Popular Posts

Wednesday, July 31, 2013

တုင်းꨅꨤင်ꨵ (or) တုန်းစန့် (သို့မဟုတ်) မီလာရှီကာ (ရှမ်းလူမျိုးတို့၏ဆင်ဖမ်းခြင်းအတတ်ပညာ)

မြန်မာပြည်မြောက်ပိုင်း သျှမ်းလူမျိုးများဖြစ်ကြသော ခန္တီးသျှမ်းနှင့် သျှမ်းနီလူမျိုးတို့သည် မြန်မာပြည်တွင် သျှမ်းလို တုန်းစန့်ဟုခေါ်သော မီလါရှီကာနည်းဖြင့် (ကြိုးကွင်းပစ်)ဆင်ဖမ်းလုပ်ငန်းများကို ပထမဦးဆုံး စတင်ဆောက်ရွက်ခဲ့သူများ ဖြစ်ကြသည်။ ကျွန်ပ်တို့၏သျှမ်းဘိုးဘေးများသည် ကိုယ်ပိုင်စာပေဖြင့် အင်္ဂလိပ် ကိုလိုနီလက်အောက် မရောက်ရှိခင်ထဲက တုန်းစန့်လိုခေါ်တဲ့ မီလာရှီကာကြိုးကွင်းပစ် ဆင်ဖမ်းနည်း သမိုင်း မှတ်တိုင်များအဖြစ် ရေးမှတ်ခဲ့ကြသော သမိုင်းဖြစ်ရပ်မှန်များ ရှိပါလျက်ဖြင့် ၂၀၀၀ ခုနှစ်ဝင်းကျင် အမည် မဖော်လိုသော ပြည်တွင်းမဂ္ဂဇင်းတစ်အုပ်မှ ဖြေကြားထားသူသည် ပထမဦးဆုံး မိလာရှီကာနည်းကို အသုံး ပြုခဲ့ကြသော ခန္တီးသျှမ်း သျှမ်းနီ စသည့်လူမျိုးများ အမည်နာမများကိုတောင် မဖော်ပြသည့်အပြင် မိမိလူမျိုး ကဘဲ စတင်လုပ်ခဲ့သယောင်ယောင်နှင့် ရိုက်စားလုပ်ကြပြီး အခေါ်အဝေါ်များကို မိမိဘာသာဖြင့် အသစ်ထွင် ကာ ဖော်ပြခြဲ့ခင်းကြောင့် သျှမ်းလူငယ်များ သိရှိရန် အစပထမ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြလိုက်ရပါသည်။

ဤဆင်ဖမ်းသည့်အကြောင်း မတင်ပြမီ စာဖတ်ပရိသတ်များ ဆင်အကြောင်းကို အကြမ်းဖျင်းအားဖြင့် သိရှိ သဘောပေါက်စေရန် ကမ္ဘာပေါ်ရှိ ဆင်များအကြောင်းကို အကျဉ်းမျှတင်ပြလိုပါသည်။
ဆင်အမျိုးနွယ်များကို ကမ္ဘာပေါ်တွင် အာဖရိကတိုက်၊ အာရှတိုက်တောင်ပိုင်းနှင့်အင်ဒိုချိုင်းနားကျွန်းဆွယ် တို့တွင်သာ တွေ့ရှိရပါသည်။ အာဖရိကဆင်နှင့်အာရှဆင်ဟူ၍ အသွင်မတူသော ဆင်ကွဲများ ဖြစ်ကြပါ သည်။

ရှေးအခါ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် “ဆင်”ကြီးများ ကျက်စားခဲ့သည်၊ ယခုအခါ ထိုဆင်ကြီးများမှဆင်း သက်လာသော အာဖရိကဆင်နှင့်အာရှဆင် နှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်၊ ကုန်ဆုံးလေပြီးသော နှစ်ပေါင်း (၃၈)သန်းလောက်ကတည်းကပင် ဒိုင်နိုဆောသတ္တ၀ါ(Dinosaw)ကြီးများနှင့်အတူ ကြီးပြင်းလာခဲ့ သော အမျိုးနွယ်ဖြစ်လျှင် ယနေ့တိုင် အသက်ရှင်တည်ရှိနေသော ကျောက်ခေတ်မှ အကြွင်းအကျန် သတ္တ၀ါ မျိုးဆက်ဟု ထင်ထင်ရှားရှား လက်ညှိုးထိုးပြစရာမှာ ဆင်များသည်သာ မားမားမတ်မတ် ရှိလေတော့သည်၊ အာဖရိကဆင်တွင် အမျိုးနွယ်ငါးမျိုးရှိသည်၊ ယင်းတို့မှာ အာဖရိကအလယ်ပိုင်းဆင်၊ ဆူဒန်နယ်ဆင်၊ အာဖရိ ကအရှေ့ပိုင်းဆင်၊ အာဖရိကတောင်ပိုင်းဆင်နှင့်ပစ်ဂမီဆင်ဟုခေါ်သော ဆင်ပုတစ်မျိုးဖြစ် အီကွေတာဒေ သနှင့်ကွန်ဂိုမြစ်ဝှမ်းတစ်လျှောက်တွင် တွေ့ရှိရပါသည်။ အာဖရိကဆင်ကြီးများသည် ရှေးကျောက်ခေတ် နှစ် သန်းလောက်က မာမွတ်(Mammoth )ဆင်ကြီးများနှင့်တူညီသည်ကို တွေ့ရှိရပါသည်။
အာဖရိကတိုက်ဆင်များကို အာရှတိုက်ဆင်များကဲ့သို့ ဖမ်းဆီးပြီး အလုပ်စေခိုင်းမရပေ၊ ယဉ်ကျေးအောင် သွန်သင်၍မရနိုင်ဟုဆိုသည်၊ သို့ကြောင့် အာဖရိကတိုက်တိုင်းရင်းသားများက ဆင်ကိုဖမ်း၍ ယဉ်ကျေး အောင် သွန်သင်ခြင်းမွေးမြူခြင်း မပြုခြင်းသာဖြစ်ပေမည်။ သစ်ဆွဲရန်အနေအထား ခွန်အားလည်း မပြည့်စုံ သဖြင့် မခိုင်းစေခြင်းဖြစ်ပေမည်။ ပေါ်တူဂီအရှေ့အာဖရိကတွင် ဆင်တစ်မျိုးကို သစ်ဆွဲတန်ဆာများ တပ် ဆင်အသုံးပြုခဲ့သည်၊ သို့သော် အကြီးမားဆုံးဝန်ကို မဆွဲနိုင်ဘဲ တောင်သူလယ်သမားများသုံး ကိရိယာများ ကိုသာ ဆွဲနိုင်သောကြာင့် မွေးမြူစောင့်ရှောက်ရသောစရိတ်နှင့်လုပ်အားမကာမိ ယင်းအလေ့အထ ပျောက် ကွယ်ရသည်ဟု ဆိုရမည်ဖြစ်သည်။

အာဖရိကတိုက်ဆင်သည် အရပ်လွန်စွာမြင့် အချိုးအစား မကျနပေ၊ နားရွက်မှာ လွန်စွာကြီးမားပြီး နှာမောင်း တွင် ကြမ်းတမ်းသော အရစ်များရှိသည်၊ အစွယ်သည် လွန်စွာရှည်လျားပြီး အချို့အစွယ်များသည် အပြင် သို့မဟုတ် အတွင်းနှာမောင်းအပေါ်ဘက်သို့ လိမ်ကောက်လျှက် ရှိသည်။ ခြေလက်များမှာ သေးသွယ် တညီ တညာတည်းရှိသည်၊ အာရှတိုက်ဆင်များကဲ့သို့ ခြင်္သေ့ထိုင်ပုံဏ္ဌာန်မျိုးမရှိပေ၊ အာရှတိုက်ဆင်မျိုးကို အိန္ဒိယ မျိုးဟုခေါ်ဝေါ်ကြသော်လည်း မျိုးနွယ်အားဖြင့် လေးမျိုးခွဲခြားသိရှိရပါသည်။
အိန္ဒိယဆင် သို့မဟုတ် မြန်မာဆင်၊ သီဟိုဠ်ဆင်၊ မလေးဆင်နှင့်ဆုမတြာဆင်တို့ဖြစ်ကြသည်။ အာရှတိုက်နှင့် အာဖရိကတိုက်ဆင်တို့သည် ပုံဏ္ဌာန်အားဖြင့်။ အမြင်အားဖြင့် ကွဲပြားခြားနားမှု ရှိသည်၊ အာရှတိုက်ဆင် များသည် ကိုယ်လုံးကိုယ်ထည် ကျစ်လျစ်နားရွက်သေးသည်။ နှာမောင်းမှာ အရင်းတုတ် အဖျားသို့ ပြေပြစ် စွာ ရှူးသွားသည်၊ စွယ်စုံဆင်ပေါက်များတွင် အစွယ်မှာ လွန်စွာမရှည်လှဘဲ များသောအားဖြင့် တုတ်ခိုင် သည်၊ ရှေ့ပိုင်း(ဦးခေါင်းပိုင်း)မြင့် နောက်ပိုင်း(အမြီးပိုင်း)နှိမ့်လျှောပြီး ခြင်္သေ့ထိုင်ပုံဏ္ဌာန်ရှိကာ ခြေလက်များ တုတ်ခိုင်သည်။ အသားပြည့်ဝသည်။
သီဟိုဠ်ဆင်များတွင် အထီးနှင့်အမ နှစ်မျိုးစလုံး အစွယ်မပေါက်ပေ၊ သစ်ဆွဲရာတွင်လည်း ကြိုးတန်ဆာ ပလာများ တပ်ဆင်၍ ဆွဲနိုင်ခြင်း မရှိပေ။ သစ်လုံးကို ချည်ထားသောကြိုးကို ပါးစပ်ဖြင့် ကိုက်၍သာ ဆွဲ နိုင်သည်။ မလေးဆင် ဆုမတြာဆင်တို့မှာ မြန်မာဆင်ထက် အရပ်အလုံးအဖန်မြင့်မားကြီးမား ကြီးထွား သော်လည်း လေးလံသောဝန်ထုပ်ကို ဆွဲယူမယူသည့်ခွန်အားသည် အိန္ဒိယဆင် မြန်မာဆင်တို့ကို မမီပေ။ ရေမြေတောတောင်ချင်းဆက်စပ်နေသည့် အိန္ဒိယ၊ မြန်မာ၊ လော၊ ထိုင်းနိုင်ငံတို့တွင် ဆင်များ ကူးလူးဆက် ဆံသွားလာခြင်း ရှိသောကြောင့် ဆင်မျိုးနွယ်များ တူညီကြသည်၊ အာရှတိုက်တွင် ၁၉၇၉ ခုနှစ်တွင် ဆင်ကောင်ရေ နှစ်သိန်းကျော်ရှိမည်ဟုခန့်မှန်းရရှိသည်။

ဆင်အမျိုးအစားများ
မြန်မာနိုင်ငံအတွင်းရှိ ဆင်ထီးများကို ၄င်းတို့အစွယ် ကိုယ်အင်္ဂါ လက္ခဏာများ ခွဲခြားမှုကိုလိုက်၍ စွယ်စုံဆင်၊ ဟိုင်းဆင်၊ တည်ဆင် ဟူလေးမျိုး လေးစား ခွဲခြားသတ်မှတ်ခေါ်ဝေါ် ကြပါသည်။
ဆင်အမ အပါဝင်ဆိုလျှင် ဆင်အမျိုးစား ငါးမျိုးရှိသည်ဟုဆိုရပေမည်၊ အစွယ်အရှည်ကြီးမထွက်သော ဆင် ထီးကို ဟိုင်းဆင်၊ ဟံဆင်ဟုခွဲခြားခေါ်ဝေါ်သော်လည်း ခန္တီးသျှမ်းတို့မူ စန့်ဒွေးဟုတစ်မျိုးတည်းသာ သတ် မှတ်ခေါ်ဝေါ်ပါသည်။


- စန့်ပိုင်း (စွယ်စုံဆင်)
အစွယ်နှစ်ချောင်းဖြူဖွေး၍ ရှေ့သို့ ရှည်လျားစွာကော့တက်နေသည့် ဆင်ပြောင်ကြီးဖြစ်သည်၊ ခံ့ညားလှပ သည်၊ စိတ်နေစိတ်ထား ခက်ထန်ကြမ်းကြုတ်သည်၊ တောထဲရှိ ဆင်သင်းဆင်အုပ်ကို အုပ်ချုပ်သည်၊ ဆင် သင်းအုပ်များကို စွယ်စုံဆင်(ထီးခိုး)စန့်ခိုတို့က ကွပ်ကဲအုပ်ချုပ်သည်၊ ဟိုင်းဆင်နှင့်လုံးဝမတည့်ပေ၊
- စန့်ဒွေး (ဟိုင်းဆင်)
ဆင်မကဲ့သို့အစွယ်တိုတိုနှစ်ချောင်းသာရှိသည်၊ အစွယ်မှာ တိုသော်လည်း တုတ်ခိုင်သည်၊ အချို့မှာ အစွယ် ဖုံးဖြစ် သွားဖုံးကိုပြူပြင် မထွက်လာပေ၊ နှာမောင်း အလွန်တုတ်ခိုင် သန်မာသည်၊ ခြားဆင်များနှင့်မတူဘဲ နားရွက်ခြေစုံလက်စုံ ခြေသည်းလက်သည်း ခြေခွာလက်ခွာများ ကြီးများဝိုင်ဝန်းသည်၊ ဦးခင်းနားရွက်၊ နား ထင်၊ နှာအိုး၊ နှာမောင်းများ ထူးထူးခြားခြား ကြီးမားသည်၊ စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသည်၊ တောတွင်းရှိ ဆင်သင်းအုပ်ကို အုပ်ချုပ်သည်၊ စွယ်စုံဆင်ပေါက်ထက် အင်အားပိုမို ကြီးမားပြီး ဆင်ပေါက်နှင့် လုံးဝမတည့်ပေ၊ စွယ်စုံဆင်နှင့်ဟိုင်းဆင်သည် အရွယ်တူဖြစ်ပါက ဟိုင်းဆင်က ပိုမိုအင်အားကြီးပြီး စွယ်စုံ ဆင်ကို နိုင်သည်။
စန့်ဒွေး (ဟံဆင်)
ဟိုင်းဆင်အမျိုးနွယ်ပင်ဖြစ်သည်၊ အစွယ်တိုနှစ်ချောင်းရှိသည်၊ အစွယ်မှာ သေးသွယ်ရှည်လျား ထွားကြိုင်း သန်မာခြင်း မရှိပေ။ ဟိုင်းဆင်နှင့် စွယ်စုံဆင်လောက် အင်အားကြီးမားခြင်း မရှိပေ။
- စန့်ငါးလျှို (တည်ဆင်)
မွေးကတည်းကပင် အစွယ်တစ်ချောင်းတည်း ပါလာသည်၊ အစွယ် ညာဘက်ရှိလျှင် ညာတည်။
ဘယ်ဘက်ရှိလျင် ဘယ်တည်ဟုခေါ်သည်၊ အရှားပါးဆုံးဖြစ်သည်၊ ဆင်အုပ်နှင့်တစ်သီးတခြား နေတတ် သည်။ သူ့အစွယ်ကို အထူးအားကိုးသည်၊ တချို့ အစွယ်တစ်ချောင်း ကျိုးသွား တည်ဖြစ်လာသည်လည်း ရှိသည်။

- စန့်ထမေ (ဆင်မ)
အချို့အစွယ်ပေါက်၍ အချို့ လုံးဝမပေါက်ပေ၊ အစွယ်ပေါက်သော်လည်း ဆင်ထီးများအစွယ်
ကဲ့သို့ ကြီးမားထွားကြိုင်းခြင်း မရှိပေ၊ ဆင်ထီးများထက် ကိုယ်အင်္ဂါထွားကြိုင်းမှု လျော့နည်းသည်၊ စိတ် နေစိတ်ထား နူးညံ့သိမ်မွေ့ပြီး ထိန်းသိမ်းရာတွင်လည်းကောင်း၊ သင်ကြားရေးတွင်လည်းကောင်း၊ အလုပ်ခိုင်း စေရာတွင်လည်းကောင်း အလွယ်ကူဆုံး ဖြစ်သည်၊ ဆင်၏အစွယ်များသည် ငွေရောင်နှင့်ရွှေရောင်များ ဖြစ်ပြီး ရွှေရောင်က တန်ဖိုးကြီးသည်။


ကျနော့်အဖွားပြောတဲ့ သျှမ်းနှင့်ဆင်
ခန္တီးသျှမ်းနှင့်သျှမ်းနီတိုင်းရင်းသားတို့တွင် ဆင်နှင့်ပတ်သက်၍ ယုံကြည်ယူဆချက်တစ်ရပ်ရှိလေသည်။ ရှေး ကမ္ဘာဦးအစကာလတွင် ဟိမန္တာတောနက်ကြီးတွင် ခြင်္သေ့၊ ကျားနှင့်ဆင်တို့သည် မိတ်ဆွေဖွဲ့၍ အတူတကွ နေထိုင်လျက်ရှိသည်။ တစ်နေ့သောအခါ ထိုခြင်္သေ့ ကျားနှင့်ဆင်တို့သည် တောထဲတွင် လှည့်လည်နေရင်း မြစ်ချောင်းကြီးတစ်ခု၏အနီးသို့ ရောက်ရှိသွားကြသည်။
ခြင်္သေ့ ကျားနှင့်ဆင်တို့သည် ချောင်းကမ်းပါးမှ မြစ်ချောင်းဘက်သို့ ငေးမောကြည့်ရှုနေကြ၏ ထိုအခါ လူယောင်္ကျားနှစ်ဦးသည် သစ်လုံးဖြင့်ထွင်းလုပ်ထားသော လှေလုံးလှေပဲ့များတွင် ကိုယ်စီမတ်တပ်ရပ်လျက် ၀ါးများဖြင့် ကျွမ်းကျင်လိမ္မာစွာ လှော်ခတ်လျက် ရေစီးသန်လျက်ရှိသော ချောင်းထက်သို့ လွယ်ကူစွာဖြင့် ဆန်တက်သွားနေသည်ကို မြင်တွေ့ကြ၍ ခြင်္သေ့ ဤသို့ဆိုလေသည် လူသတ္တ၀ါတို့သည် ဂါထာမန္တရားနှင် ဥာဏ်ပညာ ထက်မြက်ကြသဖြင့် သစ်လုံးကိုပင်ရေအထက်သို့ ဆန်တက်စေနိုင်သည်။
ငါတို့လည်း ဤတောနက်ကြီးထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်လျက်နေပါက ဂါထာမန္တရား တတ် မြောက်၍ ဥာဏ်နီဥာဏ်နက်ရှိသော ခေါင်းမည်းလူသားတို့က ငါတို့ကိုလည်း သူတို့၏လိုရာသို့ ခိုင်း စားကြလိမ့်မည်။ ထို့ကြောင့် ငါတို့ဤတောနက်ကြီးထဲတွင်မနေဘဲ ဝေးဝေးသို့ ရှောင်သွားကြပါစို့ ဟုဆို၏။

ထိုအခါ ဆင်က လူတို့၏ဦးခေါင်းသည် ငါ၏ချေးတုံးမျှသာ ရှိသည်။ ၎င်းတို့ကို ကြောက်စရာ မလိုပါ ဘူးဟုပြန်ပြောလေသည်။ ထို့နောက် ခြင်္သေ့သည် လူတို့၏ရန်ကို ကြောက်ရွံ့၍ အခြားနေရာသို့ ပြောင်းရွေ့သွားရာ ယနေ့တိုင် ဟိမန္တာတော၌ မတွေ့ရတော့ပေ။ ကျားနှင့်ဆင်သာ ကျန်ရှိခဲ့လေ သည်။

ထိုအချိန်မှစ၍ လူသားတို့သည်လည်း တောထဲတွင်ရှိသော ဆင်ရိုင်းများကို ဖမ်းဆီးပြီး လူတို့၏ ဆန္ဒအတိုင်း မိမိလိုရာလုပ်ငန်းများတွင် ခိုင်းစေလေတော့သည်။ ဤသို့ လူသားတို့ ဆင်ကို ဖမ်းဆီး ၍ ခိုင်းစားနိုင်ခဲ့သည်မှာလည်း ကမ္ဘာဦးအစကပင် ဗြဟ္မာမင်းကြီးထနောပိုက ဖန်ဆင်းပြီး အမိန့်ချ မှတ်ထားခြင်း ဖြစ်ကြောင်း ယုံကြည်ကြလေသည်။

ခန္တီးသျှမ်းတို့၏ဆင်ဖမ်းခြင်းအစ

AD- 1600 ခန့် ခန္တီးလုန်နယ်မြေကို စိုးမိုးအုပ်ချုပ်သော လုန်းကျိန်းစော်ဘွားများလက်ထက်၌ စ၀်အိုက်မိန်း ခမ်းတွင် သားတော် တောင့်ကျိန်းမိန်း၊ တောင့်နိုမိန်း၊ တောင့်အိန်မိန်းဟူ၍ သားတော်သုံးပါး ထွန်းကား လာခဲ့ရာ သားတော် တောင့်ကျိန်းမိန်းကို ခန်ကျိုနယ်၌လည်းကောင်း၊ တောင့်နိုမိန်းကို ဖိုင်လိုင်(ဟိုကျို)၌ လည်းကောင်း၊ တောင့်အိန်မိန်းကို မကတ်မိန်း၌လည်းကောင်း အုပ်ချုပ်စေလေသည်။
တောင့်ကျိန်းမိန်းသည် သားတော် စ၀်အိုက်ဆိန်လုပ်ကျိန်းမိန်း အရွယ်ရောက်လာသောအခါ သားတော်အား မိမိအုပ်ချုပ်ခဲ့သည့်ခန်ကျိုကို အုပ်ချုပ်စေ၍ မိမိမှာ ပူတောင်းမြို့သို့ သွားရောက် အုပ်ချုပ်စေသည်။ ဒုတိယ သား စ၀်ညီကျိန်းဆိုင်ကိုမှု မှုဒုန်မြို့စားအဖြစ် ခန့်အပ်သည်။ တောင့်နိုမိန်းသည်လည်း သားတော် တောင့်နို ကို မိမိအုပ်ချုပ်ခဲ့သော ဖိုင်လိုင်(ဟိုကျို)ကိုအပ်နှင်း၍ မိမိသည် ပန်ကျိန်းခန်မြို့ကို အုပ်ချုပ်သည်။ ဤကဲ့သို့ အမြို့မြို့အနယ်နယ်ကို ပိုင်စိုးအုပ်ချုပ်နိုင်သဖြင့် လုန်းကျိန်းတို့ အင်အားသည် ပိုမိုတောင့်တင်းလာလေ သည်။

ပူတောင်းမြို့စား တောင့်ကျိန်းမိန်းနှင့်မှုဒုန်စား စ၀်ညီကျိန်းဆိုင်တို့သည် စိတ်ခက်ထန်၊ မာန်မာနကြီးပြီး တိုင်းသူပြည်သားများအား မခန့်လေးစားပြုခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်းတို့ကြောင့် လူထု သည် စိတ်ရှည်သည်းခံခြင်း မရနိုင်လောက်အောင် အခြေအနေ ဆိုးဝါးလျက် ရှိသည်။
မန်စေဟိုခမ်း(နန်းတော်အရပ်)တွင် စ၀်အိုက်မိန်းခမ်းက နန်းတော်ဆောက်လုပ်ရာ၌ အခွန်ဘဏ္ဍာကြီးလေး စွာ ကောက်ခံခြင်း၊ ကျွဲနွားတိရစ္ဆာန်ကို တစ်အိမ်ထောင်ကျစီ ကောက်ခံခြင်းသာမကဘဲ ထိန်းကျောင်းမှု မရှိ သောတိရစ္ဆာန်များကို ဖမ်းဆီးသိမ်းပိုက်ခြင်း၊ ဈေးဆိုင် လယ်ယာ ခြံများကို အခွန်ကြီးလေးစွာ ကောက်ခံ ခြင်း၊ အသက်နှစ်ဆယ်နှင့်အထက် ကျောင်းထွက်စယောင်္ကျား ကလေးသူငယ်များမှအစ လူကြီးလူလတ်များ ကို တစ်ယောက်လျှင် ၀ါးတစ်လုံး နှီးတစ်စည်း ကြိမ်တစ်ချောင်း သက်ကယ်တစ်စည်း ပို့ဆောင်ပေးရခြင်း၊ လောင်းကစားများ ဖွင့်လှစ်ပေးသဖြင့် သူခိုးဓါးပြ အကျင့်ပျက်သူများ ပေါများလာခြင်း၊ လူထုများ တစ် ယောက်မကျန် တာရိုးထူ နန်းတော်ဆောက်လုပ်ရန် လုပ်အားပေးရခြင်း၊ ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူခြင်း စသော မတရားအနိုင်ကျင့်ဒဏ်များကို ပြည်သားတို့ မကျေနပ်ဖြစ်လာ၍ မှုဒုန်လူထုတို့က စတင်ကာ ဆန့်ကျင်လှုပ်ရှားလာခဲ့ကြသည်။ 

မှုဒုန်၊ လုန်ဖောင်း၊ မန်ဖိုင်း၊ မန်ဆိုင်၊ မန်တောင်၊ ခမ်းဟိုစသော လူထုခေါင်းဆောင်တို့သည် လူထုကို စည်း ရုံး၍ မှုဒုန်မြို့စား စ၀်ညီကျိန်းဆိုင်ကို ပန်ဆိန်ကတ်ဈေးတွင် ၀ို်င်းဝန်းသတ်ဖြတ် ကွပ်မျက်လိုက်ကြသည်။
ထိုအချိန်မှစ၍ လုန်းကျိန်းစော်ဘွားများနှင့်ပြည်သူလူထုတို့သည် ပဋိပက္ခများဖြစ်ပွားလာခဲ့သည်။ အချို့လူ ထုခေါင်းဆောင်လူကြီးများသည် စော်ဘွားကြီး အမျက်ဒေါသ ပြေငြိမ်းစေခြင်းအလို့ငှာ လက်ဆောင်ဘဏ္ဍာ ပစ္စည်းများဖြင့် သွားရောက် ဆက်သတောင်းပန်ခဲ့ရာ စော်ဘွားကြီးက ခါးမလုမ်းတောက်(ကျွန်က သခင်ကို လက်ဆောင်ဖြင့် ဆက်သခယခြင်း မမေ့အပ်) စ၀်မလုမ်းကင်(သခင်က လက်ဆောင်ဘဏ္ဍာများ လက်ခံ စားသုံးရမည်) ဟူ၍ မချေမငံ ချိုးနှိမ်စွာ ပြောဆိုဆက်ဆံခဲ့သဖြင့် လူထုခေါင်းဆောင်တို့မှာ စိတ်ပျက် အား ငယ်ရလေသည်။

ထိုအခါ လူထုခေါင်းဆောင်းများဖြစ်သည်။ ခန်အိုက်တိန်ကိန့်၊ ပိုမိန်းနာနုန်ဆိန်တီ၊ ချိန်လိန်တောင်၊ ချန်ခမ့် ရှန်၊ ချန်ကပ်ထော၊ ချန်ဖောင်လွန်း စသည်တို့သည် မိုးကောင်း စ၀်ဖှလုံ(မိုးကောင်းဘုရင်)ထံသွားရောက်၍ အုပ်ချုပ်သူ အကြီးအကဲခေါင်းဆောင် စော်ဘွားအသစ် တောင်းခံတင်ပြရန် ညှိနိုင်းတိုင်ပင်ကြလေသည်။ ထို့ ကြောင့် မိုးကောင်း စ၀်ဖှလုံ ဆေဟုမ်ခန်ဖှထံ စော်ဘွားသစ် တောင်းခံရန် လက်ဆောင်ဘဏ္ဍာအဖြစ် ဆင် ဖမ်းရန် စီစဉ်ကြလေသည်။

AD-1683 ကောဇာသက္ကရာဇ်(၁၀၄၅)ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ကို ရွေးချယ်၍ ခန္တီးလုန် ဒေသ၏ တောင်ဘက် မုန်းယတ်နယ်၊ မုန်းယတ်ချောင်းဖျားသို့ လူထုခေါင်းဆောင်(၆)ဦး ခေါင်းဆောင်ကာ ဆင်ကျုံးပြုလုပ်ရန် သွားရောက်စီစဉ်ကြလေသည်။ ကျုံးတည်ဆောက်မည့်သူတို့သည် ခန္တီးသျှမ်းလို တွန်တီ ဟုခေါ်သော တောဆင်အုပ်များ အမြဲတစေ ဖြတ်သန်းသွားလာနေသော လမ်းကြောင်းကို ရှာဖွေရွေးချယ်၍ ၎င်းလမ်းကို တံခါးဝထားပြီး ကျုံးအ၀ိုင်းကို တည်ဆောက်ကြလေသည်။

ထိုနေရာသည် တောဆင်အလွန်ပေါများသော ဒေသဖြစ်သည့်အတွက် ရက်သတ္တပတ်ကြာသောအခါ ကျုံး ထဲတွင် ဆင်ကောင်ရေ(၁၀၀)ခန့်မိလေသည်။ မိထားသောဆင်များကို ဖမ်းဆီးရန်အတွက် ချန်အိုက်မိန်း တိန်ကိန့်က ကြက်ရိုးဗေဒင်ကို တွက်ချက်ကြည့်ရာ ခန်ခမ်းရှန်မိန်းယတ်က ဆင်ကျုံးထဲဝင်ပြီး ဖမ်းဆီးပါက အန္တရာယ်မရှိဘဲ အလွယ်တကူ ဖမ်းဆီးနိုင်မည်ဟု ဗေဒင်ကိန်းခန်းအရ ပြဆိုသဖြင့် ၎င်းက ၀င်ရောက်ဖမ်း ဆီးရန် သတ်မှတ်တာဝန်ပေးသည်ကို သဘောတူလက်ခံပြီး ဆင်ဖမ်းရန်အတွက် အသွားအခရီးလမ်းတွင် နမ့်ယတ်ချောင်းထဲဆင်း၍ မျက်နှာသစ်ရာ ဆင်ကို ယဉ်ပါးစေနိုင်သည့်ဆင်ယဉ်ပတ္တမြားတစ်လုံးကို ကောက် ယူရရှိသည်ဟုဆိုသည်။ အချို့အဆိုအရ ဆင်ကိုနိုင်သော ရေဆင်တစ်ကောင်ကို ဖမ်းဆီးရမိသည်ဟုဆို သည်။

ချန်ခမ်းရှန်မိန်းယိတ်သည် ဆင်ယဉ်ပတ္တမြားတန်ခိုးကြောင့် ဆင်လှောင်ထားသော ကျုံးထဲသို့ဝင်၍ ဆင်ရိုင်း များအထဲမှ ဆင်အင်္ဂါအပြည့်အစုံဆုံး အချောအလှဆုံး ဆင်(၆)ကောင်ကို အန္တရာယ်မရှိ လွယ်ကူစွာဖြင့် စိတ်ကြိုက်ရွေးချယ် ဖမ်းဆီးယူပြီး ကျန်သောဆင်ရိုင်းများကို ပြန်လွှတ်လိုက်လေသည်။
ခန္တီးသျှမ်းအခေါ်အရ ဖန်ဒီ(ဆင်ဖမ်းကျွမ်းကျင်သူ)က ကွမ်ကီ(ဆင်ဖမ်းရာ လိုက်တဲ့ဆင်ယဉ်)ကိုစီး၍ ကျုံးထဲ ၀င်ပြီး ကျုံးထဲရှိ ဖမ်းမိနေသော တောဆင်များကို ဆိုင်ဖန်ခေါ် ဆင်ဖမ်းကြိုးဖြင့် တောဆင်ရိုင်း၏လည်ပင်း ကို ကြိုးကွင်းပစ်စွပ်ကာ တစ်ကောင်ပြီး တစ်ကောင်ဖမ်းယူရသည်။

လူထုခေါင်းဆောင် (၆)ဦးတို့သည် ဖမ်းဆီးရမိသော ဆင်(၆)ကောင်ကို တစ်ကောင်စီစီး၍ AD-1683 ကော ဇာသက္ကရာဇ်(၁၀၄၅)ခုနှစ် ပြာသိုလဆန်း (၁၄)ရက်နေ့တွင် ခန္တီးလုန် စတင်ထွက်ခွာရာ မိုးကောင်းမြို့တော် (မိန်းကောင်း)သို့ရောက်ရှိသောအခါ မိုးကောင်း စ၀်ဖှလုံကြီး၏မှူးမတ်များဖြစ်သည့် ဆိန်လုန်မိုနမ့်ကောင်း ဟေး၊ ဆိန်လုန်မိုနမ့်ကောင်းခမ်း၊ ဆိန်လုန်မိုနမ့်ပေမိုင်း၊ ဆိန်လုန်မိုနမ့်နွယ်တို့လေးဦးနှင့် တွေ့ဆုံညှိနိုင်းပြီး အကျိုးအကြောင်း တင်ပြလေသည်။
ထို့နောက်မိမိတို့ ယူဆောင်လာသော လက်ဆောင်ဘဏ္ဍာပစ္စည်းများဖြစ်သည့် ဆနပ်လိက်လိုင်းနှင့်ဆင် ခြောက်ကောင်နှင့်အတူ တပေါင်းလဆန်း (၁၄)ရက်နေ့တွင် မိုးကောင်းစ၀်ဖှလုံကြီး၏ ဟော်နန်းသို့ ၀င် ရောက်ပြီး စ၀်ဖှလုံဆေဟုမ်ခန်ဖှထံပါးသို့ အကျိုးအကြောင်းအစုံလင်ကို သံတော်ဦးတင် လျှောက်ထားတင် ပြကြလေသည်။ အထက်ပါအကြောင်းအရာများသည် ခန္တီးသျှမ်း သျှမ်းနီလူမျိုးတို့၏သမိုင်းအထောက်ထား ခိုင်လုံသည့် ဆင်ဖမ်းသမိုင်းလည်းဖြစ်တော့သည်။


တောဆင်ရိုင်းဖမ်းနည်းများ
- ကျုံးသွင်းဖမ်းခြင်း၊
- တုန်းစန့် သို့မဟုတ် မီလာရှီကာ (ကြိုးကွင်းပစ်ဖမ်းခြင်း)၊
- မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းခြင်း၊
- တည်ဆင်ဖြင့် ဖမ်းခြင်း သို့မဟုတ် မြူဆွယ်ဖမ်းဆီးခြင်း တို့ဖြစ်ကြပါသည်။-
တုန်းစန့် သို့မဟုတ် မီလာရှီကာ(ကြိုးကွင်းပစ်ဖမ်းခြင်း)၊ ဤဆင်ဖမ်းနည်းကို မြန်မာနိုင်ငံတွင် ခန္တီးသျှမ်း လူမျိုးတို့ ပထမဦးဆုံး လုပ်ဆောင်ခဲ့တာဖြစ်ပြီး ခန္တီးသျှမ်းနှင့်သျှမ်းနီလူမျိုးတို့၏ ရိုးရာဓလေ့လည်း ဖြစ်ပါ သည်။ ၎င်းသျှမ်းတိုင်းရင်းသားများသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်သို့သွားရောက် လေ့လာသင်ကြား၍ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

AD-1890 တွင် ခန္တီးသျှမ်းလူမျိုး စ၀်ဖမန်းအောင်(မန်နေ)သည် အသက်၁၈-၁၉ နှစ်အရွယ်ခန့်(၁၈၉၀ ပြည့် နှစ်)တွင် ၎င်း၏ဆွေမျိုးသားချင်း ခန္တီးသျှမ်းများရှိရာ အိန္ဒိယနိုင်ငံ အာသံပြည်နယ်သို့ သွားရောက်၍ မီလာရှီ ကာဆင်ဖမ်းနည်းကို လေးနှစ်တိုင်တိုင် လေ့လာသင်ကြားခဲ့သည်။
စ၀်ဖမန်းအောင်သည် ခန္တီးလုန်သို့ပြန်ရာက်ပြီး ထိုဆင်ဖမ်းနည်းဖြင့် ၎င်းကိုယ်တိုင် စ၀်ထိုနီ(လုပ်ငန်းရှင်)နှင့် ဖန်ဒီ(ဆင်ဖမ်းကျွမ်းကျင်သူ)အဖြစ်ဆောင်ရွက်ပြီး ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ အခြားသူများကိုလည်း သင်ကြားပြသပေးခြင်း ပြုလုပ်ခဲ့ရာမှ ခန္တီသျှမ်းများ ဤဆင်ဖမ်းနည်းကို တတ်မြောက်ကျွမ်းကျင်လာခြင်း ဖြစ်ပါသည်။

ဆင်ဖမ်းနည်းကို စောစောပိုင်းတွင် သျှမ်းဘာသာဖြင့် တုန်းစန့် ကြိုးကွင်းပစ်ခြင်းဟုသာ ခေါ်ဝေါ်ခဲ့သည်၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံတော်၏လမ်းညွန်မှုဖြင့် ဆင်ဖမ်းသမ၀ါယမ အသင်းကို ထူထောင် ၍ ဆင်ဖမ်းလုပ်ငန်းများကို ကျယ်ပြန့်စွာ တိုးချဲ့လုပ်ကိုင်လာသည်။ နောက်ပိုင်းတွင် မီလာရှီကာ ဝေါဟာရ အခေါ်အဝေါ်ကို သုံးစွဲလာပါသည်။ ဝေါဟာရမူရင်းမှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ကုလားလူမျိုးများ၏ ဘာသာစကားဖြစ်သည်၊ တောလိုက်မုဆိုးများ တောတောင်ထဲတွင် တောကောင်များကို နောက်မှလိုက်၍ ပစ်ခတ်ဖမ်းဆီးယူသကဲ့သို့ တောထဲတွင်ရှိနေသော တောဆင်ရိုင်းများကို နောက်မှလိုက်၍ လိုက်လံဖမ်းဆီး ယူခြင်းဟု အဓိပ္ပါယ်ရှိသည်။

ဤဆင်ဖမ်းနည်းသည် ကျုံးစနစ်ဖမ်းနည်းထက် အသက်အန္တရာယ် ပိုမိုများပြားပြီး ရဲရင့်စွန့်စားလုပ်ကိုင် ဆောင်ရွက်ရသော်လည်း လူအင်အားနှင့်ငွေကြေးအကုန်အကျမှာမူ ကျုံးဖမ်းနည်းထက် ပိုမိုသက်သာပါ သည်။ မီလာရှီကာကြိုးကွင်းပစ် ဆင်ဖမ်းနည်းမှာ ကွမ်ကီခေါ် အထူးသင်ကြားတတ်ကျွမ်းသော ဆင်ယဉ်ကို ဆိုင်ဖလာခေါ် ၀မ်းပတ်ကြိုး၊ ဆိုင်ကတ်ခေါ် သိုင်းကြိုးနှင့်ဆင်ဖမ်းကြိုးများ အပြည့်အစုံတပ်ဆင်၍ ဖန်ဒီခေါ် ဆင်ဖမ်းကျွမ်းကျင်သူက ဦးစီးလုပ်ပြီး မာအွတ်ခေါ် ဆင်ပဲ့ထိန်းသူက ဆင်အမြီးပိုင်းတွင် ထိုင်ကာ တောဆင် ရိုင်းများနောက်သို့ အပြေးလိုက်ပြီး မိမိလိုချင်သော တောဆင်ရိုင်း၏ဦးခေါင်းကို ဆိုင်ဖန်ခေါ် ဆင်ဖမ်းကြိုး ကွင်းဖြင့်ပစ်ကာ တောဆင်ရိုင်း၏လည်ပင်းကို စွပ်ဖမ်းခြင်းပင် ဖြစ်သည်။
ဆင်ဖမ်းကြိုးကိုလည်း မိမိတို့ကိုယ်တိုင် ၁၀လွန်း ၁၂လွန်းတင် ကျစ်ထားသောကြိုး အတောင်၂၀(သို့)၃၀ ကို ယူဆောင်သွားရသည်။ ထိုကြိုးကို မိုးမစို ရေမထိမိစေရန် သတိထား ထိန်းသိမ်းထားရသည်။ ဖမ်းမိသော ဆင်ကို အခြားဆင်များဖြင့် ညှပ်၍(သို့)တွဲ၍ ခေါ်ဆောင်လာပြီးနောက် ဇော်ပိုင်ခေါ် ဆင်ချော့တေးဖြင့် ရက်၂၀(သို့)၃၀ရက်ခန့် ချော့ရသည်။ ထို့အခါဆင်သည် ယဉ်ပါးလာ၍ လိုအပ်သလို ခိုင်းစေလို့ရသည်။ ထိုင်း နိုင်ငံတွင်မှု ဆင်၏အနောက်ခြေထောက်ကို ကြိုးကွင်းပစ်၍ ဖမ်းနည်းကို သုံးကြပါသည်။
ခန္တီးသျှမ်းနီတိုင်းရင်းသားတို့၏မီလာရှီကာဆင်ဖမ်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သော ခုနှစ်မှာ ၁၈၉၆-ခုနှစ် စ၀်ဖမန်းအောင်(မန်နေ)ဖြစ်ပါသည်။ ၎င်းသည် မြန်မာပြည်သို့ပြန်ရောက်သောအခါ အင်းတော်ကြီး ဆင်ဖမ်း နယ် လီဒိုလမ်း နောင်မီးဆင်စခန်း ဆောင်ရွက်ခဲ့ပါသည်၊ ၁၈၉၆ ခုနှစ် မတ်လ (၁)ရက်နေ့သည် အင်္ဂလိပ် အစိုးရက မန္တလေးမှမိုးကောင်းမြို့နယ်ထိ မီးရထားလမ်း ဖောက်လုပ် ရောက်ရှိသောနှစ်ဖြစ်ပါသည်၊ ထိုနှစ် တွင် စ၀်မန်းအောင်သည် သူ၏ဆင်ဖြင့် မီးရထားတွဲကို ဆွဲပေးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရှိရပါသည်၊
မီလာရှီကာဆင်ဖမ်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရန်မှာ စ၀်ထိုနီခေါ် လုပ်ငန်းရှင်တစ်ဦးသန့်သန့်(သိုမဟုတ်) စု ပေါင်း၍ဖြစ်ဖြစ် လုပ်ကိုင်နိုင်သည်။ လုပ်ငန်းပိုင်ရှင်က မိမိကိုယ်တိုင် ဆင်ဖမ်းခွင့်လိုင်စင် လျှောက်ထားရပြီး မိမိကိုယ်ပိုင်လိုင်စင် ဆင်ဖမ်းနယ်တွင် လုပ်ကိုင်နိုင်သည်။ ကိုယ်ပိုင်လိုင်စင် မရှိသော်လည်း သူတစ်ပါး၏ လိုင်စင်နယ်တွင် လုပ်ကိုင်နိုင်ပါသည်။ ဆင်ဖမ်းလုပ်ငန်းရှင်တစ်ဦးသည် အနည်းဆုံးအားဖြင့် ကွမ်ကီဆင် တစ်ကောင်၊ စခန်းစောင့် ဆင်တစ်ကောင်၊ ဖန်ဒီတစ်ဦး ဆင်လုပ်သား နှစ်ဦးသုံးဦးနှင့်လုပ်ငန်းရှင်အပါဝင် လူ ငါးဦးခြောက်ဦးနှင့်ဆင်နှစ်ကောင် လိုအပ်ပါသည်။
မိမိတတ်နိုင်လျှင် တတ်နိုင်သမျှ ကွမ်ကီဆင်များများ စခန်းစောင်များများထား၍လည်း လုပ်ကိုင်နိုင်ပါသည်၊ အကောင်းဆုံးမှာ အနည်းဆုံး ကွမ်ကီဆင်နှစ်ကောင်နှင့်စခန်းစောင့်ဆင်တစ်ကောင်ဖြင့် လုပ်သင့်ပါသည်၊ ကွမ်ကီဆင်တစ်ကောင်တည်းဆိုလျှင် တောထဲသို့ ဆင်ဖမ်းထွက်သည့်အခါ အခက်အခဲများ ကြုံတွေ့နိုင်ပါ သည်။ ကွမ်ကီဆင်နှစ်ကောင်ဆိုလျှင် တစ်ကောင်နှင့်တစ်ကောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်နိုင်သဖြင့် ပို အဆင်ပြေပါသည်။
ဆင်ဖမ်းရာသီအချိန်သည် ပွင့်လင်းခြောက်သွေ့ရာသီဖြစ်သည့် တန်ဆောင်မုန်းလမှတန်ခူးလ သို့မဟုတ် အောက်တိုဘာလ မေလအထိ ဖြစ်သည်၊ ဖန်ဒီ၊ မာအွက်၊ ဆင်လုပ်သားများနှင့် ကွမ်ကီဆင်အကူများ ငှား လျှင် ဆင်ဖမ်းရာသီအတွက် အခကြေးငွေများ တွက်ချက်ပြီး ငှားရမ်းရပါသည်၊ အင်္ဂလိပ်အစိုးရလက်ထက် ဖန်ဒီငှားခသည် တောဆင် လေးကောင် သို့မဟုတ် ငါးကောင် ဖမ်းဆီးရမိလျှင် ဖန်ဒီကိုတစ်ကောင်နှုန်းကျ ပေးရပါသည်။ အကယ်၍ ဆင်ဖမ်းရာသီကုန်ဆုံးသော်လည်း သတ်မှတ်သည့်ဆင်လေးကောင် ငါးကောင် မရလျှင် လုပ်ငန်းရှင်က တစ်ရာသီလုံး၏ရသမျှတန်ဖိုးလေးပုံတစ်ပုံကို ဖန်ဒီကို ပေးရသည်။ မာအွတ်နှင့် ကျန်ဆင်လုပ်သားများကိုမူ တစ်ရာသီလုံးတွင် ရရှိသည့်အမြတ်ပေါ် မှုတည်ပြီး ငွေဖြင့်သတ်မှတ် ပေးချေရ သည်၊ ဆင်စခန်းသိမ်းပြီးနောက် လုပ်ငန်းရှင်နှင့်အတူ အမာခံအဖြစ် ဆင်များကို ဆက်လက်ထိန်းသိမ်းပေး သူများကိုမှု ဆင်ဖမ်းရာသီ သုံးနှစ်လျှင် တစ်ကြိမ် ဆင်တစ်ကောင်ကျ အဖိုးအခအဖြစ် ပေးရသည်။ ဖန်ဒီ၊ မာအွတ်နှင့် ဆင်လုပ်သားများအားလုံး စားစရိတ် အ၀တ်အထည်နှင့်ဆေးဝါးကုန်ကျစရိတ်အားလုံးကို လုပ် ငန်းရှင်က တာဝန်ယူကျခံရပါသည်။
ကွမ်ကီဆင်ငှါးခမှာ လွတ်လတ်ရေးရခါစအချိန်တွင် ငွေကြေးဖြင့်ပေးလျှင် ဆင်ဖမ်းတစ်ရာသီအတွက် ကျပ်-၅၀၀ မှ ၁၀၀၀ အထိပေးရပြီး ဆင်ဖြင့်ပေးရလျှင် ဆင်ဖမ်းရာသီ နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် ဆင်တစ် ကောင်ကျပေးရသည်၊ နှုန်းပေးရသည် အချို့လုပ်ငန်းရှင်များက တောဆင်ရိုင်းတစ်ကောင် ဖမ်းမိတိုင်း ဖန်ဒီကို ၂၅ ကျပ်၊ မာအွတ် ၅ ကျပ်စသည်ဖြင့် အပိုဆုကြေးအဖြစ် ချီးမြှင့်ငွေများပေးသည်။
ကွမ်ကီဆင်သည် ဟိုင်းဆင်၊ ဟံဆင်နှင့်ဆင်မများ အကောင်းဆုံးဖြစ်သည်။ စွယ်စုံနှင့်တည်များကိုလည်း သုံး၍ရသော်လည်း အစွယ်ရှည်ကြီးများ ပါနေသဖြင့် တောဆင်များ ကြောက်လန့်တတ်၍ အနားကပ်မခံ ကြပေ၊ ဟိုင်းဆင်နှင့်ဟန်ဆင်တို့မှာ ပြင်ပအမြင်အားဖြင့် ဆင်မနှင့်တူပြီး အင်အားမှာ စွယ်စုံဆင်နှင့် ဆင်မ ထက် ပိုမိုအားကောင်းသဖြင့် ပိုမိုကောင်းမွန်အားထားရသည်၊ ကွမ်ကီဆင်ဖြစ်ရန်မှာ နဂိုမူလကပင် အကျင့် စိတ်နေစိတ်ထားကောင်း၍ အားကိုးအားထားရသော ဆင်များကို ရွေးချယ်ပြီး ဆင်ဖမ်းလုပ်ငန်းတွင် အသုံး ပြုခိုင်းစေရင်း အထူးသင်ကြား၍ တတ်ကျွမ်းလာခြင်း ဖြစ်သည်။ သို့သော် ကျွမ်းကျင်ခြင်းနှင့်ပို၍အားကိုး အားထားရခြင်းများကား တစ်ကောင်နှင့်တစ်ကောင် တူညီခြင်းမရှိပေ။ ထို့ကြောင့် ငှားခပေးရသည်မှာလည်း ကျွမ်းကျင်ခြင်းနှင့်အားထားရခြင်းများကို လိုက်ပြီး ငွေကြေး ပို၍ပေးရပါသည်။
အင်္ဂလိပ်လက်ထက်တွင် တောဆင်တစ်ကောင် ဖမ်းမိလျှင် ၎င်းဆင်ကို အနည်းဆုံးနှစ်ကြိမ် သို့မဟုတ် သုံး ကြိမ် ဆင်၏အရပ်အမြင့်ကို တိုင်းတာပြီး အခွန်ငွေကောက်ယူ၍ ချလန် ငွေရပြေစာကို ထုတ်ပေးသည်။ အရပ် ၅ ပေရှိသောဆင်ကို ပထမအခွန် ဒင်္ဂါး ငွေ၂၅ ကျပ်၊ ဒုတိယအခွန် ၅၀ ကျပ်ပေါင်း ၇၅ ကျပ် အရပ်မြင့် ၆ပေရှိသောဆင်ကို ပထမ ၅၀ ကျပ် ဒုတိယ ၇၅ ကျပ်ပေါင်း ၁၂၅ ကျပ်၊ စသည် စတိုးစတိုး ကောက်ခံ သည်။

ပထမဦးဆုံး စ၀်ဖမန်းအောင်( မန်နေ)၊ ဒုတိယ စ၀်ဖရွှေနာ (မန်စေ)၊ တတိယ စ၀်ဖဆောင့်မိန်း၊ စ၀်ဖအန်စု (မုန်းလန်း)နှင့်ညီအစ်ကိုများ စတုတ္ထ စ၀်ထိန့်(မန်ပန်)၊ ပဉ္စမ စ၀်နွဲ့ဟွမ်(မန်စေ) တို့ဖြစ်ကြသည်။ နောက်ပိုင်း တွင် လူတော်တော်များများ ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုဆောင်ရွက်ခဲ့ကြသည်။ စ၀်ဖမန်းအောင်သည် ဆင် ဖမ်းလုပ်ငန်းကို လုပ်ကိုင်ရင်း ဆင်စားကျက်ကောင်းမွန်သောနေရာများတွင် ရွာများ တည်ခဲ့သည်။ ၎င်းတည် ခဲ့သောရွာများမှာ မန်စေတုန်၊ ကာမိုင်းမြို့နယ်၊ နမ့်ဟိုင်ရွာအနီးနှင့်ဂျပန်ခေတ်နောက်ပိုင်းတွင် မိုင်းကောင်း မြို့နယ် ညောင်ကုန်းရွာကို တည်ခဲ့သည်။ ခန္တီးမြို့နယ် လိုင်စိုင်ရွာတွင် လယ်တစ်စား ဖော်ခဲ့ကြောင်း သိရှိရ သည်။ ၎င်းသည် သတ္တိကောင်းသူ ဖြစ်သည့်အပြင် အရပ်အမောင်းကောင်းပြီး ခွန်အားဗလလည်း ကောင်း သူဖြစ်သည်။ ၁၉၅၉ ခုနှစ် အသက် ၈၁ နှစ်တွင် ၎င်းတည်ထောင်ခဲ့သော ညောင်ကုန်းမြို့တွင် ကွယ်လွန်ခဲ့ သည်။

စိုင်းအောင်(ချင်းမိုင်)

No comments:

Post a Comment