Popular Posts

Tuesday, September 24, 2013

ဆွေမျိုးများ တွေ့ဆုံပွဲ (သင်္ခါ)


  တွေ့ရဦးတော့မည်။ မကြာမီ ရက်အတွင်း တွေ့ရတော့မည်။ ကျွန်ုပ်တို့ ပြည်ထောင်စုသားချင်း ဆွေမျိုးစုတွေ ယမန်နှစ် များကလည်း ဤအချိန်ပင် ဤဆွေမျိုးတွေကို တွေ့ဆုံခဲ့ကြရသည်။ စုစုပေါက်ပေါက်စာရင်းအရ အားလုံး(၆၀)ကျော်မျှပင်။

    သူတို့ကား “ကွေ့ရှမ်း၊ ကယ်ဘာ၊ ကယ်ခို၊ ကယားကိုးခန်း၊ ကရင်ဖြူ၊ ကမီး၊ ဂျင်းဖေါ့၊ ကဒူး၊ ကနန်း၊ ဂုံ၊ ပလောင်၊ စလုံ၊ တောင်ရိုး၊ စကောကရင်၊ တီဒင်ချင်း၊ စလိုင်းချင်း၊ ဟားခါးချင်း၊ ပလက်ဝချင်း၊ မတူပီချင်း၊ မင်းတပ်ချင်း၊ ဖလမ်းချင်း၊ ယင်းဘော်၊ ယင်းနက်၊ ယင်းကြား၊ ရှမ်းကြီး၊ ရှမ်းကလေး၊ ရှမ်းတရုပ်၊ မြန်မာမြိတ်၊ မြန်မာထားဝယ်၊ ဓနု၊ မနုမနော၊ မြောင်၊ မောရှမ်း၊ ဒိုင်း နက်၊ နာဂ၊ ပဒေါင်၊ ပယဲ၊ ပိုးကရင်၊ စကူးကရင်၊ ပအို့၊ ပရိချီး၊ ဘွဲ၊ မရူ၊ ချောင်းရိုး၊ အင်းသား၊ ရခိုင်၊ လရှီ၊ လီစူး၊ လ၀မ်၊ လားဟူ၊ လွိုင်လ၊ လူရှိုင်း၊ လွိုင်ဝတို့ဖြစ်ကြသည်။

    ဆွေမျိုးတွေ စုံဘိခြင်း၊ ဤတွင်ပင် အချို့မလာအား မရောက်အား၍ မရောက်မလာနိုင်ကြသော ဆွေမျိုးစုတွေ အတော် ခပ်များများ ကျန်နေခဲ့ပေသေးသည်ဆို၏။ ယခုနှစ်ပင် ဆွေမျိုးစုထဲမှ ဦး.............နှင့်ဒေါ်...............တို့မှ ရောက်လာနိုင်ကြပါ လေစ၊ လမ်းပန်းအဆက်အသွယ်က ဝေးကြရှာသည်။

    ထို့ကြောင့်လည်း တောင်တန်းဒေသများ မပါလျှင် မြန်မာပြည်လွတ်လပ်ရေးမှာ အနှစ်မပါ အကာသာရှိ၍ အချည်းနှီးပင် ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သောစကားများမှာ ဟုတ်မှန်လှပေသည်။ အကြောင်းမူ ကျွန်ုပ်တို့၏ဆွေမျိုးစုများကား တောင် တန်းဒေသများတွင် နေကြသည်မဟုတ်လော။

    ဤသို့ဆိုရာ၌ ဤဆွေမျိုးစုအပေါ် လူမျိုးကြီးဝါဒသဘောမျိုး မျက်နှာလုပ် အုပ်ချုပ်လွှမ်းမိုးလို၍ မဟုတ်ပေ။ ကျွန်ုပ်တို့၏ တောင်တန်းသား ဆွေမျိုးများကား အရာရာခေတ်နောက်တွင် အပုံကြီး ကျရောက်လျက် ရှိကြသည်။ ဆင်းရဲပင်ပန်းကြရှာသည်။ ထိုဆွေမျိုးများအား ကျွန်ုပ်တို့နှင့်အတူ ဆွေမကွဲ မျိုးမခြား (၀ါ) ဥမကွဲ သိုက်မပျက် အေးတူပူမျှ ကြီးပွားတိုးတက်စေချင်သော ဆန္ဒသည် ဗိုလ်ချုပ်တို့တွင် ရှိသောကြောင့်ပင်တည်း။

    မှန်သည်။ မြန်မာပြည်လွတ်လပ်ရေး ရခဲ့သည်နှင့် အဆိုပါ ကျွန်ုပ်တို့၏ဆွေမျိုးစုတို့မှာ မိမိတို့အိုးအိမ်ထောင် မိမိတို့ပြည် နယ်များနှင့် အသီးသီးလွတ်လပ်သောလူမျိုးများအဖြစ် အချုပ်အချယ်မရှိ ခေါင်းမော်ထင်ပေါ်၍ လာခဲ့ကြသည်။ ယခုကဲ့သို့ ပြည်ထောင်စုနေ့ အခေါ်အားဖြင့် ဆွေတွေမျိုးတွေ သိုက်သိုက်ဝန်းဝန်း တွေ့ဆုံနိုင်ကြခြင်းမှာလည်း ထိုလွတ်လပ်ရေး၏ကျေးဇူး (၀ါ) ဗိုလ်ချုပ်၏ကျေးဇူးပင်ဟုဆိုရပေမည်။

    ယခင်က နာမည်သာကြားရုံကြားဖူး၍ လူကို မမြင်ဖူး။ အချို့ လူသာမြင်ရ၍ နာမည်မကြားဖူး မတွေ့ဖူး၊ မသိဖူးသော ဤဆွေတွေမျိုးတွေ ယခု ကျွန်ုပ်တို့ တွေ့ကြမြင်ကြ ဆုံကြ ကြုံကြရသည်။ ဤအတိုင်းမှန်မမှန် ယခုစာဖတ်သူကိုယ်တိုင် အ ထက်ပါဆွေမျိုးစာရင်းကို ပြန်၍ ဖတ်ကြည့်ပါလေလော၊ (မသေလို့ တွေ့ မေ့နိုင်ပါ့မလား ဆိုသလိုပင်။)

    ရေးစရာတွေက အများကြီးသာ၊ လူမျိုး(၁၀၁)ပါးဟု ရှေးက ပညာရှိကြီးများက ဖေါ်ပြဆိုခဲ့ကြရာ၌ ကျွန်ုပ်တို့မြန်မာများ ပင် (၇)မျိုး ရှိခဲ့သည်။ ထို(၇)မျိုးကိုကား ကျွန်ုပ်တို့ သိကြသူများကြသည်။ မွန်(၄)မျိုးဟူရာတွင်လည်း သိသင့်သလောက် သိကြ သူများ၏။ ရှမ်းမျိုး(၃၀)ဆိုရာ၌ကား အချို့စာမူများ၌ ချင်း၊ ကရင်၊ ကဒူး၊ ဓနု၊ ဇဗိန်း ဇ၀ါ စသည်တို့ဖြင့်...

    “ရှမ်းမျိုးခေါ်ညွှန်း၊ ယွန်းဂင်လင်းဇင်း၊ ချင်းနှင့်ကရင်၊ ကချင်ကသည်း၊ မျက်နှာမီးပြုံ၊ ကုံငယ်ကော်ထုတ်၊ တရုတ်တရက်၊ လဟက်လဟော်၊ သောက္ကတံတူ၊ ဓနုလူနှင့်၊ ခေါ်ယူမှတ်ပိုက်၊ လ၀ိုက်လ၀ါ၊ သညာမည်တွင်၊ အင်ကျင်အင်ကျယ်၊ တသွယ်ပ လောင်၊ ထပ်နောင်ဆင့်ပွား၊ ယိုးဒယားတဦး၊ ကတူးနှင့်သက်၊ ရေတွက်မယိမ်း၊ ဇဗိန်းဇ၀ါ၊ များစွာပေါင်းသင်း၊ တနင်္သာရီ၊ ရေ တွက်သီသော်၊ ခေါ်ညီတွင်ရိုး၊ ရှမ်းမျိုးသုံးဆယ်” (အင်း...ထိုစာရင်းဇယားအရ အများစုကို သိဖို့ဝေးစွ၊ ကူးရေးဖေါ်ပြရသည်ပင် မမှားအောင် အတော်ကလေး လုံ့လပြုရသည်။)

    ကုလားမျိုး(၆၀)ကိုကား ကျွန်ုပ်တို့နှင့်မဆိုင်၍ ဖေါ်ပြဖို့မလိုပေ။ ရှမ်းဆိုလျှင် ကျွန်ုပ်တို့နှင့်ဆွေမျိုးသားချင်းအရင်းကြီး များသာဖြစ်နေ၍ ယခုရှမ်းမျိုး(၃၀)ဆိုသည်မှာလည်း ကျွန်ုပ်တို့၏ဆွေမျိုးသားချင်းတွေပင် ဖြစ်တော့သည်။ သို့သော် စာဖတ်သူ အပါအ၀င် ကျွန်ုပ်တို့ ဤဆွေဤမျိုးတစ်စုကို စေ့စေ့ငုငု တွေ့ဖူးမြင်ဖူးကြမည် မဟုတ်ပေဟု ဟိသစ္စံ=အမှန်ဆိုရဲ၏။ မှန်လည်း အမှန်ပင် ဖြစ်သည်။

    ဟော...ဤတွင် ဆိုပြန်သေး၏။ ရှမ်းမျိုးတစ်မျိုးတည်းပင် (ချင်း၊ ကရင်၊ ကချင်များ မပါဘဲ)အမျိုးပေါင်း (၃၀)ရှိသည်ဟု ဆိုထားပြန်သေးသည်။ ၎င်းတို့ကား...

(၁)    တိုင်းရှမ်း
(၂)    တိုင်းလုံ
(၃)    တိုင်းယွန်း
(၄)    တိုင်းလျှို့
(၅)    တိုင်းခင်
(၆)    တိုင်းတတ်
(၇)    တိုင်းတိုင်
(၈)    တိုင်းအီကော
(၉)    တိုင်းတုမ်း
(၁၀)    တိုင်းမူဆိုး
(၁၁)    တိုင်းမြန်
(၁၂)    တိုင်းလျိမ်း
(၁၃)    တိုင်းလော
(၁၄)    တိုင်းမော
(၁၅)    တိုင်းခွန်
(၁၆)    တိုင်းအာသံ
(၁၇)    တိုင်းတိုင်း
(၁၈)    တိုင်းပလောင်
(၁၉)    တိုင်းပတောင်း
(၂၀)    တိုင်းပုလဲ
(၂၁)    တိုင်းတောင်ဆူ
(၂၂)    တိုင်းတောင်ရိုး
(၂၃)    တိုင်းလ
(၂၄)    တိုင်းဝ
(၂၅)    တိုင်းလီရှော
(၂၆)    တိုင်းအာဟုန်
(၂၇)    တိုင်းခန္တီး
(၂၈)    တိုင်းခေ
(၂၉)    တိုင်းခန်
(၃၀)    တိုင်းယင် ဟူ၍တည်း။
    (တိုင်းဆိုသည်မှာ လွတ်လပ်သောအဓိပ္ပါယ်ကို ဆောင်၏။)
    အချို့စာတမ်းများတွင် ချင်းနှင့်ကချင်များမှာ တိဘက်မြန်မာအုပ်စုတွင် ပါသည်ဟုဆိုထား၏။ ဤတွင် ကချင်လူမျိုးစု တွင်ပင် “ဂျိန်းဖေါ၊ မရူး(လောင်ဝေါ်) လရှီ(လချစ်) အဇီး(ဇိုင်းဝါး) ရ၀မ်(နှုန်း) လီဆူး(ယောယင်)ဟူ၍ အနည်းဆုံး (၆)မျိုးစာရင်း ပေါက်၍နေသေးသည်။ (လက်သဲကွင်းပြထားသော အမည်များမှာလည်း အခေါ်ကွဲများ ဖြစ်သည်။)

    မြန်မာများက (ကချင်)ဟုလွယ်လွယ်ခေါ်သလို ၎င်းတို့ကလည်း (ဂျိန်းဖေါ့)ဟု လွယ်လွယ်ခေါ်ကြခြင်းဖြစ်သော်လည်း ဂျိန်းဖေါ့မှာ ကချင်မျိုးတစ်မျိုးသာ ဖြစ်လေသည်။ ကချင်အားလုံးကို ခေါ်ခြင်းမဟုတ်ပေ။ ယခင်နိုင်ငံရေးအစိုးရများလက်ထက်က စာရေးဆရာသုတေသီများ တောင်တန်းဒေသများသို့ ဗဟုသုတအလို့ငှါ သွားရောက်ကြရာ ယခုကချင်(၆)မျိုးအနက် (ရ၀မ်) တစ်မျိုးတည်းမှပင် ဒဆူ၊ ဒရူ၊ မတ်ဝမ်၊ တန်ဆာ၊ ခေါင်လန်၊ ဇန်ထ၊ နန်ဇာ၊ နန်ဟီး၊ ခန်တူး၊ ဆန်ထုံး၊ ၀နဲ၊ ၀ဒယ်ခေါင်၊ တင်ခါး၊ ကောင်ရီ၊ အာဂူး၊ ရခွေ၊ ဖုံဇီး၊ စသည်ဖြင့် ဆင်ယင်ထုံးဖွဲ့မှုအသွင်အပြင် အနည်းငယ်မျှ ကွဲ၍ ရ၀မ်စကားပြောသောလူမျိုးစုက လေးပေါင်းများစွာ ရှိသေးကြောင်း အဆိုပြုကြသော မှတ်တမ်းများကို ဖတ်ခဲ့ရသည်။

    ကချင်အမျိုးသားများကို ထားဘိဦး။ ကျွန်ုပ်တို့ချင်းအမျိုးသားများမှာကား ဆိုစရာမရှိ။ ဘာသာစကားပေါင်း(၄၀)ကျော် မျှ ကွဲ၍နေကာ ထိုဘာသာစကားအလိုက် ချင်းလူမျိုးစုပေါင်း(၄၀)ကျော်ရှိကြောင်း ဖတ်ရပြန်သည်။ ချင်းလူမျိုးများမှာ တစ် တောင်နှင့်တစ်တောင် တစ်နယ်နှင့်တစ်နယ် ခြားလျှင်ပင် ဘာသာစကား ကွဲပြားကာ တစ်ဦးပြောစကားကို တစ်ဦးနားမလည်ဘဲ လူမျိုးစုကလေးများ ကွဲပြားခဲ့ကြသည်။ (ဥပမာအားဖြင့် မြောက်ပိုင်းချင်း၊ တောင်ပိုင်းချင်း၊ မတူပီချင်း၊ ဟားခါးချင်း၊ ပလက်ဝ ချင်း၊ ဖလမ်းချင်း၊ မင်းတပ်ချင်း။)

    ဤသည်လည်း ဆန်းလှသည်တော့ မဟုတ်ပေ။ ကျွန်ုပ်တို့ မြန်မာများပင် (မြန်မာ)ဟုဆိုသော်လည်း ယော၊ ရခိုင်၊ ဓါး ၀ယ်၊ တောင်သူ၊ ပျူ၊ ကမ်းယံ၊ သက်ဟူ၍ ကွဲပြားနေသေးသည်။ အင်္ဂလိပ်အစိုးရများလက်ထက် နောက်ဆုံး (၁၉၃၁)ခုနှစ်၊ သန်းခေါင်စာရင်းတွင် အင်းသား၊ ချောင်းသား၊ တောင်ရိုးသား၊ မြိတ်သားဟူ၍ပင် မြန်မာမျိုးများ တိုးပွားများပြားပါရှိလာသည်ကို တွေ့ရသည်။ ထိုစာရင်းတွင် ဓနုများပင် မြန်မာအမျိုးသားများတွင် ပါနေ၏။

    ထို့ကြောင့် ကျွန်ုပ်တို့သည် ယနေ့ပြည်ထောင်စုနေ့ ဆွေမျိုးများ တွေ့ဆုံပွဲလောက်မျှသာ မကဘဲ ကျွန်ုပ်တို့၏ပြည်ထောင် စုဆွေစုမျိုးစုများအကြောင်း စုစုဝေးဝေး စုံစုံလင်လင် တိတိကျကျအားဖြင့် (ဆွေမျိုးစာရင်းပေါင်းချုပ်)ဟုခေါ်နိုင်လောက်အောင် စာအုပ်တစ်အုပ်ကား အမှန်လိုအပ်၍ နေသည်ဟုထင်မိပေသည်။

    ယခုဆောင်းပါးကလေးတွင်ကား ကျွန်ုပ်တို့၏ဆွေစုမျိုးစုအကြောင်း အားလုံးကို စုံလင်အောင် မဖေါ်ပြ မရေးသားနိုင် ပေ။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက ချင်းအမျိုးသားများ၏အကြောင်းကို အတော်နှံ့စပ်သိကျွမ်းဖူးသော ရခိုင်နယ်သားမိတ်ဆွေ တစ်စုနှင့်ကျွန်ုပ်တို့ နေထိုင်ခဲ့ရဖူး၏။ ထိုမိတ်ဆွေများထံမှ ချင်းတောင်နှင့်ချင်းအမျိုးသားများဆိုင်ရာ ဗဟုသုတမှတ်စုမှတ်ရာက လေးများကို အတော်ပင် ကြားခဲ့ရ မှတ်ခဲ့ရဖူးလေသည်။ အချို့လည်း မေ့ အချို့လည်း သတိရသေး၏။

    ရခိုင်ပြည်နယ် စစ်တွေ-မာန်အောင်-ဘူးသီးတောင်တစ်ဝိုက်မှာ “စိုင်တင်”ခေါ် တောင်ပိုင်းချင်းတောင်နယ်ဟူ၍ သီးခြား ရှိသည်။ ထိုစိုင်တင်ချင်းနယ်တစ်ဝိုက် နေထိုင်ကြသော ချင်းအမျိုးသားများမှာ ချင်းယဉ်များဖြစ်ကြကာ မြန်မာ-ရခိုင်များ နှင့်လည်း အသွင်အပြင် တူကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်ကြသူများလည်း များကြသည်။ မြန်မာရခိုင်များနှင့်လည်းနီးစပ်ကြသည်။

    ထိုစိုင်တင်ချင်းများအနက် မရို-(အချို့က “မျို”ဟုခေါ်ကြရေးကြသော်လည်း အမှန်အားဖြင့် ရရစ်ဖြင့် (မြို) “မရို”ဟုရေး မှ အမည်မှန်သည်။) ထိုမရိုချင်းများမှာ ရှေးအခါက ၎င်းတို့၏ဘုရင်များနှင့်မြန်မာ-ရခိုင်မင်းများနှင့်ပင် ထီးပြိုင်နန်းပြိုင် အုပ်စိုးခဲ့ ကြသည်ဆိုလေသည်။

    အခြားစိုင်တင်ချင်းများမှာ “အ၀ခမီ” “အယိုင်ခမီ”ဟူ၍လည်း ရှိကြသေးသည်။ အချို့က ခမီ-ခမွီ-ခမွေ-ဟူ၍လည်း ရေးကြခေါ်ကြသည်။ ထိုချင်းအမျိုးသားတို့မှာ မြန်မာ-ရခိုင်များနှင့်နီးစပ်၍နေသော ချင်းယဉ်များဖြစ်ကြသဖြင့် ၎င်းတို့လူမျိုးအ လျောက် ယဉ်ကျေးမှုအယူဝါဒနှင့်ဆိုင်ရာ ဒဏ္ဍာရီပုံပြင်ကလေးများ ရှိကြရာ ယခုဆွေမျိုးများ တွေ့တုန်းဆုံတုန်း ကြုံတုန်းကြုံခိုက်  (ဟုတ်သော်ရှိ-မဟုတ်သော်ရှိ) အပျင်းပြေပုံတိုပတ်စကလေးများအဖြစ်နှင့်ပင် ပြောဆိုနိုင်ကြရန် ယခု ကျွန်ုပ်တို့က ဖေါက်သည် ချလိုက်ရခြင်း ဖြစ်သည်။

    ကျွန်ုပ်တို့က “လိပ်တာရာ”ခေါ် ကြယ် ၃ လုံးကို “မောင်ရင်ဆိုင်းထမ်း”ဟုခေါ်ကြရာ ထိုအ၀ခမီအမျိုးသားများက လူ တစ်ယောက် တောင်းတစ်ဘက်တစ်လုံးထမ်းသည်နှင့်တူသောကြောင့် (ကလပါဖို့)ဟုခေါ်ကြသည်။ မရိုအမျိုးသားများကမူ လူ တစ်ယောက် တောဝက်တစ်ကောင်ကို ထမ်းလာသည်နှင့်တူသောကြောင့် လူဝက်ထမ်းကြယ်(ဇရိုဘလောက်ညှောက်)ဟုခေါ် ကြပြန်သည်။ ဟုတ် မဟုတ် ယခုလာသူ ဆွေမျိုးများအား မေးပါဘိ။

    (၇)စဉ်ကြယ်ကိုလည်း ၄ လုံးမှာ ကျားခြေလက်နှင့်တူ၍ ၃ လုံးမှာ ကျားမြီးနှင့်တူသောကြောင့် မရိုလူမျိုးများက ကျား တာရာ(တာဘရီခ)ဟုခေါ်ကြပြန်သည်။ အယိုခမီများကမူ (ကချီဒေါင်)ဟုခေါ်ကြသည်။ အ၀ခမီများကမူကား ရာသီဥတုအ လိုက် ဦးခေါင်းလှည့်၍သွားသောကြောင့် (၇)နေ့သားကြယ်ဟုခေါ်ကြပြန်သည်။

    လ၏မျက်နှာပြင်တွင်လည်း ညောင်ပင်ကြီးပေါက်၍နေသည်ဟု အ၀ခမီများက အယူရှိကြသည်။ အယိုင်ခမီနှင့်မရိုအ မျိုးသားတို့ကား ထိုလရောင်မှာ ရှေးအခါက နေရောင်ထက် ထွန်းတောက်လွန်းအားကြီးသဖြင့် လူများကို အန္တရာယ်ဖြစ်စေသော ကြောင့် ညောင်ပင်၏အရည်ကို ညှစ်ယူသုတ်လိမ်းထားသဖြင့် ယနေ့ လရောင်သည် နေထက် အလင်းရောင် ညံ့၍ သွားရသည် ဟုအယူရှိကြသည်။

    မြေငလျင်လှုပ်ရခြင်းမှာလည်း မြေကြီးအောက်တွင် နဂါးကြီးတစ်ကောင်ရှိရာ ပိတုံးကြီးတစ်ကောင်က မြေပေါ်ရှိလူများ သက်တမ်းကုန်တော့မည်ဟုနဂါးကြီးကို လာ၍အကြောင်းကြား ပြောဆိုသဖြင့် ထိုစကား မှန် မမှန် စုံစမ်းရန် မြေကြီးကို လှုပ်ခါ ၍ကြည့်သောကြောင့် ငလျင်လှုပ်သည်ဟု မရိုများက ယူဆကြကုန်သည်။

    အ၀ခမီနှင့်အယိုင်ခမီတို့ကမူကား ဤသို့မယူဆဘဲ ဤမြေကြီးကို ဘီလူးကြီး ၄ ကောင် ထမ်း၍ထားရာ တစ်ခါတရံ ညောင်းညာ၍ ကိုယ်လက်လှုပ်ရှား ပခုံးပြောင်းသောကြောင့် ငလျင်လှုပ်သည်ဟု အ၀ခမီများက ဆိုကြသည်။

    အယိုင်ခမီများကမူ ဤကမ္ဘာမြေကြီးတွင် အောက်၌ တစ်ထပ်ရှိသေးသည်။ ထိုအောက်ထပ်ပေါ်၌ တိုင်ကြီးစိုက်၍တင် ထားရာ အောက်ထပ်ရှိ လူများက အပေါ်ထပ်မှလူများ အသက်ရှင်လျက် ရှိသေးသလားဟု လှုပ်၍ကြည့်ခြင်းဖြစ်သည်ဟုအယူ ရှိကြ၏။ ထို့ကြောင့် ငလျင်လှုပ်သည့်အခါ ချင်းလူမျိုးများက “ငါတို့ အသက်ရှင်လျက် ရှိသေးသည်”ဟု အော်ဟစ်ပြောဆိုလေ့ရှိ ကြသည်ဟူ၏။

    နေ-လကြတ်ခြင်းမှာ (စာအောင်)ခေါ်နတ်သားတစ်ယောက်က နေနှင့်လအပေါ် ၎င်းအကြွေးရှိရာမှ အကြွေးပေးရန် တောင်းရင်း နှောင်ဖွဲ့ထားခြင်းဖြစ်သည်ဟု အ၀ခမီများက အယူရှိကြသည်။ အယိုင်ခမီနှင့်မြိုလူမျိုးများကလည်း ထိုနည်းတူပင် နတ်ဘုရင်က ကြွေးရှိ၍ ချုပ်နှောင်ထားခြင်း ဖြစ်သည်ဟု အလားတူ အယူရှိကြသည်။

    မိုးပေါ်၌ သက်တန့်(စို့)ပေါ်လာခြင်းမှာကား ရှေးအခါက မြေးအဖွားနှစ်ယောက်ရှိရာ အဖွား၏နှိပ်စက်ခြင်းကြောင့် မြေး ဖြစ်သူက ထွက်ခွာပြေးရာမှ ကံအားလျော်စွာ အထက်နတ်ဘုံသို့ ရောက်သွား၏။ ထိုသို့ရောက်သွားရာမှ မိမိတန်ခိုးရှိကြောင်း ဖွားအေအား ပြသလို၍ တောက်ပြောင်သော ကိုယ်ဝတ်ကို ဖြန့်လွှင့်ပြသောအရောင်များ ဖြစ်သည်ဟုအ၀ခမီများက ဆိုကြ သည်။

    အယိုင်ခမီများကမူ နတ်သမီးတစ်ယောက်သည် လူ့ပြည်လူ့ဘ၀က ရည်းစားကို အလွမ်းပြေစေခြင်းငှာ ကောင်းကင်မှ ကိုယ်ရောင်ကိုယ်ဝါ ပြခြင်းဖြစ်သည်ဟုဆိုကြသည်။ မရိုလူမျိုးများ၏အယူမှာကား နတ်များ မိုးပေါ်မှ လူ့ပြည်သို့ဆင်းလာကြသော နတ်စောင်းတန်းတံတားများဖြစ်သည်ဟု တစ်မျိုးဆိုကြပြန်၏။

    မိုးထစ်ချုန်းသောအသံများကို အ၀ခမီများက နတ်တို့က ပျော်မြူးကြသောအသံဟု ဆိုကြ၏။ မရိုများကမူ မြေပြင်နတ် များနှင့်မိုးပေါ်မှ နတ်များ စစ်တိုက်ခိုက်၍ ပစ်ခတ်ကြသော ဗုံးအမြောက် သေနတ်သံများ ဖြစ်ကြသည်ဟုဆိုကြပြန်သည်။ အယိုင်ခမီများကမူကား လူ့ပြည်မှ မကောင်းမှုပြုသူများကို မိုးပေါ်မှ နတ်များက သတိပေး ပစ်ခတ်သံများ ဖြစ်သည်ဟုဆိုပြန် သည်။

    လျှပ်စစ်ပြက်သောအရောင်များကိုမူကား ထိုအမျိုးသား ၃ ဦးလုံးကပင် မိုးပေါ်ရှိ နတ်သား နတ်သမီးများ ပျော်ပါးမြူးထူး ကစားကြကာ ၎င်းတို့ကိုင်ဆောင်ကြသော တန်ဆာပလာတို့၏အရောင် လက်ခြင်းဖြစ်သည်ဟုအဆိုရှိကြလေသည်။ ယခုဆွေစု မျိုးစုတွေ့ဆုံပွဲတွင် ဟိုရှေးအခါက အယူအဆ အစွဲအလမ်းဟောင်းများကို ဒဏ္ဍာရီပုံပြင်ကလေးများအလား ပြန်ပြောင်းပြောဆို ကြရသော် အပျင်းပြေစရာ ပျော်စရာ မကောင်းပါလား...။

သင်္ခါ


မှတ်ချက်။    ။၁၉၆၇-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် အမှတ်(၂၅၃) သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၁၀၇ မှ ၁၁၀ထိ)၌ လာရှိ သော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment