ကျွန်တော် ရှင်လိင်ပြန်ပြီးစ ၁၉၁၇-၁၈-ခုနှစ်ဆီက ဖြစ်ပါသည်။
ကျောင်းသို့ ပညာသင်သွားရန် ပြင်ဆင်ဆဲ ဈေးအနီးရှိ လူထုအစည်းအဝေးပွဲတစ်ခုသို့ ရောက်ခဲ့ပါသည်။ ပထမကမ္ဘာ စစ်ကြီး ပြီးဆုံးသည့်အကြောင်း၊ အင်္ဂလိပ်နှင့်အိန္ဒိယတပ်သားများက ဂျာမန်ကို ချေမှုန်းပြီး ကမ္ဘာတစ်ဝှန်းလုံး ငြိမ်းချမ်းရေးပြန် လည်ရရှိသည့်အကြောင်း ဟောပြောနေသည်ကို တွေ့ရပါသည်။
ကျိုင်းတုံနယ်ကလေးမှာ စတုရန်းမိုင်(၁၂၀၀၀)(ဥရောပတိုက် ဘယ်ဂျီနီယံနိုင်ငံထက် ကြီးပါသည်။)နယ်တစ်နယ်လုံး အား စော်ဘွာ၏ပုလိပ်အနည်းငယ်နှင့်ဂေါ်ရခါးစစ်သား၊ ပန်ချာပီစစ်သားများ ပါရှိသော စစ်တပ်တစ်တပ်နှင့်ကာကွယ်စောင့် ရှောက်ထားပါသည်။ အရေအတွက် နည်းပါးပေမင့် စည်းကမ်းကောင်းပြီး ခန့်ညားသောတပ်သားများ၏အရှိန်ကြောင့် တစ်နယ် လုံး အေးချမ်းသာယာနေခဲ့ပါသည်။ သို့ပါသော်လည်း ကျိုင်းတုံနယ်အတွင်းသို့ မကြာခဏဆိုသလို တရုတ်များ ၀င်ရောက်တိုက် လေ့ရှိပါသည်။ ထိုတရုတ်လူဆိုးများ လာရောက်တိုက်ခိုက်သည့်အချိန် နှင်းတွေဝေနေသော လွယ်တောင်ထိပ်မှ စစ်သားများ ဆင်းလာပြီး စစ်ရေးပြတိုက်ခိုက်လေ့ရှိပါသည်။ တရုတ်လူဆိုးများအတွင်းဝယ် ဘိန်းကုန်ကူးသူများ၊ လက်နက်ကိုင်လူဆိုးများ ပါလေ့ရှိပါသည်။ သူတို့အချင်းချင်းလည်း တစ်အုပ်စုနှင့်တစ်အုပ်စု တိုက်ခိုက်သတ်ဖြတ်လေ့ရှိပါသည်။
ထိုစဉ်က ကျိုင်းတုံမြို့သည် ယူနန်၊ ချင်းမိုင်နှင့်မော်လမြိုင်ဆီမှလာသော ကုန်သည်များ၊ ပွဲစားများ၊ ကုန်ကူးသူများ၏ အချက်အချာဌာနတစ်ခု ဖြစ်ခဲ့ပါသည်။ အရှေ့အိန္ဒိယကုမ္ပဏီသည် မော်လမြိုင်မြို့မှနေ၍ ယူနန်ဖက်ဆီသို့ ကုန်များပို့ခြင်း၊ သယ်ခြင်း၊ ရောင်းချခြင်းပြုရာဝယ် ကျိုင်းတုံမြို့ကို ဖြတ်၍ သယ်ယူပို့ဆောင်ခြင်းများ ပြုရပါသည်။
တရုတ်လူဆိုးများ ၀င်ရောက်တိုက်ခိုက်တတ်သည့်ဆောင်းဦးအချိန်ဝယ် ကျိုင်းတုံမြို့သူမြို့သားများအနေနှင့် ဘေး လွတ်ရာသို့ ပြေးကြပါသည်။ ထိုသို့ပြေးသွားနေစဉ် စားသုံးရန်အတွက် (၅)ပေရှည်ပြီး (၄)လက်မအကျယ်ရှိသော ဆန်စလွယ် လေးများကို ချုပ်ထားကြပါသည်။ ထိုအိတ်ကလေးများအတွင်း အဖိုးတန်ရွှေဒင်္ဂါး ငွေဒင်္ဂါးများကို ဆန်များနှင့်ရော၍ ချုပ်ထားကြ ပါသည်။ ကျွန်တော်၏မိခင်က ကျွန်တော့်အတွက် ဆန်စလွယ် ငယ်ငယ်လေး ချုပ်ပေးပြီး ငွေဒင်္ဂါးငါးပြားကို ထည့်ပေးထားပါ သည်။ သို့သော် ဆန်အိတ်လွယ်ပြီး တစ်ခါမျှ မပြေးရပါ။ ဆန်တွေနှင့်ရောထားသော ငွေဒင်္ဂါးငါးပြားကို သုံးမိသည့်အတွက် အမေက ကျွန်တော့်ကျောပြင်ကြီးကို ဗျောတီးခဲ့ပါသည်။
သွားရေးလာရေး၊ ကုန်များသယ်ယူရေးအတွက် ထိုစဉ်က မြင်းများ လားများကို အများဆုံးအသုံးပြုခဲ့ပါသည်။ မြင်းက လေးကိုစီးပြီး သူ့မြင်းက လှသည်၊ ကိုယ့်မြင်းက လှသည်၊ သူ့မြင်းက မြန်သည်၊ ကိုယ့်မြင်းက မြန်သည်ဟု ပြိုင်ကြရသည်မှာ ပျော်စရာ ကောင်းလှပါသည်။ မန္တလေးမှလာသော ရောင်စုံအလှဆင်ထားသည့်မြင်းကုန်းနှီးများနှင့်မြောက်ပိုင်းအိန္ဒိယမှလာ သော မြင်းကုန်းနှီးများကို အသုံးပြုကြပါသည်။ ညနေပိုင်း ဈေးတန်းသို့ သွား၍ မြင်းကလေးများအတွက် မြက်စိမ်းထုံးကြီးများ ၀ယ်ကြပါသည်။ မြက်ထုံးရောင်းသောမိန်းကလေးများမှာ ငယ်ရွယ်ပြီး လှပကြပါသည်။ ငွေကြေးတတ်နိုင်သူများက အ၀တ်အ ထည်များ ရောင်းကြပါသည်။ စွန့်စားဝံ့သောကုန်သည်များကမူ တောင်ကြီးသို့ ဇင်းမယ်တို့သို့သွား၍ ကုန်များ ၀ယ်ယူလေ့ရှိပါ သည်။ ဘိန်းများကိုတော့ ဈေးအတွင်းတွင် လွတ်လပ်စွာ အချုပ်အချယ်မရှိ ရောင်းဝယ်ကြပါသည်။ စားစရိတ်သက်သာလိုက် သည် ဖြစ်ခြင်း၊ ငွေတစ်ကျပ်နှင့်ဖွေး၍လှနေသည့် ဆန် ၁၅ ပြည်ကို ၀ယ်ယူနိုင်ပါသည်။ ကြက်ဥ ၁၀ လုံး ၁၅ လုံးမှ ပိုက်ဆံတစ် မတ်သာ ပေးရပါသည်။ အမဲတို့ ၀က်တို့ဆိုလျှင် တစ်ပဲခြောက်ပြားဖိုးဆိုလျှင် တစ်ဝကြီး ရနိုင်ပါသည်။ ၀က်ဆီကို ဟင်းချက်ရာ တွင်သာမက ခေါင်းလိမ်းဖို့ အသုံးပြုကြပါသည်။ ဆံပင်တွေ ပိုသန်လာသည်ဟုယုံကြည်ကြပါသည်။ ၀က်ဆီလိမ်းသောသံလွင် မြစ်တစ်ဖက်ကမ်းက အမျိုးသမီးများ၏ဆံပင်မှာ ကောင်းလှသဖြင့် ဆံစုအဖြစ် ဖြတ်၍ ရောင်းကြရသည်ဟုသိရပါသည်။
ကျိုင်းတုံမြို့ကို ခွဲခွာပြီး စခန်းသာသို့ ရောက်လာသောအခါ ကျွန်တော်၏ဘ၀မှာ တစ်မျိုးပြောင်းလာပါသည်။ ဗြောင် ခေါင်းရွာကလေးကို စော်ဘွားကြီးဆာစောချယ်က စခန်းသာဟုပြောင်းလဲပြီး ဟော်နန်းများ ဆောက်ခဲ့ပါသည်။ နာမည်နှင့်လိုက် အောင် လှပသာယာပြီး ကျန်းမာရေးအတွက် လေကောင်းလေသန့် ရသည့်နေရာဖြစ်သဖြင့် စော်ဘွားကြီးဆာစောချယ်က ရွေး ချယ်ခဲ့ခြင်း ဖြစ်လေသည်။ ပထမတော့ စော်ဘွားကြီးသည် ၀ါးနှင့်ဆောက်ထားသောဟော်နန်းတွင် နေထိုင်လေသည်။ ထိုစဉ် က စော်ဘွားကြီးတွင် စော်ဘွားကတော် ၁၂ ယောက်ရှိလေသည်။ စော်ဘွားကတော် အယောက် (၄၀)မှ တစ်ဖြည်းဖြည်း ၁၂ ယောက်အထိ လျှော့ချလာသည်ဟုသိရပါသည်။ မင်းတုန်းဘုရင်ကြီး၏နန်းတွင်းဝယ် ကြီးပြင်းလာခဲ့ပြီး နောက်ပိုင်းတွင် အင်္ဂ လန်သို့ပညာသင်သွားရောက်ခဲ့သည်ဟုသိရပါသည်။ မြန်မာ့နန်းတွင်းယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သော စောင်း၊ ပတ္တလား၊ ဆိုင်းဝိုင်းကြီးများကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားလေသည်။
စော်ဘွားကြီး၏အပါးတွင် ချင်းအမျိုးသားဦးအောင်သာကို တွေ့ခဲ့ရပါသည်။ သူသည် သီပေါဘုရင်၏မောင်းမမိဿံတို့ ကို စောင့်ရှောက်ရသော သင်းကွပ်ယောက်ျားတစ်ဦးဖြစ်ပြီး မြင်းဝန်အဖြစ် ခန့်ထားခြင်းခံရသည်ဟုသိရပါသည်။ သူတစ်ဦးသာ လျှင် စော်ဘွားကြီးဆာစောချယ်နှင့်စစ်တုရင် ထိုးခွင့်ရလေသည်။ စော်ဘွားကြီးဆာစောချယ်က သီပေါဘုရင်၏အပါးတွင် စာ မတတ် ပေမတတ် ဗဟုသုတနည်းပါးသော ဦးအောင်သာလိုပုဂ္ဂိုလ်များ ၀န်းရံနေခဲ့သဖြင့် မြန်မာပြည်ကြီး တိုင်းတစ်ပါးလက် အောက်ရောက်သွားရခြင်းဖြစ်သည်ဟု ကျွန်တော့်အား ပြောပြဖူးပါသည်။ ၁၉၂၀-ခုနှစ်လောက်တွင် ဦးအောင်သာအား မန္တလေး တွင် တစ်ကြိမ်ပြန်တွေ့ပါသည်။ သူ၏ဧည့်သည်များအား မန္တလေးမြို့အနှံ့လိုက်၍ပြသနေစဉ် ဖြစ်ပါသည်။ နန်းတော်ဂိတ်သို့ဝင် သောအခါ ဦးအောင်သာသည် ဖိနပ်များကို ချွတ်ပြီး ရှေးမူအတိုင်း ထီးနန်းနှင့်ကြငှန်းတို့အား ရိုသေမှုကို ပြဆဲ ဖြစ်ပါသည်။ စော် ဘွားကတော် (၁၂)ဦးအနက် အပါအ၀င်ဖြစ်သော ဒေါ်စောမြဧကြည်ကိုလည်း တွေ့ခဲ့ဖူးပါသည်။ အနုပညာအကျော်အမော်များ ဖြစ်ကြသည့်ဦးစိန်အုပ်၊ မထွေးလေးနှင့်ဒေ၀ဣန္ဒာတို့ကိုလည်း တွေ့ခဲ့ဖူးသည်။
စော်ဘွားကြီးဆာစောချယ်သည် ဟော်နန်းများကို တစ်နေရာမှ တစ်နေရာ သုံးကြိမ်တိတိ ရွှေ့ဆောက်ပြီး နောက်ဆုံး အကြိမ်ကျမှ ကွန်ဂရစ်ဖြင့် ဆောက်လုပ်သောလက်ရှိစခန်းသာဟော်နန်းကြီး တည်လေသည်။ ဟော်နန်းကြီး၏ရှေ့ဝယ် ဇာတ် ခုံတစ်ခုဆောက်ထားပြီး အဆိုပါဇာတ်ရုံအတွင်း ရာမနှင့်အီနောင်ဇာတ်များကို ရုံသွင်းပြသလေသည်။ ဇာတ်တစ်ဇာတ်လျှင် (၄၅)ရက် ကြာမှ အဆုံးသတ်လေသည်။
ထိုစဉ်က ရှမ်းပြည်အနှံ့အပြားတွင် မြင်းများ၊ နွားများ၊ လားများကို ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကြ ဆဲဖြစ်၍ ရှမ်းပြည်မြောက်ပိုင်း၏မြို့ကြီးများသော ကျောက်မဲ၊ သီပေါများတွင်မူ လှည်းများကို အသုံးပြုလာကြလေသည်။ စခန်း သာမှ (၆)မိုင်ဝေးသောကျောက်မဲသို့သွားရာတွင် ကျွန်တော်သည် မြင်းကလေးစီး၍ သွားလေ့ရှိပါသည်။ လမ်းတွင် နတ်စင်ကြီး ရှိရာ အဆိုပါနတ်စင်ရှေ့သို့ရောက်လျှင် အများနည်းတူ ကျွန်တော် မြင်းပေါ်မှဆင်း၍ လမ်းလျှောက်ရပါသည်။ နတ်ကွန်းရှင်က သူ၏ရှေ့တွင် လူများသူများ မြင်းစီးသွားလျှင် မကြိုက်ဟုသိရှိပါသည်။ ယခုတိုင် ထိုအယူသီးမှုများ ကြွင်းကျန်နေသည်ဟုထင်ပါ သည်။ ညနေ နေ၀င်ရီတရောဖြတ်သွားသောကားများသည် အကြောင်းတစုံတရာမရှိဘဲ စက်ရပ် ရပ်သွားတတ်ပါသည်။
သီပေါနှင့်ကျောက်မဲတွင် လက်ဖက်စို လက်ဖက်ခြောက်ပွဲရုံကြီးများ ရှိကြပါသည်။ မီးရထားလမ်းမပေါက်ခင် လဖက် များကို နွား၊ ၀န်တင်လားတို့နှင့်မန္တလေးသို့ပို့ကြပါသည်။ လဖက်ရောင်းဝယ်မှုနှင့်ကြီးပွားချမ်းသာလာကြသော သီပေါသူသီပေါ သားတို့သည် ပဲခူးရွှေမော်ဓောဘုရားကြီးအတွက် ရတနာများမွမ်းမံထားသောထီးကို လှူဒါန်းခဲ့ကြပါသည်။ အဆိုပါထီးတော်ကို သီပေါမှ ပဲခူးသို့ပင့်ဆောင်ရာတွင် အနီရောင်အနားကွပ်ထားသော ဘောင်းဘီအနက်၊ အင်္ကျီအနက်ဝတ်ထားသည့်ရှမ်းစော်ဘွား ၏ပုလိပ်များက စောင့်ရှောက်လိုက်ပါကြလေသည်။ ခေါင်းပေါင်းနီကြီးကိုလည်း ပေါင်းထားပြီး ရှမ်းဓားရှည်ကို လွယ်ထားရာ ဓါး ကြီးမှာ ရှည်လွန်းသဖြင့် လမ်းနှင့်ဒရွတ်တိုက်နေသည်ကို မြင်ရပါသည်။ ဤမြင်ကွင်းကလေးများကို ယနေ့တိုင် ကျွန်တော်၏ မျက်စိထဲတွင် မမေ့နိုင်အောင် စွဲမြဲ၍နေမိပါတော့သည်။
စ၀်ခွန်မိုင်း(အငြိမ်းစားလမ်းအရေးပိုင်)
မှတ်ချက်။ ။၁၉၇၄-ခုနှစ်၊ ဒီဇင်ဘာလထုတ် သံလွင်ဦးမဂ္ဂဇင်း စာမျက်နှာ(၆၄ မှ ၆၆ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။
No comments:
Post a Comment