ဆိုင် အမျိုးသားပေါင်းစုံ တွေ့ရ၏။ နမ္မတီးမှ ဦးစောလှ၊ စိုင်းကျော်တင်၊ စိုင်းချစ် အောင်၊ မြစ်ကြီးနားမှ စိုင်းကျော်တင့်၊ စိုင်းအောင်ပန်း၊ စိုင်းဘရင် စသော ရှမ်းအမျိုးသားများ ဖြစ်ကြသည်။

    ရှမ်းစာပေဖွံ့ဖြိုးရေး၊ ရှမ်းစာပေပြန့်ပွားရေးအတွက် အနယ်နယ်အရပ်ရပ်မှ စာပေပညာရှင်ရှမ်းအမျိုးသားတို့ သီပေါမြို့ တွင် အစည်းအဝေးကျင်းပရန်အတွက် ရောက်လာကြခြင်း ဖြစ်သည်။

    ထိုရှမ်းအမျိုးသားများနှင့်အတူ ထမင်းလက်ဆုံစားရင်း ကျွန်တော့်စိတ်ထဲတွင် ရှိသည်ကို ပြောပြလိုက်ပါသည်။

    “ကျွန်တော့်ဖွားအေကြီးဟာ ရှမ်းအမျိုးသမီးပါ၊ ဒီတော့ ကျွန်တော့်သွေးထဲမှာ ရှမ်းသွေးပါ ပါတယ်၊ ဒါကြောင့် ရှမ်းအမျိုး သားတွေကို ချစ်ပါတယ်။ ကျွန်တော်ပြောချင်တာက စာပေကိစ္စ၊ ယဉ်ကျေးမှုကိစ္စပါ၊ ကျွန်တော်တို့ ပြည်ထောင်စုသားတိုင်းရင်း သားအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီး ရှိကြပါတယ်၊ အဲဒီကိုယ်ပိုင်ယဉ်ကျေးမှုအသီးသီးကို ဖေါ်ထုတ်ဖို့၊ ပြန့်ပွား အောင် ကြိုးစားဖို့ကတော့ တိုင်းရင်းသားတိုင်းမှာ တာဝန်ရှိပါတယ်။
    သို့ပေမယ့် တစ်ခု သတိထားဖို့က ဒို့ဟာမှ ဒို့ဟာ၊ ဒို့မှဒို့ဆိုတဲ့အစွန်းရောက်မှု မဖြစ်အောင် သတိထားရပါ့မယ်။ တိုင်းရင်း သားအသီးသီးတို့ရဲ့ယဉ်ကျေးမှုအရပ်ရပ်ဟာ ဒို့ပြည်ထောင်စုယဉ်ကျေးမှုပဲဆိုတဲ့ စိတ်ဓာတ်ထားဖို့ လိုပါတယ်”

    ကျွန်တော်၏စကားကို ဦးမြင့်ဦးနှင့်ရှမ်းအမျိုးသားများ သဘောပေါက်ကာ “ဟုတ်ကဲ့၊ ကျွန်တော်တို့လဲ ဆရာကြီးပြော တဲ့အတိုင်းဘဲ သဘောထားပါတယ်”ဟု ဆိုကြသည်။

    ကျွန်တော်က စကားဆက်ပြန်၏။ “တိုင်းရင်းသားချင်း ကြုံတုန်း မှတ်သားစရာပုံပြင်တစ်ခု ပြောပြရအုံးမယ်၊ အဲဒီပုံပြင် ကတော့ ချင်းအမျိုးသားကြီးတစ်ယောက် ပြောပြတဲ့ချင်းပုံပြင်ပါ၊ ပုဂံပြည်ကြီးကောင်းစားစဉ်က ပုဂံပြည်မှာ ချင်း၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယားစတဲ့တိုင်းရင်းသားပေါင်းစုံ နေကြပါသတဲ့၊ တစ်နေ့တော့ ပုဂံပြည်ကြီးကို ပြည်ပက ရန်သူတွေ လာတိုက်တော့ ပုဂံပြည်သားတွေက ခုခံတိုက်ခိုက်ဖို့ သူရဲ့ကောင်းတွေကို စုကြပါသတဲ့”

    “တိုက်စည် တိုက်မောင်းတီးပြီး မြန်မြန်မာမာ လူတွေ ထွက်ကြဟေ့၊ မြန်မြန်မာမာ လူတွေ ထွက်ကြဟေ့”လို့ ကြွေး ကြော်တော့ ချင်း၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယားစတဲ့ တိုင်းရင်းသားတွေထဲက မြန်မာသန်စွမ်းတဲ့လူတိုင်း လက်နက်ကိုင်စွဲထွက် လာကြပြီး ပြန်ပရန်သူတွေကို တိုက်ထုတ်လိုက်ကြတယ်။ အဲဒီတိုင်းရင်းသားပေါင်းစုံစစ်တပ်ကြီးမှာ မြန်တဲ့မာတဲ့ လူတွေချည့်ပါ ၀င်လို့ မြန်မာစစ်တပ်လို့ခေါ်ကြတယ်၊ အဲဒီကစပြီး မြန်မာဆိုတဲ့နာမည် ပေါ်လာသတဲ့။

    “ဒီတော့ (မြန်မာ)ဆိုတဲ့အမည်ဟာ တိုင်းရင်းသားပေါင်းစုံ ရောနှောသွေးစည်းခြင်း၊ သွေးရောနှောခြင်းအနက်ကို ဆောင်ပါသတဲ့”

    ကျွန်တော်၏စကားကို ရှမ်းအမျိုးသားများ နားစိုက်ထောင်ကြရင်း ခေါင်းတစ်ဆက်ဆက်ညိတ်ကြသည်။

    ဧပြီ ၂၀ ရက်နေ့ညစာကို ကိုစိန်လှမောင်(မေတ္တာရှင်)က ကျွေး၏။ ကိုစိန်လှမောင်၏ဇနီးမှာ ခရမ်းချဉ်သီးအရောင်းအ ၀ယ် အကြီးအကျယ်လုပ်နေ၍ မအားလပ်သဖြင့် သူတို့အိမ်အနီးရှိ တရုပ်ဟော်တယ်ဆိုင်တွင် ကျွေး၏။

    ထမင်းစားပြီးလျှင် ကိုစိန်လှမောင်တို့အိမ်သို့ ပြန်ကာ စာပေအကြောင်း ပြောကြဆိုကြ ဆွေးနွေးကြသည်။ ကိုစိန်လှ မောင်(မေတ္တာရှင်)ရေး၍ စာစောင်များတွင် ပါသည့် ဟာသ၀တ္ထုများ၊ သွေးသောက်မဂ္ဂဇင်းတွင်ပါသည့်ထူးဆန်းသောစိတ်အ သိရှိသူဆောင်းပါးများကို ပြသသည်။

    ၂၁ ရက်နေ့ နံနက်စာရော ညစာကိုပါ ကိုလှထွန်း(ကျန်းမာရေးမှူး)က ကျွေး၏။ ၁၉၇၂-ခုနှစ်က ဌေးမောင်၊ နတ်နွယ်၊ အီကြာကွေးတို့နှင့်အတူလာစဉ်ကလည်း ကိုလှထွန်းက ထမင်းကျွေးဖူးလေသည်။

    ကိုလှထွန်းအိမ်တွင် ညစာ စားနေစဉ်တွင် စာရေးဆရာမောင်ရွှေစွန်နှင့်တွေ့၏။ မောင်ရွှေစွန်ကား စွံသွားလေပြီ။ ကျောက်မဲမြို့မှ အမျိုးသမီးကလေးတစ်ယောက်နှင့်အကြောင်းဆက်ပေါင်းဖက်ကာ သီပေါမြို့သို့ ဟန်းနီးမွန်း ထွက်လာကြဟန် တူပေသည်။ မောင်ရွှေစွန်တို့ဇနီးမောင်နှံအသစ်စက်စက်ကလေးများမှာ ကိုညီတင်(မောင်မြေလွှာ)တို့အိမ်တွင် တည်းခိုကြ၏။

အလှူခံကိစ္စ

    ဧပြီ ၂၂ ရက်နေ့တွင် သီပေါမြို့မှ လားရှိုးမြို့သို့သွားရန် ပြင်ဆင်ရ၏။ ကျွန်တော့်သဘောအလျောက်ဆိုလျှင် မီးရထား ဖြင့် သွားမည်ဖြစ်သည်။ မော်တော်ကားဖြင့်သွားလျှင် တစ်ခါတရံ အလှူခံများနှင့်တွေ့ရတတ်သည်ဟုပြောကြ၏။ အလှူခံဆို သည်မှာ ဒေသအလျောက် ခေါ်ဝေါ်သောအမည်ဖြစ်၍ ဓါးပြကို ဆိုလိုသည်။

    နောင်ချိုနှင့်ကျောက်မဲအကြား ဂုတ်ထိပ်တံတားအနီးတွင် အလှူခံနှင့်တွေ့ရတတ်သည်ဟုပြောကြ၏။ သီပေါနှင့်လားရှိုး အကြား ကြိုးဝိုင်းသစ်တောကြီးအနီးတွင်လည်း အလှူခံများ ကျက်စားတတ်သည်ဟုကြားရ၏။

    တစ်ခါတရံတွင် အလှူခံတို့ကလည်း ပရိယာယ်ဆင်တတ်ကြသည်။ တစ်ခါက မော်တော်ကားတစ်စီး မောင်းသွားရာ လမ်းပေါ်တွင် လူတစ်ယောက်လဲနေသည်ကို တွေ့ရသဖြင့် မော်တော်ကား တိုက်သွားသလား၊ ဝေဒနာတစ်ခုခုကြောင့် လဲနေ တာလားဟုတွေးကာ လဲနေသူအနီးတွင် မော်တော်ကား ရပ်လိုက်ရာ အလှူခံများ တောတွင်းက ထွက်လာပြီး အလှူခံသွားကြ သည်ဆို၏။

    တစ်ခါကမူကား ခရီးသွားမော်တော်ကားတစ်စီးသည် ညအချိန် လသာသာတွင် နောင်ချိုမှ သီပေါသို့ မောင်းသွား၏။ အ၀တ်ဖြူကြီးခြုံကာ လမ်းပေါ်တွင် အိပ်နေသူတစ်ယောက်ကို တွေ့ရရာ အလှူခံတို့၏ပရိယာယ်ကို သိပြီးဖြစ်သော မော်တော် ကားမောင်းသူက ရပ်မပေးဘဲ အတင်းမောင်းသွား၏။
    အလှူခံလူဖြူကြီးသည် လမ်းဘေးသို့ လူးလှိမ့်ရှောင်တိမ်းသွားသည်ဟု ပြောကြသည်။ ရပ်၍သာ ပေးလိုက်ပါက လှူ လိုက်ရပေလိမ့်ဦးမည်။

    ကျွန်တော်သည် ရှမ်းပြည်တောင်ပိုင်းတွင် တစ်နှစ်ကျော် နေခဲ့ဖူး၏။ မြို့ပေါင်း ရွာပေါင်း ၄၀ ကျော်ရောက်ခဲ့ဖူးသည်။ အလှူခံတစ်ယောက်ကိုမျှ မတွေ့ခဲ့ဖူးပေ။

    ဤရှမ်းပြည်မြောက်ပိုင်းသို့လည်း ၃ ခေါက် ရောက်ခဲ့ပေပြီ။ ၁၉၆၂-ခုနှစ်က မန္တလေးမှ ကျောက်မဲအရောက် ညအချိန် တွင်ပင် လာခဲ့၏။ ၁၉၇၂-ခုနှစ်ကလည်း မန္တလေးမှ နောင်ချိုသို့ ညအချိန်တွင်ပင် မော်တော်ကားဖြင့် လာခဲ့သည်။ အလှူခံကို မတွေ့ရပါ။

    ယခုနံနက်စောစောတွင် သီပေါမှ လားရှိုးသို့ အသွားတွင်လည်း အလှူခံများနှင့်လွဲပါစေ၊ ဖယ်ပါစေဟုဆုတောင်းရ၏။ ကျွန်တော်တို့ကို လားရှိုးသို့ ပို့ပေးမည့်ဂျစ်ကားမှာ နံနက် ၆ နာရီခန့်တွင် အိမ်ရှေ့သို့ ရောက်လာ၏။ ပြင်ဆင်ထုပ်ပိုး၊ ကော်ဖီ သောက်၊ မုန့်စားဖြင့် ၇ နာရီခန့်တွင် ထွက်တော့မည်လုပ်ရာတွင်မှ ကျွန်တော့်သား မောင်တင်အောင်ကို ရှာမတွေ့တော့ချေ။ သွားခါနီးတွင် နှောင့်နှေးအောင် လုပ်ရမည်လားဟု စိတ်ဆိုးမိ၏။

    လမ်းမပေါ်တွင် လားဝန်တင်များ လျှောက်သွားနေကြသည်ကို မြင်ရသဖြင့် မေးကြည့်မိ၏။ မိုင် ၅၀ မျှဝေးသောနမ့်ဆန် တောင်များပေါ်သို့ လားဖြင့် လဖက်ခူးသွားကြခြင်း ဖြစ်သည်။ လမ်းခရီးတောင်ပေါ်တွင် ၃ ညအိပ်၍ သွားကြရ၏။ ခူးပြီးလဖက် များကို လားဖြင့် တင်ကာ ပြန်လာကြခြင်းဖြစ်သည်။

    နာရီဝက်ခန့် စောင့်နေပြီးမှ မောင်တင်အောင် ပြန်လာ၏။

    “ခွေးမသားလေး၊ ဘယ်သွားနေတာလဲကွ”ဟု ကျွန်တော်က စိတ်ဆိုးဆိုးဖြင့် မေးလိုက်သည်။

    “ရေပူစမ်း စထွက်တဲ့ကျောက်ဂူကြီးကို သွားကြည့်တာပါ”ဟု ဖြေ၏။

    မော်တော်ကားပေါ်သို့ တက်ကြကာ လားရှိုးဘက်သို့ ခရီးဆက်ခဲ့ရပြန်သတည်း။

 

ရန်အောင်



မှတ်ချက်။    ။၁၉၇၄-ခုနှစ်၊ စက်တင်ဘာလထုတ် အမှတ်(၃၄၅)၊ သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၁၀၁ မှ ၁၀၄ ထိ)၌ လာရှိသောဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment