ရှမ်းပြည်နယ်တွင် အများဆုံးနေထိုင်ကြသော လူမျိုးကို အများက ရှမ်းလူမျိုးဟုခေါ်ကြသည်။ သို့သော် ရှမ်းလူမျိုးများ ကမူ မိမိကိုယ်ကိုမိမိ “တိုင်း”လူမျိုးဟူ၍သာ ခေါ်ဝေါ်ကြသည်။ “ရှမ်း”ဟူ၍ မခေါ်ကြပေ။
တိုင်း(၉)မျိုး
ရှမ်းပြည်နယ်တွင် “တိုင်း”လူမျိုး(၉)မျိုး နေထိုင်လျက် ရှိကြသည်။ နေထိုင်ရာဒေသကို အစွဲပြုပြီး (၉)မျိုး ခွဲထားခြင်းဖြစ်ပေသည်။ တိုင်းရှမ်း(၉)မျိုးစလုံး ပြောကြသောစကားများ၊ ၎င်းတို့၏၀တ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးစံများသည် အတော်များများ တူညီနေကြသည်။ မတူဘဲ ကွဲပြားနေသည့်စကားဝေါဟာရနှင့်စာပေ အနည်းငယ်သာ ရှိသည်။
ယင်းတိုင်းရှမ်း(၉)မျိုးမှာ-
(၁) တိုင်း
(၂) တိုင်းမောဝ် ခေါ် မောရှမ်း
(၃) တိုင်းနေ ခေါ် အထက်ရှမ်း
(၄) ခင် ခေါ် ဂုံလူမျိုး
(၅) လိလူမျိုး (လိကို မြန်မာစာထဲတွင် လူးလူမျိုးဟု ရေးသားထားသည်။
(၆) လဲမ်းလူမျိုး
(၇) ယွန်းလူမျိုး
(၈) တိုင်းလွိုင်
(၉) တရိုင်းရှမ်းလူမျိုးတို့ ဖြစ်ကြသည်။
တိုင်းခေါ်သောရှမ်းလူမျိုးတို့သည် ရှမ်းပြည်နယ်အနှံ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မေမြို့၊ မန္တလေး၊ တိုက်ကြီး၊ ဥက္ကံအစရှိသောမြို့နယ်များတွင် နေထိုင်လျက်ရှိကြသည်။ တိုင်းမောဝ်ခေါ် မော ရှမ်းနှင့်တိုင်းနေခေါ် အထက်ရှမ်းတို့သည် နမ့် ခမ်းမြို့နယ်နှင့်မူစယ်မြို့နယ်တို့တွင် အများဆုံးအခြေစိုက်နေ ထိုင်လျက် ရှိကြသည်။ ခင်ခေါ် ဂုံလူမျိုး၊ လိလူမျိုး၊ လဲမ်းလူမျိုးနှင့် ယွန်းလူမျိုးတို့သည် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယန်း၊ မိုင်းယောင်း အစရှိသော ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပျံ့နှံ့လျက်ရှိ သည်။ တိုင်းလွိုင်ရှမ်းလူမျိုးကို လွိုင်လင်မြို့နယ်ထဲတွင် အများဆုံးတွေ့ရှိရသည်။ တိုင်းလွိုင်ဆိုသောရှမ်းစကား သည် တောင် ပေါ်ရှမ်းဟူ၍ အဓိပ္ပါယ်ထွက်ရှိသည်။ တိုင်းလွိုင်များသည် ယခုထက်တိုင် တောင်ပေါ် တွင် နေထိုင်လျက်ရှိကြသည်။ ရှမ်းပြည် နယ်အရှေ့ပိုင်းတွင် အများက “တိုင်းလွိုင်”ခေါ်သော တိုင်းရင်းသား လူမျိုးတစ်မျိုး ရှိသည်။ ယင်းတိုင်းလွိုင်တို့သည် ရှမ်းအနွယ် ၀င်များ မဟုတ်ကြဘဲ မွန်ခမယ်အနွယ်ဝင်များ သာ ဖြစ်ကြသည်။ “တရိုင်း”ရှမ်းလူမျိုးမှာမူ ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်း မြို့၏မြောက်ဘက် ဟဲဟိုးမြို့၏အနောက်ဘက်တွင် အများဆုံးနေထိုင်ကြသည်။
လူသိနည်းသော တရိုင်းရှမ်း
အောင်ပန်းမြို့နားတွင် “တရိုင်း”ခေါ်သော ရှမ်းလူမျိုးတစ်မျိုး နေထိုင်လျက် ရှိသည်ကို ရှမ်းလူမျိုးအတော်များများက မသိရှိကြပေ။ တောင်ကြီးနှင့်အောင်ပန်းမြို့တို့သည် မိုင်(၃၀)ကျော်သာ ကွာဝေးပြီး နေ့တိုင်းပင် နေ့ညမပြတ် ကားအသွားအလာ အဆက်အသွယ် ရှိနေသည်။ သို့သော်လည်း တောင်ကြီးတွင် နေထိုင်လျက်ရှိသော ရှမ်းလူမျိုးတို့သည် အောင်ပန်းနားတွင်ရှိ သော “တရိုင်း”ရှမ်းလူမျိုးအကြောင်းကို မကြားဖူးကြပေ။ အခြားတိုင်းရင်းသား အတော်များများကလည်း “တရိုင်း”ရှမ်းအ ကြောင်းကို မသိကြပေ။ အဘယ့်ကြောင့် ယင်းကဲ့သို့ လူသိနည်းနေရသနည်းဆိုသော် “တရိုင်း”လူမျိုးတို့သည် မထင်မရှားနှင့် တောရွာတွင် ခိုအောင်းနေထိုင်လျက် ရှိကြေသောကြောင့်ပင် ဖြစ်သည်။ “တရိုင်း”လူမျိုးအကြောင်းကို ထုတ်ဖေါ်ရေးသားသော သူလည်း မရှိသလောက် ဖြစ်နေသည်။
တိုင်းရိုင်း
တရိုင်းလူမျိုးတို့သည် မိမိကိုယ်ကိုမိမိ တရိုင်းဟူ၍ ခေါ်ကြသည်။ တောင်ရိုးလူမျိုးတို့ကလည်း ၎င်းတို့ကို တရိုင်းဟူ၍ ခေါ်ဝေါ်ကြသည်။ သို့သော် အများကမူ “တရိုင်း”ဟူ၍ မခေါ်ကြဘဲ “တရဲ”ဟူ၍သာ ခေါ်ကြ သည်။
တရိုင်းတို့နေထိုင်သော ကျေးရွာအုပ်စုကိုလည်း ရှေးအခါမှစ၍ ယခုခေတ်တိုင်အောင် “တရဲ တိုက်နယ်”ဟူ၍ရေးသားခဲ့ကြသည်။ တစ်ချို့ကမူ “သူရဲကျေးရွာအုပ်စု”ဟူ၍ ရေးသားကြသည်ကို တွေ့ရ သည်။
တရိုင်းဆိုသောဝေါဟာရသည် “တိုင်းရိုင်း”ဆိုသောစကားမှ ရွေ့လျောပြောင်းလဲလာခြင်း ဖြစ်သည်။ “တိုင်းရိုင်း”ဆို သောစကားလုံး၏အဓိပ္ပါယ်မှာ “ကြောင်ကြောင်ကျားကျား အ၀တ်ဝတ်သည့်ရှမ်းလူမျိုး” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည် နယ်တောင်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားများက “ပအို့ဝ် အမျိုးသမီးအမဲ၊ တရဲအမျိုးသမီး အကြောင်”ဆိုသည့်ဆိုရိုး စကားကို ပြောဆိုခဲ့ကြသည်။
သို့သော် “တရိုင်း”အမျိုးသားယောက်ျားများမှာမူ ရှမ်းဘောင်းဘီ၊ တိုက်ပုံ၊ ခေါင်းပေါင်းအစရှိသော ရှမ်းအမျိုးသားဝတ်စုံ ကိုသာ ၀တ်ဆင်ကြသည်။
ပအို့ဝ်အမျိုးသမီးဝတ်စုံ
ရှေးအခါက တရိုင်းအမျိုးသမီးများသည် အခြားတိုင်းရင်းသားများနှင့် မတူသော ကြောင်ကြောင်ကျား ကျားအ၀တ်ကို ၀တ်ခဲ့ဟန်တူသည်။ သို့သော် “တရိုင်း”လူမျိုးတို့သည် နှစ်ပေါင်းမြောက်များစွာ ကြာအောင် ပအို့ဝ်လူမျိုးများနှင့်ရောနှောပေါင်း သင်းဆက်ဆံလာခဲ့ကြသည်။ တစ်ချို့သည် ပအို့ဝ်များနှင့်လက်ထပ်ခဲ့ကြ သည်။ တရိုင်းအမျိုးသမီးများက ပအို့ဝ်အမျိုးသမီးဝတ် စုံသည် ပိုမိုလှပခိုင်ခံ့ပြီး အကြမ်းခံနိုင်သည်ဟုသုံး သပ်ယူဆ သဘောကျလာဟန်တူသည်။ ထို့ကြောင့် ယခုခေတ်အခါတွင် တရိုင်းအမျိုးသမီးတို့သည် ထဘီ အနက်၊ အင်္ကျီအနက်၊ သင်တိုင်းအနက် အစရှိသော ပအို့ဝ်အမျိုးသမီးဝတ်စုံကိုသာ နှစ်သက်စွဲလမ်းစွာ ၀တ် ဆင်နေကြသည်။ “တရိုင်း”အမျိုးသမီးများကို ရုတ်တရက် မြင်မိသောအခါ ၎င်းတို့သည် ပအို့ဝ်အမျိုးသမီး များသာ ဖြစ်ကြသည်ဟုထင်မှတ်စရာ အကြောင်းရှိသည်။ အောင်ပန်းဈေးနေ့တွင် အနက်ရောင် ပအို့ဝ် အမျိုးသမီးဝတ်စုံကို ၀တ်ဆင်ပြီး ဈေးရောင်းနေကြသည့်အမျိုးသမီးအတော်များများသည် “တရိုင်း”အမျိုး သမီးများသာ ဖြစ်ကြသည်။ ထို့ကြောင့် ပအို့ဝ်အမျိုးသမီးအ၀တ်ကို ၀တ်ပြီး ရှမ်းစကားကို ပြောနေကြသော “တရိုင်း”အမျိုးသမီးများကို တွေ့မြင်ရသောအခါ အထူးပင် အလွန့်အလွန် အံ့သြမိခဲ့ပါသည်။
တရိုင်းရှမ်းစကား
တရိုင်းလူမျိုးသည် ရှမ်းလူမျိုးဖြစ်သည့်အလျောက် ရှမ်းစကားကိုသာ ပြောဆိုကြသည်။
တရိုင်းတို့ပြောသောရှမ်းစကားသည် အများသုံးစွဲပြောဆိုနေကြသည့် “တိုင်း”ရှမ်းစကားနှင့်အတူတူ ပင် ဖြစ်သည်။ သို့သော် တစ်ချို့သော ဝေါဟာရများတွင် အသံအနည်းငယ် ကွဲနေသည်။
တောရွာကို “တိုင်း”ရှမ်းစကားက “၀မ်”၊ “တရိုင်း”ရှမ်းစကားက “ပမ်”ဟုခေါ်သည်။ လူကို “တိုင်း” ရှမ်းစကားက “ကွန်း” “တရိုင်း”ရှမ်းစကားက “ခွန်း”၊ ဓားလွယ်ကို “တိုင်း”ရှမ်းစကားက “လပ်”၊ “တရိုင်း” ရှမ်းစကားက “ဒပ်”၊ အမျိုးသမီးကို တိုင်းရှမ်းက “ဖူယင်း” “တရိုင်း”ရှမ်းစကားက “ပူဟင်း”ဟူ၍ ခေါ်ကြ သည်။
ဝမ်နှင့်ပမ်၊ ကွန်းနှင့်ခွန်း၊ လပ်နှင့်ဒပ်၊ ဖူယင်းနှင့်ပူဟင်း စသည်ဖြင့် အသံအနည်းငယ် ကွဲနေသည်။ ယင်းကဲ့သို့ အသံ အနည်းငယ်ကွဲနေသောဝေါဟာရမှာ အနည်းငယ်မျှသာ ရှိသည်။ ထိုသို့ အသံအနည်းငယ် ကွဲနေသော်လည်း “တိုင်းရှမ်း”တို့သည် တရိုင်းရှမ်းစကားကို ကြားမိပါက ချက်ချင်းပင် နားလည် သဘောပေါက်ကြသည်။
တရိုင်းရှမ်းများ ပြောသောစကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် တရိုင်းတို့သည် ယွန်းရှမ်းအနွယ် များ ဖြစ်လေသလော ဟူ၍ တွေးထင်လိုပါက တွေးထင်နိုင်ဟန် ရှိသည်။
ရှေးအခါက ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယွန်းရှမ်းများ နေထိုင်ခဲ့ဖူးသည်ဟု သက်ကြီးရွယ်အိုများ မှ ပြောပြခဲ့သည်ကို ကြားရဖူးသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခုအချိန်အထိ ယွန်းရှမ်းများ တည်ထောင်ခဲ့သော ရွာများ၊ ဘုရားစေတီများကို တွေ့မြင်နေရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှေးအခါမှစ၍ နေထိုင်ခဲ့ပြီး ယခုခေတ်တိုင် ကျန်ရစ်ခဲ့သည့် ယွန်းရှမ်းများ ထဲတွင် တရိုင်း တို့လည်း ပါဝင်နေသလောဟူ၍ မှန်းဆကြည့်လိုက မှန်းဆနိုင်ပေသည်။
တရိုင်းဆိုသည် ရှမ်းစကားအပြင် ပအို့ဝ်စကား၊ ဓနုစကားများကိုလည်း တတ်မြောက်ပြီး ပြောဆိုနေ ကြသည်။
လူဦးရေ
တရိုင်းရှမ်းလူမျိုးများ နေထိုင်သော တစ်ချို့ရွာများတွင် အိမ်ခြေတစ်ဆယ်ကျော် နှစ်ဆယ်ကျော်မျှသာရှိ၍ ပင်ရင်းရွာနာမည်များသည် ရှမ်းနာမည်များ ဖြစ်ကြသည်။ တစ်ချို့တရိုင်းများသည် ဓနု၊ တောင်ရိုး၊ ပအို့ဝ် တိုင်းရင်းသားများနှင့်ရောနှော နေထိုင်လျက် ရှိကြသည်။ ဟဲဟိုးအနောက်ဘက်တွင် တရိုင်းရွာတစ်ရွာ ရှိသည်။ တရိုင်းရွာဟုဆိုသော်လည်း တရိုင်းစကားပြောတတ်သူ တစ်ယောက်မျှ မရှိတော့ပေ။ ထို့ကြောင့် တရိုင်းလူမျိုးသည် တဖြည်းဖြည်း တိမ်ကောကွယ်ပျောက်သွားလေသလော ဟူ၍ စဉ်းစားမိပါသည်။
တရိုင်းရွာများတွင် နေထိုင်လျက်ရှိသည့်တရိုင်းလူမျိုးအားလုံးကို စုပေါင်း၍ ရေတွက်ကြည့်သော် လူဦးရေတစ်ထောင်ပင် ပြည့်မည်မဟုတ်ပေ။
စိုက်ပျိုးရေး
တရိုင်းရှမ်းတို့သည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ အများဆုံးစိုက်သော သီးနှံမှာ အာလူးဖြစ်သည်။ နာမည်ကြီးလျက်ရှိသည့်အောင်ပန်းအာလူးဆိုသည်မှာ တရိုင်းတို့စိုက်သော အာလူးမြောက်များစွာ ပါဝင်သည်။ တစ်ချို့သော တရိုင်းအိမ်ထောင်စုတို့သည် တစ်နှစ်လျှင် အာလူးလှည်းအစီးပေါင်း(၂၀)ကျော်၊ အာလူးပိဿာချိန် (၆၀၀၀)ကျော် ရောင်းချရသည်။ အာလူးရောင်း၍ ရရှိသော ၀င်ငွေသည် အများဆုံးဖြစ်သည်။ အာလူးအပြင် စပါး၊ မြေပဲ၊ ချင်း(ဂျင်း)၊ ပဲပုပ်စေ့၊ နှမ်းပန်း၊ ဂျုံ စသည်တို့ကိုလည်း စိုက်ပျိုးကြသည်။
မူလတန်းပညာရေး
တရိုင်းရှမ်းများ နေထိုင်ကြသော ရွာများတွင် အစိုးရမူလတန်းကျောင်းများ ရှိသည်။ သို့သော် လေးတန်းအောင်ပြီးနောက် တရိုင်းရှမ်းကလေးတို့သည် ဆက်လက်ပြီး ပညာသင်ယူသည်မှာ လွန်စွာ နည်းပါးသဖြင့် ဆယ်တန်းအောင်သော တရိုင်းကလေး များ မရှိသလောက် နည်းပါးသည်။
ကိုးကွယ်မှု
ယခုအခါ တရိုင်းရှမ်းအားလုံးသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း အိမ်တိုင်းတွင် ရိုးရာနတ်ကို ကိုးကွယ်ကြ သည်။ တစ်နှစ်လျှင် သုံးကြိမ်ကျ ရိုးရာနတ်ကို ပူဇော်ပသလေ့ရှိပြီး မိမိတို့စိုက်ပျိုးရာ တောင်ယာခြံမြေမှ ထွက်သော သီးနှံသစ် များကို ဦးဦးဖျားဖား ရိုးရာနတ်ကိုပင် တင်လှူကြသည်။ တရိုင်းနတ်ဆိုသည်မှာ ရှမ်းပြည်တောင်ပိုင်း၌ အလွန်နာမည်ကြီးသော နတ်ဖြစ်၍ တစ်ချို့တရိုင်းမဟုတ်သော အိမ်များ၌ပင် တရိုင်းနတ်စင်ကို ပြုလုပ်ကိုးကွယ်ထားသည်ကို တွေ့မြင်ရသည်။
တရိုင်းရှမ်းတို့သည် ရိုးရာနတ်ကို မစွန့်ပယ် ကိုးကွယ်နေကြသော်လည်း ဗုဒ္ဓဘာသာကိုသာ အဓိကထားပြီး ၀တ်ပြု ဆည်းကပ်ကြသည်။ ၀ါတွင်းဥပုသ်သီတင်းနေ့၌ ရွာဘုန်းကြီးကျောင်းတွင် အလှူဒါနပြုခြင်း၊ ရှစ်ပါးသီလဆောက်တည်ခြင်းကို မပြတ်ပြုလုပ်ကြသည်။ ရှေးအခါက ရွာဘုန်းကြီးကျောင်း ၌ ရှမ်းတရားစာလိပ်ကြီးကို ဖတ်ကြားပြီး ဥပုသ်သည်များ တရားနာယူခဲကြဖူးသည်။ ဥပုသ်သည်များ သီတင်းသီလ ဆောက်တည်ပြီး နောက်တစ်ရက်တွင် ဥပုသ်ထွက်ကြသည်။ ယင်းရက် နံနက်အချိန်တွင် ရွာ သားများ စုပေါင်းပြီး ဥပုသ်သည်များကို ဥပုသ်ထွက်ဆွမ်း လှူဒါန်းကျွေးမွေးကြသည်။
ရွာဘုန်းကြီးကျောင်း၌ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ထင်း၊ ရေအစရှိသည်တို့ကိုလည်း လုံလောက်ပြည့်စုံပြီး သံဃာတော်များ ချမ်းသာစွာ သီတင်းသုံးနေထိုင်ရန်အတွက် တစ်ရွာလုံးက စုပေါင်းပြီး တာဝန်ယူကြသည်။ ရွာဘုန်းကြီးကျောင်း သို့သွားရာလမ်း ချဲ့ထွင်ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊ သစ်ပင်မျိုးစုံ စိုက်ပျိုးခြင်း စသည်တို့ကို လည်း တစ်ရွာလုံးကပင် စုပေါင်းလုပ်အားပေး ပြုလုပ်ပေးကြသည်။
ထူးခြားချက်တစ်ရပ်မှာ တရိုင်းရှမ်းလူမျိုးများသည် အဒိန္နာဒါန ဆိုသော သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၊ မတရားယူခြင်း ကို လုံးဝမပြုလုပ်၊ မကျူးလွန်ဘဲ အထူးရှောင်ကြဉ်ကြသောအချက်ပင် ဖြစ်သည်။ အကယ်၍ သူတစ်ပါးပစ္စည်းကို ခွင့်တောင်းယူ ပြီး အိမ်သို့ ခဏငှားယူလာသောအခါ၌လည်း အိမ်တွင် ကြာကြာမထားကြပေ။ ပစ္စည်းကို (၇)ရက်အတွင်း ပစ္စည်းပိုင်ရှင်ထံသို့ ပြန်ပို့ပေးကြသည်။ အကယ်၍ (၇)ရက်ကျော်သွားပြီး ပစ္စည်းကို ပိုင်ရှင်ထံ ပြန်မပို့လျှင် တရိုင်းရိုးရာနတ်သည် ပစ္စည်းငှားယူလာသူ ကို ချက်ချင်း ဒုက္ခရောက်သွားအောင် ပြုစားလေ့ရှိသည်ဟုယုံကြည်ကြသည်။
ရိုင်းပင်းကူညီ
နောက်ထပ် ထူးခြားချက်တစ်ရပ်မှာ တရိုင်းရှမ်းများသည် အချင်းချင်း ရိုင်းပင်းကူညီကြပြီး အထူးစည်းရုံးညီညွှတ်ကြ သည်။ ဥပမာ - ရွာသားလယ်သမားတစ်ဦးသည် ကောက်စိုက်၊ ကောက်ရိတ်၊ ကောက်ပုတ်၊ ကောက်သယ်သောအခါ၌ အခြား ရွာသူရွာသားများကလည်း လုပ်ငန်းပြီးစီးသည်အထိ လာရောက်ဝိုင်းဝန်းလုပ်အားပေး ကူညီလုပ်ကိုင်ပေးကြသည်။ လာရောက် ကူညီသူများကို လယ်ပိုင်ရှင်က ထမင်းကျွေးသည်။
ရွာထဲ၌ အသုဘပေါ်ပေါက်လာသောအခါ၌လည်း အိမ်တစ်အိမ်လျှင် ဆန်တစ်ပြည် ငွေနှစ်ကျပ်ကျ ထည့်ဝင်ပံ့ပိုးကြ သည်။ မိမိတို့၏စီးပွားရေးအလုပ်အကိုင်များကိုလည်း ခဏရပ်ဆိုင်းထားပြီး အသုဘသင်္ဂြိုဟ်ပြီးစီးသည်အထိ ၀ိုင်းဝန်းကူညီပေး ကြသည်။
ရွာထဲမှ အိမ်တစ်အိမ်တွင် ကျွဲ သို့မဟုတ် နွားပျောက်သွားလျှင် တရိုင်းရွာသားများသည် ညီညာစွာ ၀ိုင်းဝန်း၍ ကျွဲ နွား ပြန်လည်တွေ့ရှိသည်အထိ တစ်တောင်ဝင် တစ်တောင်ထွက် ရွာအနှံ့ နေရာအနှံ့ လှည့်လည်ရှာဖွေပေးကြသည်။
ရွာသားတစ်ဦးဦးက အိမ်သစ်ဆောက်သောအခါ၌လည်း အခြားရွာသားများက အိမ်ဆောက်ပြီးစီးသွား သည်အထိ လာရောက်ကူညီပေးကြသည်။ ထို့ကြောင့် တရိုင်းရှမ်းလူမျိုးတို့သည် အလွန်ပင် ရိုးသားကြပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်လုပ်ကိုင် စားသောက်လျက်ရှိကြောင်းကို အကျဉ်းရုံး၌ တင်ပြ လိုက်ပေသည်။ ။
သင်းခင်
မှတ်ချက်။ ။၁၉၈၇/၈၈-ခုနှစ်ထုတ် ကမ္ဗောဇမဂ္ဂဇင်း စာမျက်နှာ(၇၄ မှ ၇၆ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:
Post a Comment