Popular Posts

Sunday, September 29, 2013

တောင်ကြီးအလွမ်းပြေ (စောမုံညင်း)

    မိုးကုတ် သပိတ်ကျင်းကားလမ်းသည် မိုင်(၆၀)သာ ဝေး၏။ သို့သော် အကွေ့အကောက်တွေ များလွန်း၍ ကျွမ်းစိုက် အောင် မူးလေသည်။ တစ်နှစ်တစ်ခါ ကျောင်းပိတ်၍ပြန်လာတိုင်း ဤဒုက္ခနှင့်မရှောင်သာအောင် တွေ့နေကျဖြစ်သည်။ မိုးမိတ် နှင့်မိုးကုတ်မှာ (၂၈)မိုင်ကားလမ်းမပေါက်သေး။ မနက်(၆)နာရီ မြင်းနှင့်သွားလျှင် ညနေ(၆)နာရီမှ အိမ်ရောက်တော့သည်။ (၆) နာရီအချိန်ကား ဟော်ထိပ်က နာရီစင်မြင့်ပေါ်မှ နရီးတီးသံကို ကြားရစမြဲ။ မနက်(၆)နာရီတွင် တစ်ခါ၊ မျက်နှာသစ်တော် ရေကျ နရီးသံကို ကြားရသည်။ “နရီးသံ”ဆိုသည်မှာ ဗုံတောင်သံ ဖြစ်၏။ မြန်မာဘုရင်များက မြေတောင်မြှောက်ပေးခဲ့သော နေ၀င် ဘုရင်စော်ဘွားများ၏အဆောင်အယောင်များ ဖြစ်သည်။ ထိုဂီတသံသည် ကျွန်မတို့ကို အနုပညာမှိုင်းတိုက်ခဲ့၏။ သီချင်းကြီး၊ သီချင်းခံကို မြတ်နိုးရမှန်း၊ ငယ်စဉ်ကတည်းက သိခဲ့သည်။ ပဒေသရာဇ်အမွေအနှစ်ကို ကောင်း၏ဟုချီးကျူးနေသည်မဟုတ်ပါ။

    သို့သော် အတိတ်က ဖြစ်ရပ်များသည် မျက်မှောက်၌လည်း ထင်ဟပ်လာသည်ကို တွေ့ရသည်။ (၁၉၈၄)ခုနှစ်က မ ရောက်သည်မှာ (၁၅)နှစ်ကြာခဲ့ပြီဖြစ်သော မိုးမိတ်ကို ရောက်ခဲ့၏။ လေယာဉ်သည် လားရှိုးမှထွက်၍ နာရီဝက်အတွင်း မိုးမိတ် ကို ဆင်းလေတော့သည်။ ဦးကင်းထောင်၊ ရွှေမြင်တင်ဘုရား၊ ဆုတောင်းပြည့်ဘုရားနှင့်နမ့်မိတ်နမ့်မောင်းချောင်းနှစ်သွယ်ဝိုက် ထားသည့်မိုးမိတ်ကို မြင်ရပါပြီ။ ဆေးခင်း၊ နှမ်းခင်းစိုစိုတွေကို တွေ့ရတော့ တအားတက်မိ၏။ ကွယ်လွန်ပြီဖြစ်သော မိဘများ၏ အုတ်ဂူသည် ဤနေရာလောက်မှာ ရှိလိမ့်မည်ဟု စဉ်းစားရင်း မျက်ရည်ဝဲလာ၏။ ညနေစောင်းလာလျှင် ယခင်ကြားရသော နရီး သံလိုလို ကြားမိပြန်သည်၊ ဟုတ်ကား မဟုတ်ပါ။ ကုက္ကိုပင်ကြီးများပေါ်မှ ပုစဉ်းရင်ကွဲသံများသာ ဖြစ်သည်။ ယခင်က ရေဟော် အနောက်ဥယျာဉ်နှင့်ဟော်တံတိုင်းများကား ဗုံဒဏ်ကြောင့် မရှိတော့ပြီ။ မြို့၏အစွန်အဖျား နယ်စပ်များတွင် ဒုက္ခမျိုးစုံပေးနေ သော သောင်းကျန်းသူများကို နှိမ်နင်းရန် တပ်မတော်သည် အမြဲရပ်တည်လျက် ရှိနေသည်။ ကိုယ်နေခဲ့ဖူးသော စာသင်ကျောင်း လည်း မဟုတ်တော့။ ကျောင်းနေဖက်များလည်း မရှိသလောက်ပင်။ အားလုံး ရှုခင်းအသစ်တွေချည်း။

    “မိန်းကလေးတွေပဲ၊ အတန်းကုန်အောင် စာသင်နေဖို့မလို”ဟူသော အစွဲကို ဧရာမတော်လှန်ရေးကြီးအဖြစ် တိုက်ပွဲဝင် ရသော ငါတစ်ယောက်တည်းပါကလား။ ရပ်ဝေးသို့ သွားပြီး ကျောင်းနေသူဆိုလျှင် စော်ဘွားသမီးနှစ်ယောက်အပြင် အမတ်ကြီး သမီးတစ်ယောက်နှင့်ကိုယ်ပဲ ရှိခဲ့သည်။ သူတို့က ဟိုက်စကူးပင် မရောက်ခဲ့ကြ။ သည်တုန်းက အဖော်ဆို၍ မောင်လေးပဲ ရှိ သည်။ သူက တောင်ကြီးရှိ ရှမ်းစော်ဘွား သားမြေးများကျောင်းတော်ဟုခေါ်သော (Shan Chiefs School)မှာနေရသည်။ ကျောင်းသား(၈၀)သာ လက်ခံ၏။ စော်ဘွားမျိုး၊ အမတ်ကြီးသား၊ မြို့စားသားများမှ နေခွင့်ရသည်။ စတိုင်ပင်ငွေကိုပါ ပေး၏။ အ၀တ်အစားကိုပင် အဆင်သင့်ဖြစ်အောင် စီစဉ်ထိန်းသိမ်းပေးရသော ဗိုလ်ကပြားမကြီးများ ထားရှိသည်။ ရှမ်းဝတ်စုံကို ၀တ်ရ သည်။ ထိုကျောင်းကထွက်လျှင် အင်္ဂလိပ်စာတော်ပြီး မြန်မာ့သီချင်းကြီး၊ သီချင်းခံများ တီးမှုတ်သီဆိုနိုင်ကြသည်။ အံ့သြဖို့ ကောင်း၏။ မောင်ကလေးမှာ တယော၊ ပတ္တလား၊ စန္ဒရား၊ ဂီတာ၊ မယ်ဒလင် အကုန်တတ်သည်။ ကျွန်မတို့ မောင်နှမတစ်နှစ် တစ်ခါ ကျောင်းပြန်သည့်အခါ သပိတ်ကျင်းသင်္ဘောပေါ်၌ မောင်လေးပါလာခဲ့သော သံပတ္တလားအရွက်ကို ဖြန့်ကာ တစ်လမ်း လုံး ဆိုတီးပြီးလာခဲ့ကြသည်။ သင်္ဘောမှာ ညအိပ်ရသည့်အတွက် လရောင်ဆမ်းထားသော ဧရာဝတီမြစ်ကိုကြည့်ရင်း ယမုံနာ ပတ်ပျိုးနှင့်အချိန်ဖြုန်းခဲ့ကြသည်များကို ဘယ်တော့မှ မမေ့နိုင်။ ကျွန်မက မန္တလေး အေဘီအမ်မှာ ကျန်ရစ်ခဲ့တော့၊ မောင်လေး က တောင်ကြီးကို ဆက်သွားသည်။ “အောင်သပြေ”ရုပ်ရှင်ကားထဲက မေမြင့်နှင့်ရွဲ့ကြီးတို့မောင်နှမ ဘာဂျာမှုတ်ကြသည့်အတိုင်း မိုးမိတ်အမတ်ကြီးသမီးနှင့်သားဟု ဇာတ်လမ်းက ဖွဲ့ထားသည်မှာ ကိုယ်များ ပြောချင်သလားဟုထင်ရသည်။ တိုက်ဆိုင်တတ်ပါ ပေရဲ့။

    “တယောဦးဟုတ်ဝိတ်”မှာ သူတို့ကျောင်းက ကိုးကွယ်သောဆရာတစ်ဦး ဖြစ်သည်။ “စိတြဂီဝါဦးမင်း”သီချင်းနှင့် “တေ ဇဂုဏ်”ကို သူတို့ဆီကတစ်ဆင့် ကျွန်မရလိုက်ခြင်း ဖြစ်ပါသည်။ “ကျွန်တော်တို့အားရင် မလည်ရဘူး၊ သိပ်စည်းကမ်းကြီးတယ်။ ဒီတော့ ‘ကနိုင်’ထဲသွားပြီး တယောထိုးကြတာပဲ”ဟုဆိုရာ “ဂနိုင်”ဥယျာဉ်ကို ရှမ်းသံဝဲ၀ဲနှင့် “ကနိုင်”ဟုဆိုမှန်း နောက်မှသိရ သည်။ ရှမ်းသံမက အင်းဝဲပါဝဲလိုက်သေးသည်။ မိုးမိတ်မှာတုန်းက ရှမ်းစကားပင် မတတ်ခဲ့ဘဲ အခုတော့ ရှမ်းစာလည်း သင်ရ သည်။ ရှမ်းအစစ်ကြီး ဖြစ်သွားသည်။ ကိုးကန့်စော်ဘွားသားများ၊ ကျိုင်းတုံသားများ အလွန်ချမ်းသာကြသည်ဟုလည်း ပြောဖူး သည်။ သူ့အပြောမှာ မိုးနဲစော်ဘွားကြီးသည် မန္တလေးနန်းတွင်းတွင် ကြီးပြင်းခဲ့သူပီပီ ဆိုင်းဝိုင်းပင် တီးတတ်သည်ဟုဆိုပါသည်။ ဟုတ်ပါလိမ့်မည်။ နန်းတော်ထဲတွင် သားတော်များအဖြစ် မြှောက်စားခဲ့သောညောင်ရွှေစော်ဘွားကြီးစောမောင်၊ သီပေါစော်ဘွား ကြီးဆာစောချယ်တို့မှာ ဘုရင်ပါတော်မူချိန်က နန်းတွင်း၌ ရှိနေသေး၍ ဘုရင့်အား ရှမ်းဘုန်းတော်ကြီးများနှင့်အတူ ဆင်တပ်ကြီး ဖြင့် ရှမ်းပြည်ကို တင်ဆောင်သွားရန် ကြံခဲ့သေးသည်မဟုတ်ပါလား။

    အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ခိုက်ခဲ့သော မိုင်းပွန်စော်ဘွားကြီးစောခွန်ထီး၊ ကျိုင်းတုံစော်ဘွားကြီးစောခမ်းဖူး နှင့်မိုးနဲစော်ဘွားကြီးစောခွန်ကြည်တို့ကို အင်္ဂလိပ်လူမျိုးများ ရေးသားခဲ့သောစာအုပ်များ၌ ဓာတ်ပုံများဖြင့် ဖော်ပြဖူးခဲ့ပါသည်။ နေ၀င်ဘုရင်များဟူ၍ မြှောက်စားခဲ့သည့်အတိုင်း ရှမ်းနှင့်မြန်မာလက်တွဲပြီး ချစ်ကြည်ခဲ့ကြသည်များကို သမိုင်းက ပြောပြီးသား ပင်လုံမြေက သက်သေတည်ပြီးသား၊ ဘယ်သူတွေ ဘယ်အထိ သွေးခွဲစေကာမူ စိတ်ဝမ်းမကွဲခဲ့ကြပေ။

    မောင်လေးနှင့်ပတ်သက်ပြီး တောင်ကြီးနှင့်ရင်းနှီးခဲ့ရသည်ကို မမေ့နိုင်။ မောင်လေး ဆယ်တန်းနှစ်(၁၉၄၀)ခုတွင် တောင်ကြီး၌ ဒါဘာပွဲ၊ မင်းစုံပွဲရှိရာ ဖေဖေက အေတီအမ်ဘွဲ့ရသဖြင့် တစ်အိမ်သားလုံး တောင်ကြီးသွားရပါသည်။ ကျွန်မက ဂျပ်ဆင်ကောလိပ်မှ နားလိုက်ချိန်ဖြစ်၍ အဆင်သင့်ပင်။ စော်ဘွားကတော်တွေ ဖိတ်ဖိတ်တောက် ဆင်မြန်းထားသောပွဲကြီးပွဲ ကောင်း၌ ကျွန်မက ပင်နီရင်ဖုံး၊ ဖဲအနားသတ်ကျိုင်းတုံလုံချည်နှင့်ငွေခါးပတ်ပတ်ပြီး ပုလဲပုတီးနှစ်ကုံးရှည်ကို ဆွဲကာ ငွေမောင်း တွေ တပ်ထားသော ရှမ်းလွယ်အိတ် တချွင်ချွင်ဖြင့် မျက်စိထဲ ကန့်လန့်ဖြစ်စရာ ကောင်းလိုက်ပါဘိတော့။ အမြင်ဆန်းနေဟန် တူပါသည်။ နောက်တစ်ရက်တွင် မစ္စတာဗားမားဓာတ်ပုံဆိုင်က ကျွန်မဆီလာပြီး ဓာတ်ပုံရိုက်လိုကြောင်း သူ့ဆိုင်ကို ဖိတ်ပါသည် ပအို့ဝ်သင်တိုင်းနှင့်အင်းလုံချည်အညိုဝတ်ပြီး ဆံပင်ပွပွကို နောက်တွင် စုစည်းထားသော ရွှေပေါင်နှင့်သွင်းထားသည့်(၂၄)လက်မရှိ ကျွန်မ၏ဓာတ်ပုံမှာ တောင်ကြီး မစ္စတာဗားမား၏ဆိုင်၌ စစ်မဖြစ်မီ တစ်ချိန်လုံး ချိတ်ဆွဲထားခဲ့ပါသည်။ စိတ်အထင် ဦးလှဖေ ဓာတ်ပုံဆိုင်ဖွင့်ချိန်အထိ ရှိသည် ထင်ပါသည်။

    ထိုအချိန်က ရှမ်းပြည်မှ ကောလိပ်ရောက်သည့်အမျိုးသမီးဆိုလျှင် ပထမဆုံး လဲချားမှ ဒေါ်လှထယ် ဖြစ်ပြီး၊ ဒုတိယမှာ ကျွန်မ၊ မိုးမိတ်ရင်ရင်နှင့်တတိယရောက်လာသူ ညောင်ရွှေဒေါ်မြ၀င်း၊ တောင်ကြီးဒေါ်ခင်သိန်း၊ သမခန်းစ၀်ခင်စိန်နှင့်စ၀်မြမေတို့မှာ ၀ါရင့်ကျောင်းသူများ ဖြစ်ပါသည်။ ရှမ်းကျောင်းသားအသင်းဟုတက္ကသိုလ်တွင် ရှိရာ ဦးခွန်အိုနှင့်စောကျော်အံ့တို့မှာ ဥက္က ဋ္ဌများဖြစ်ပါသည်။ ရှမ်းစော်ဘွားများ ရန်ကုန်အစည်းအဝေးလာသည့်အခါနှင့်ကြုံလျှင် ကမ္ဗောဇနန်းတော်၌ အသင်းသားများ တွေ့ကြပါသည်။ ကမ္ဗောဇဟုခေါ်ခြင်းမှာ ချင်းချောင်းနန်းတော်ဘ၀က ရှမ်းစော်ဘွားများက ၀ယ်လိုက်ပြီး ဤနာမည်ရခဲ့ခြင်းဖြစ် ပါသည်။ ရှမ်းကျောင်းသားများမှာ အင်းဝဆောင်တွင် များသည်။ ဆေးမင်းကြီးဒေါက်တာစောနော်ခမ်း၊ ပညာရေးအရာရှိချုပ် စောဆိုင်မိုင်း၊ သီဟိုဠ်သံအမတ်ကြီးစောဘုံစပ်၊ စောခွန်ဆိတ်၊ စောသီဟ၊ သံအမတ်ကြီးဦးဖေခင်၊ ဦးခမ်းလှိုင်တို့မှာ ကျောင်း သားဟောင်းအသင်းသားများ ဖြစ်ပါသည်။ ရှမ်းအသင်းဟုရှိခဲ့သော်လည်း တစ်စုံတစ်ခု ဆောင်ရွက်ခဲ့သည်ဟု မပြောနိုင်ပါ။ ယခုခေတ် ရှမ်းပြည်နယ်ကျောင်းသားများ၏ရှမ်းစာပေယဉ်ကျေးမှုနှင့်ရှမ်းစကား ပြန့်ပွားရေး၊ ရှမ်းပြည်အစားအသောက်များ တည်ခင်းရောင်းချရေး၊ ရှမ်းစာရေးဆရာကြီးများ ဂုဏ်ပြုရေးစသော ထိရောက်သည့်လုပ်ငန်းများကို မတွေ့ခဲ့ရပါ။

    ရှမ်းအမျိုးသမီး ပညာတတ်တွေ ပေါလာအောင် တော်ဘုရားတို့ ရှမ်းစော်ဘွားကြီးများက ပညာတတ်တွေကိုသာ ကောက်မယူပါနှင့်”ဟု တောင်ပိုင်စော်ဘွားကြီးအား ကမ္ဗောဇနန်းတော်၌ ရဲရဲဝံ့ဝံ့ ပြောကြားလိုက်သောညောင်ရွှေနယ်ချုပ်ကြီး စောကျော်အံ့(ဘီအေ၊ ဘီအယ်လ်)၏စကားကို နားထဲတွင် ကြားယောင်မိသေးသည်။ နမ့်ခမ်းဆေးရုံကြီး၌ သင်တန်းတက်ပြီး သူနာပြုအောင်မြင်သော စော်ဘွားအမျိုးအနွယ် အမျိုးသမီးများလည်း ရှိခဲ့သည်။ ကျဆုံးသွားသောအာဇာနည်မိုင်းပွန်စော်ဘွား ကြီးစောစံထွန်းမှာ ရှမ်းစော်ဘွားသားများကျောင်းမှ ဆယ်တန်းအောင်ပြီး မန္တလေးဆပ်ကျောင်းတက်ခဲ့သူဖြစ်သည့်စည်းစိမ်ခံ စော်ဘွားသား မဟုတ်ခဲ့ပါ။ ရန်ကုန်တက္ကသိုလ်ရှိ မြန်မာစာပေကို ဦးထိပ်ထား၍ သင်ကြားခဲ့သူ ဦတင်အေးကား ရှမ်းပြည်၏တာ ရာကြယ်တစ်ပွင့် ဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ် အပြည့်အ၀ဖြင့် တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ပါဝင်လှုပ်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ကျောင်းသားဘ၀ကပင် ကျွန်မတို့သည် သူ့ကို ရှမ်းပြည်၏သားကောင်းကြီးတစ်ယောက်အဖြစ် ကြည် ညိုခဲ့ပါသည်။ နောက်နှစ်ယောက်မှာ မျိုးချစ်ကျောင်းသားတစ်ဦးဖြစ်သော ဦးရွှေအုန်း(တောင်ကြီးအသင်းဥက္ကဋ္ဌ)နှင့်ဗိုလ်ကြီး ခွန်ဖြူ။ စော်ဘွားသားများထဲက နိုင်ငံရေးဆောင်ရွက်သူမှာ ရှားဘိခြင်း။ သို့နှင့် ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့သည်။

    စစ်ကြေညာချိန်က ကျွန်မမှာ နမ္မတူ၌ ကျောင်းဆရာလုပ်နေဆဲ ဖြစ်၏။ နားဆိုင်းမှာ ခိုရင်းက လားရှိုးဂျပန်ကျောင်းသို့ ရောက်ခဲ့သည်။ ကျောက်မဲတွင် လက်ထပ်ပြီး လားရှိုးမှတောင်ကြီးသို့ ကမ္ဗောဇအစိုးရရုံးစိုက်သဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ဆရာအရင်း ဖြစ်ခဲ့သူ ပညာဝန်ဦးဘိုးလှအိမ်၌ အရိပ်ခိုရပြန်သည်။ ကမ္ဗောဇအစိုးရကို ဦးခင်မောင်ဖြူ၊ ဦးဘရှင်တို့က ဦးဆောင် ပြီး ဂျပန်ဗုံးဒဏ်ကို ကြည့်ရှောင်ရသည်။ အင်းထဲသို့ပြေးသူက အများ။ ကျွန်မတို့ ပြောင်းခဲ့ရသော လွယ်ကောင်းရွာမှာ တောင် ကြီးနှင့်မဝေးလှပါ။ အရိပ်အာဝါသ ကောင်းသော ဘုန်းကြီးကျောင်းကြီးနှင့်ခန့်ညားလှသောကိုးခန်းဇရပ်ကြီး ရှိသည်။ ထန်းဖရား တွင် အစိုးရ၀န်ထမ်းများ စုပေါင်း၍ နေထိုင်နိုင်ပါသည်။ တထိတ်လန့်လန့်နှင့်ဗုံးရှောင်ကြရသည်။ တစ်ဖက်တွင် ဂျပန်လေယာဉ် များက ကမ္ဗောဇအစိုးရပြေးခိုနေရာ လွယ်ကောင်းရွာကို အကြီးအကျယ်ဗုံးချသဖြင့် ဘုန်းတော်ကြီးကျောင်းမှာ ပြာကျ၍ ဆရာ တော်ပင် ပျံလွန်တော်မူခဲ့သည်။ ဘုန်းတော်ကြီးထံ၌ ကျွန်မ ပြေးရင်းလွှားရင်း လှူဒါန်းခဲ့သော ပန်းထိုးပန်းကြွ ကိုယ်တိုင်လက် ရာနှင့်မျက်နှာကြက်မှာလည်း ပြာဖြစ်သွားခဲ့လေသည်။

    တစ်ရွာလုံး အိမ်တွေ ပြာကျစဉ် ကျွန်မတို့၏တဲနှစ်လုံးသာ မီးမလောင်ဘဲ ကျန်သည်။ ခုနစ်ရက်သားဖြစ်သော ဒုတိယ သားငယ်ကို ပွေ့ကာ ကျွန်မမှာ မိုးလင်းသည်နှင့်တစ်ပြိုင်နက် တောထဲသို့ ဗုံးရှောင်ရန် ပြေးရသည်။ လွယ်ကောင်း အခြေမလှ သဖြင့် ကျောက်တိုင်ရွာ၌ ပအို့ဝင်မောင်နှံ၏အိမ်တွင် ခိုကပ်နေရပြန်သည်။ သူတို့၏ကျေးဇူးကား ကြီးမားပါဘိခြင်း။ ကျွန်မတို့၏ သံသေတ္တာများကို အိမ်အောက်တွင် တွင်းတူးပြီး ၀ှက်ပေးထားကြသည်။ စစ်ပြီး၍ သွားယူသည်အထိ ကောင်းစွာ သိမ်းဆည်း ပေးရှာသည်များကို မမေ့နိုင်ပါ။

    ပအို့ဝ်စကားတွေလည်း အတော်မှတ်မိလိုက်သည်။ အမ်မလင်း၊ ဒင်နဲ၊ လွေလူးထီနှင့်အမ်မဒဒီးဆိုသသာတွေ၊ အမေကို မွေးဖရာ၊ အဖေကို ဖာဖရားဟု ခေါ်ကြပုံမှာ ယဉ်ကျေးပါပေရဲ့။ ယမကာလိုချင်သော အစိုးရအဖွဲ့များကတော့ “ဒေါင်အောင်းနဲ” အရက်ရှိသလားဟူသောစကားကို သင်ထားကြသည်။ ပအို့ဝ်များထဲတွင် စာဟောဆရာတွေ အများပင် တွေ့ရသည်။ ဆရာ မောင်ခန့်ဆိုသူ၏ “သြော်...မကြံတတ်ပြီဘု၊ ခံတပ်ကယ်စင်ကာပူ”ဟူသော မော်အေးချင်းကိုပင် မှတ်မိသေးတော့သည်။ ညဆို လျှင် မီးဖိုဘေးမှာ ၀ိုင်းထိုင်ကြရင်း အပျိုအိမ်၌ ရစ်ကာဝဲကာ လူပျိုလှည့်သူတွေက တစ်မျိုး၊ စကားပြောလျှင် မျက်ခုံးလေးမြှင့် ကာမြှင့်ကာ ပြောတတ်သော မူးယွမ်းဆိုသူလေးမှာ သူတို့ထင်သလို အပျိုမဟုတ်ကြောင်း။ နောက်မှသိ၍ ၀မ်းနည်းပက်လက် ဖြစ်သူက ဖြစ်၊ ထိုအကြောင်းကို ဇ၀နဂျာနယ်၌ မက်စရာ့မျက်ခုံးဟူ၍ တစ်ခါက ရေးခဲ့ဖူးပါသည်။

    နမ့်ခုပ်၊ နောင်ပလန်၊ နောင်ကားဘက်သို့သွားပြီး အမျိုးသားများက ဆန်နှင့်ဆားကို ရှာကြရသည်။ အာလူးရွက်များကို ဟင်းချိုလုပ်ရသည်။ ဂျုံစေ့နှင့်ကြက်သွန်ဖြူပဲ ပေါ၏။ အင်းထဲပြေးသူများမှာ ယခုလို ဒုက္ခမရောက်ဟုနောက်မှ သိရပါသည်။ မနက်လင်းလျှင် ထမင်းလေးချက်ပြီး တောစပ်ရှိ လျှိုမြောင်ထဲသို့ တစ်နေကုန်သွား၍ ပုန်းနေရသည်။ အမျိုးသမီးတစ်ယောက်က သစ်ပင်ပေါ် တက်ကြည့်ပြီး ရွာထဲသို့ ဂျပန်ဝင်လာသည်ဆိုလျှင် ပြားပြားဝပ်ပုန်းနေရသည်။ တစ်ခါက ဂျပန်အနည်းငယ် ညအ ချိန်ဝင်လာရာ ပြေးချိန်မရလိုက်။ ၀င်လာသောဂျပန်များကလည်း သူကောင်းတွေဖြစ်၍ တော်ပါသေး၏။ သူတို့မှာ လမ်းရှည်ကြီး တစ်လျှောက် ပြေးရသူများဖြစ်၍ ဖိနပ်ပေါက်သဖြင့် ဖိနပ်တောင်းသွားကြသည်။ “ဆင်းဆေ” ဆရာမဟုပင်ခေါ်၏။ ဂျပန်စစ်သား တွေ ဒီလမ်းက လာလိမ့်မည်ဟု မတွေ့အောင် ပုန်းနေပါဟုပင် သတိပေးသွားရှာသေးသည်။ သူ့နာမည်က ယာရာမတဲ့။ သူတို့ လည်း ဂျပန်ပြန်ရောက်ကြမည် မဟုတ်ပါ။ တောင်ကြီးကို ဗုံးကြဲသံများ ကြားနေရသည်။ လေယာဉ်မည်းကြီးနှစ်စင်းကို ကျွဲညီ နောင်ဟုနာမည်ပေးထားကြသည်။ နေ့စဉ် သတင်းများ နားထောင်ရပြီး တောင်ကြီးကို အင်္ဂလိပ်စစ်တပ် သိမ်းလိုက်ပြီဟုကြား သည်နှင့်တစ်ပြိုင်နက် ပစ္စည်းတွေ ထားခဲ့ပြီး ညကြီးသန်းခေါင် ကြယ်ရောင်လေးတွေကို အလင်းရောင်ပြုကာ တောင်ကြီးဘက် သို့ပြေးခဲ့ရသည်။ ချောင်းတစ်ချက်မျှ မဟန့်ရဲ။ ရှေ့က လက်လက်မြင်လျှင် ရပ်ပြီး မရဲတရဲ ရှေ့တိုးသွားကြည့်သူက သွား၊ အ နားရောက်မှ ရန်သူမဟုတ်ဘဲ အရောင်တောက်နေသော ပိတုန်းကြီးမှန်း သိရတော့သည်။ အသက်ကို ဖက်နှင့်ထုပ်ထားရသော အချိန်များပေတကား။

    ဂျပန်နှင့်တွေ့လျှင်လည်း ချမ်းသာရာရမည်မဟုတ်။ ထိုအချိန်က ဒုက္ခသားချည်းပဲ ဖြစ်၍ထင်၏။ သူခိုးဓားပြ၊ လုချင် ယက်ချင်သူကို မတွေ့ရ။ ဗုံးကိုပဲ ကြောက်ရသည်။ ညိုမှီးရွာသို့ မနက်လင်းရောက်လျှင်ပင် ဘုန်းကြီးကျောင်းထဲ၌ အပန်းဖြေကြ ရသည်။ အသက်အန္တရာယ်မှလွတ်လျှင်ပြီးရော၊ ဘာပစ္စည်း ဘာအ၀တ်အထည်ကိုမျှ ခင်တွယ်စိတ် နှမြောစိတ်မရှိနိုင်။ ကလေး ပွေ့ရင်း ပိုးရင်း ဆူးစူးမှန်း ငြောင့်စူးမှန်းလည်း မသိတော့။ အစာမှန်း၊ ရေမှန်း၊ တမ်းတချိန်လည်း မရလိုက်။ သို့နှင့် တောင်ကြီး မြေပေါ် ခြေချခဲ့ရသည်။ ဈေးတစ်ဝိုက်၌မူ အတော်စည်ကားနေပါပြီ။ ဂျစ်ကားတွေ စစ်ကားတွေ၌ ယူနီဖောင်းအပြည့် “ရာရှင်” ဟူသောစကား “ဆပ်ပလိုင်း”ဟူသော စကားအသစ်တွေ ကြားဖူးရသည်။

    အစိုးရအမှုထမ်းဆိုက အာလူး၊ အသားဘူး၊ ဒိန်ခဲ၊ ကော်ဖီ၊ သကြားခဲ၊ နို့ဆီကအစ ရာရှင်ရတယ်ဆိုပဲ။ စစ်အတွင်း ငတ် သမျှ ပြတ်သမျှ နှပ်ချေးအပျစ်နှင့်တူသော နို့ဆီဆိုသဟာမျိုးကို စားရကံကြုံခဲ့ရသည်။ အသားဘူးများကလည်း တယ်မွေးသကိုး၊ ဖောက်ပြီး ဆီနှင့်ကြော်စားလိုက်ရုံပဲ။ နို့စိမ်းဘူးကလည်း ဖောက်ပြီး မော့လိုက်ရုံပဲ။ တစ်ချို့များ အစားများပြီး ၀မ်းလျှောဝမ်းကျ မာလက ဈာန်ကြွသူများက မရှား။ ရာရှင် ရူးရသည်နှင့် အချို့အမျိုးသမီးလေးများ စာရိတ္တပျက်လိုပျက်၊ ရန်ကုန်ဘက်တွင်မူ “လေဒီဂျစ်”ဟုပင် ခေတ်စကား ပေါ်နေသေးသည်။ ဂျစ်ကားပေါ်သို့ လိုက်သွားသောအမျိုးသမီးများအား မစင်ထုပ်နှင့်ပေါက်သူ က ပေါက်သည်ဟုဆိုသည်။

    မော်တော် ထရန်စပို့တဲ့၊ လိုကယ်ပါချေ့စ်တဲ့။ ဆပ်ပလိုင်းတဲ့၊ တောင်ကြီးကလောမှ အရာရှိများက မိတ္ထီလာဆပ်ပလိုင်း သို့သွားပြီး ပစ္စည်းများ ထုတ်ရသည်။ အိန္ဒိယသို့ ပြေးမိပြေးရာ ပြေးရာပါသွားပြီး ယခုပြန်လာသည့်အခါ ရာထူးကြီးများနှင့်ဟိန်း နေသောသူတွေကလည်း ဘ၀င်ခပ်မြင့်မြင့်။ စစ်ဘေးစစ်ဒဏ်လှလှကြီး ၀၀ကြီး ခံလိုက်ရသော သကောင့်သား မောင်ကျန်ရစ်၊ မယ်ကျန်ရစ်တို့မှာကား အသားဘူးရာရှင်လေး၊ နို့ဆီလေးရတာကိုပင် နတ်သုဒ္ဓါဟုထင်ရသည်။ သည်တုန်းက လားရှိုးဆရာဝန် ကြီး ကမ္ဗောဇခင်လှိုင်မှာ ကျောင်းသားပဲ ရှိသေးသည်။

    မှတ်မိပါသေး၏။ လွယ်ကောင်းသို့ ကမ္ဗောဇအစိုးရအဖွဲ့ ရွှေ့ပြောင်းရုံးစိုက်သည့်အခါ စောင့်ကြပ်ပေးခဲ့သူကား ဗိုလ်ဘ သာနှင့်တပ်အဖွဲ့ပင် ဖြစ်သည်။ ယခုအခါ ဘယ်ဒေသ၌ အသက်ရှင်လျက် ရှိကြပါလေစ။ သိချင်ပါသေးသည်။ တဖြည်းဖြည်းနှင့် အင်းထဲပြေးကြသော စစ်ပြေးများလည်း တောင်ကြီးသို့ ပြန်ရောက်လာကြပေပြီ။ သူတို့မှာ ဒါလောက် ဒုက္ခမရောက်ကြဟုသိရပါ သည်။

    ကျွန်မတို့မိသားစုမှာ ရန်ကုန်အကောက်ခွန်နှင့်မဆက်သွယ်မိသေးမီ အင်္ဂလိပ်အစိုးရက ဆပ်ပလိုင်းအလုပ်နှင့်မိတ္ထီလာ သို့ပို့ရန် ကလောရှိ ၀န်ထောက်ကြီးဦးဖေအိမ်တွင် တစ်နေ ခိုရပြန်ပါသည်။ အင်္ဂလိပ်မယ်သီလရင်ကျောင်းများမှာ ချက်ချင်းဖွင့် ပြီဖြစ်ပါသည်။ ဦးဖေ၏သား ကိုမြင့်တို့ ကိုအေးတို့ သီဆိုသော တင်ဒါဂါဒင်သီချင်းများလည်း ကြားရပြီးသည့်နောက် တောင်ကြီး နှင့်အလှမ်းကွာခဲ့သည်မှာ (၁၉၇၁)ခုအထိ ဖြစ်ပါ၏။

    သွားရပြန်တော့ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၊ ဒေါ်မြင့်ဆွေ၊ ဒေါ်ကျင်ဇဒိန်း၊ ဗိုလ်မှူးလှထွန်း(တွံတေး)၊ ရှင်စိုး မိုး(ဗိုလ်ကြီးဟန်ညွန့်)နှင့်ကျွန်မတို့ တာဝန်ဖြင့် ရောက်သွားရမှပဲ အင်းလေးကို အရှင်လတ်လတ် ရောက်ဖူးတော့သည်။ အင်း လေးသို့သာ ရွှေ့ခဲ့ရလျှင် ဟိုဒုက္ခမျိုးတွေ့ရမှာမဟုတ်။ နောင်တရမိသည်။ သည်တုန်းက တောင်ကြီး၌ ဗိုလ်မှူးကြီးသန်းညွှန့်(မှူး သပြေ)နှင့်ပြည်နယ်ဥက္ကဋ္ဌဦးထွန်းအေး၊ ပညာရေးအရာရှိဦးသန်းမောင်တို့ကို တောင်ကြီးတွင် တွေ့ရပြန်သည်။ ဗထူးမြို့သို့ပင် ခရီးဆက်ခဲ့ရသည်။ ဆရာဝန်ကြီးဒေါ်စောမြအေးက ပဲ့ချိတ်နှင့်လည်ပြသည်။ ဒေါ်မြ၀င်း၊ ဒေါ်ခင်သိန်း စသောသူငယ်ချင်းဆရာ မကြီးများနှင့်ပြန်တွေ့ရသည့်အတွက် ကျေနပ်၍ မဆုံး။ ကျေးဇူးရှင်ဆရာပညာဝန်ဦးဘိုးလှကိုလည်း ကန်တော့ခဲ့ရ၏။ (၁၉၆၅) လောက်ကလည်း ရှေ့သို့စာစောင်အတွက် ဖောင်တော်ဦးဘုရားပွဲအမီ ရောက်ရသေးသည်။

    ညောင်ရွှေမှ ဦးပြည့်ခမ်းဟေ့အိမ်တွင် ရုပ်ရှင်မင်းသမီး တင်တင်အေးတို့နှင့်အတူ တည်းခဲ့ရသည်။ ကိုယ်လည်း မင်းသ မီးတစ်ယောက်ပဲဟု ထင်သွားကြလေမလား မသိ။ ဖေဖေ့မိတ်ဆွေ ညောင်ရွှေအမတ်ကြီးဦးမောင်မောင်ကိုလည်း တွေ့ရသည်။ ဖောင်တော်ဦးနှင့်အင်းလေးဆောင်းပါးများ လှလှပပ တစ်ဝကြီး ရေးခဲ့ဖူးပါသည်။

    တောင်ကြီးယဉ်ကျေးမှုပြတိုက်၌လည်း လေ့လာခွင့်ရခဲ့ပါသည်။ တောင်ကြီးအ၀င် စမ်းရေကျ၌လည်း စီးကျရေကို ခမောက်နှင့်ခံကာ သောက်နေသော အမျိုးသမီးလေး၏ပုံနှင့်ရှေ့သို့တွင် ဖေါ်ပြခဲ့ဖူးသည်ကို မင်းသားကျော်ဆွေက အတုယူပြီး ရုပ်ရှင်တစ်ကား၌ သုံးခဲ့ပါသေးသည်။ ဦးမောင်မောင်၏သိုးမွေးလုပ်ငန်းနှင့်အင်းထဲမှ ဇင်းမယ်ရက်ကန်းများကိုပါ ဖေါ်ပြနိုင်ခဲ့ပါ သည်။ ယနေ့စာပေလုပ်သားအဖွဲ့ကြီး ပေါ်ပေါက်လာချိန်၌ကား တောင်ကြီးနှင့်မဆက်သွယ်မသေး။ ဦးသန်းဝေ(တောင်ကြီး)နှင့် လည်း အလှမ်ဝေးနေသေးသည်။

    တွေ့ချင်ပြန်တော့ တောင်ကြီးအသင်းဥက္ကဋ္ဌဦးရွှေအုန်းက ဖုန်းဆက်လာပါသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်ဆက်ကပ် ပွဲ၌ ကဗျာရေးပြီး အရွတ်ခိုင်းလာ၏။ ကျွန်မကား အဆိုတော် မဟုတ်ပါ။ သို့သော် ကိုယ့်ကဗျာကို ကိုယ်တိုင်ရွတ်ပြီး ပူဇော်ခွင့် ရလိုက်သည်။ တောင်ကြီးအသင်း၏ရှမ်းပြည်မဂ္ဂဇင်း၌လည်း တာဝန်ပေးထားသည့်အတွက် မငြင်းဆိုနိုင်။ မိမိငယ်စဉ်က အခြေ ချခဲ့သော တောင်ကြီးမြို့၏ကျေးဇူးကို တမ်းတရင်း ဤဆောင်းပါးကို အလွမ်းပြေရေးရခြင်းဖြစ်ပါသည်။ ရှမ်းပြည်မှ စာပေသမား များအားလည်း တွေ့ချင်သေးသည်။ တစ်ခါတစ်ခေါက်တော့ ရောက်ရဦးမှာပါ တောင်ကြီးရယ်...။

   
စောမုံညင်း


မှတ်ချက်။    ။၁၉၈၇/၈၈-ခုနှစ်ထုတ် ကမ္ဗောဇမဂ္ဂဇင်း စာမျက်နှာ(၄၇ မှ ၅၀ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment