Popular Posts

Wednesday, July 31, 2013

သီပေါ၏ပညာမိခင်ကြီး (သို့မဟုတ်) ဒေါ်စောမျိုးစစ်


Img00000.jpg    ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဟာ ထင်ရှားကျော်ကြားပြီး ပညာတတ်တွေ ပေါ်ပေါက်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ ပညာတတ်မျိုးဆက်သစ်တွေ၊ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ပေါ်ပေါက်ပြီး လူ့လောကအကျိုးပြုနိုင်ဖို့အတွက် မေတ္တာစေတနာကြီးမား စွာ ကြိုးပမ်းမွေးထုတ်ပေးခဲ့သူ သီပေါရဲ့ပညာမိခင်ကြီးကတော့ ဆရာမကြီးဒေါ်စောမျိုးစစ်ပဲ ဖြစ်ပါတယ်။ ပညာ့ဥယျာဉ်မှူးဆရာ မကြီးအနေနဲ့ အမျိုးမှန် အဖိုးတန်တဲ့ရနံ့သင်းသင်းရောင်စုံအလှပန်းခင်းတို့ ဖူးပွင့်ဝေဆာအောင် ရင်နှင့်အမျှ ပြုစုပျိုးထောင်ခဲ့တာ ပါ။ ပညာရတနာအမွေအနှစ်များကို ကုန်စင်အောင် ပေးဝေတဲ့ဥယျာဉ်မှူးမိခင်ကြီးတစ်ဦးပါပဲ။ သီပေါရဲ့မျိုးဆက်သစ်များစွာအထိ မွန်မြတ်တဲ့ပညာဒါနကို ဖြန့်ဝေပေးနေဆဲပါ။

    ပညာရေးကို မိမိကိုယ်တိုင် မြတ်နိုးချစ်ခင်သလို တပည့်များနဲ့တပည့်တွေရဲ့သားသမီးမြေးမြစ်တွေအထိ ပညာအမွေ အနှစ်ပေးဝေခဲ့၊ ပေးဝေဆဲ၊ ပေးဝေသွားနေမယ့်သီပေါရဲ့ကျေးဇူးရှင်မိခင်ကြီးတစ်ဦး ဖြစ်ပါတယ်။

    ဒီလို အလွန်ချစ်ခင်လေးစားအပ်တဲ့သီပေါရဲ့ပညာမိခင်ကြီးကို သီပေါမဂ္ဂဇင်းက အထူးဂုဏ်ပြုကန်တော့ရင်း ဖော်ပြနိုင် ဖို့ ကြိုးပမ်းစီစဉ်ခဲ့ပါတယ်။ ကြိုတင်ပြီး တွေ့ဆုံတင်ပြလို့ တလေးတစား ခွင့်ပြုချက်လည်း တောင်းခံခဲ့ပါတယ်။

    ဒေါ်စောမျိုးစစ်(ခ)စ၀်မျိုးဆက်ကို ၁၉၁၇-ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ သီပေါမြို့ ရွာသစ်ကျေးရွာတွင် မွေးဖွားခဲ့ ပါတယ်။ မြို့ဝန်ကြီးစ၀်ခွန်မြတ် ဒေါ်နန်းနွဲ့တို့ရဲ့တစ်ဦးတည်းသော သမီးရတနာဖြစ်ပါတယ်။ အသက်(၅)နှစ်အရွယ်မှာ သီပေါ မြို့ ဓမ္မာရုံရှေ့က မြန်မာကျောင်းတွင် ပညာစတင်သင်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး အသက်(၉)နှစ်မှ အသက်(၂၀)အထိ မေ မြို့(ယခုပြင်ဦးလွင်)(St. Joseph’s Convent)ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။

    ၎င်းနောက် ၁၉၃၇-ခုနှစ်မှ ၁၉၄၁-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်အင်းလျားဆောင်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၎င်း တက္ကသိုလ်မှာ ၁၉၄၅-ခုနှစ်တွင် ဘီအေဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၉၆-ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အထိမ်းအမှတ် အ သက်(၇၅)နှစ်အထက် ကျောင်းသားကျောင်းသူဟောင်းကြီးများအတွက် ကျင်းပရေးဦးစီးကော်မတီနာယကရဲ့ဂုဏ်ပြုလွှာနဲ့အ မှတ်တရပစ္စည်းများကို တာဝန်ရှိသူများက ကိုယ်တိုင်လာရောက် ပေးပို့သဖြင့် လက်ခံရရှိပါတယ်။

    ဆရာမကြီးဟာ ၁၉၄၈-ခုနှစ်ကစပြီး သီပေါမြို့၊ အစိုးရအထက်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် စတင်ထမ်း ဆောင်ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီးအဖြစ် မထမ်းဆောင်မီ ၁၉၄၆-ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့မှာ သီပေါမူလတန်း ကျောင်းတွင် အင်္ဂလိပ်စာဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး ပညာရေးလောကသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီး သီပေါအစိုးရ အထက်တန်းကျောင်းအုပ်ဆရာမကြီး တာဝန်ထမ်းဆောင်ရင်း ၁၉၇၆-ခုနှစ်ကျမှ အငြိမ်းစားယူခဲ့ တာမို့ မျိုးဆက်တစ်ဆက်မက ပညာရေးအမွေ ပေးဝေသင်ကြားနိုင်ခဲ့တဲ့မိခင်ကြီးတစ်ဦးပါ။

    ပညာလိုလားတဲ့ပညာမိခင်ကြီးဟာ ၁၉၅၃-၅၄ ခုနှစ်မှာ အင်္ဂလန်ကို ပညာတော်သင်သွားခဲ့ရပါသေးတယ်။ ဆရာမကြီး (British Council Scholar)အဖြစ် ပညာသင်သွားခဲ့ရခြင်းပါ။ ပညာထူးချွန်တဲ့ဆရာမကြီးဟာ (London)တက္ကသိုလ်က (Diploma in the Teaching of English as a foreign Language)ပညာသင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
    ဆက်လက်ပြီး ဆရာမကြီးဟာ အင်္ဂလန်နိုင်ငံ ဝေလနယ်မှာ ဝေလကျောင်းသူကျောင်းသားများကိုလည်း (၂)လကြာမျှ အင်္ဂလိပ်စာများ သင်ကြားပေးခဲ့ရပါသေးတယ်။ ဆရာမကြီးဟာ အင်္ဂလိပ်စာ အရေးအဖတ်နဲ့အင်္ဂလိပ်စကားပြောမှာ ထူးချွန် ထက်မြက်ပြီး အဆင့်အတန်းပြည့်မီတဲ့ပါရမီရှင်ဆရာမကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကျော် အီတာလျံဗုဒ္ဓဘာသာဘုန်း တော်ကြီးဦးလောကနာထ ၁၉၆၀-ပြည့်လွန်နှစ်များက သီပေါမြို့သို့ ကြွရောက်ပြီး တရားဟောကြားစဉ် ဆရာမကြီးနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပါတယ်။ ယခုတိုင်လည်း သီပေါမြို့သို့ အလည်အပတ် ရောက်ရှိခဲ့ကြတဲ့ နိုင်ငံခြားသား(တိုးရစ်)များမှာ ဆရာမကြီး ကို လာရောက်တွေ့ဆုံပြီး ဘာသာရေး၊ လူမှုရေးအကြောင်းများကို မေးမြန်းလေ့လာကြကြောင်း တွေ့ရပါတယ်။

    ဆရာမကြီးဟာ ပညာရေးလုပ်ငန်းများအပြင် တစ်ဖက်မှ ဂီတအနုပညာရပ်များကိုလည်း မြတ်နိုးစွာ စိတ်ဝင်စားမှုရှိပါ တယ်။ တယောကို ကျွမ်းကျင်နိုင်နင်းစွာ ထိုးတတ်ပါတယ်။ ဂန္ထ၀င်မြောက် သီချင်းကြီးသီချင်းခန့်များကိုပါ ရေးဖွဲ့သီဆိုနိုင်တဲ့ ပါ ရမီရှင်တစ်ဦး ဖြစ်နေပြန်ပါတယ်။

    ဆရာမကြီးအနေနဲ့ သီပေါကျောင်းအုပ်ဆရာမကြီးဘ၀မှ အငြိမ်းစားယူခဲ့ပြီးနောက်ပိုင်း ယခုအချိန်အထိ ပညာလိုလား တဲ့လူငယ်လူရွယ်များနဲ့ ရဟန်းတော်များကိုပါ တစ်နေ့လျှင် (၈)ကြိမ်မျှ အလွတ်ပညာသင်ကြားပေးပါတယ်။ (Grammar, Speaking, Phonetics)စသည်တို့ကိုလည်း စနစ်တကျ သင်ကြားဖြန့်ဝေနေလျက်ရှိတာ တွေ့မြင်ရပါတယ်။

    ဆရာမကြီးဟာ ရတနာသုံးပါး ကိုင်းရှိုင်းရိုသေပြီး စိတ်ထားပြည့်ဝတဲ့လူချစ်လူခင်များသူ ဆရာမကြီးတစ်ဦးပါ။ နှလုံးလှ ပြီး ပညာစေတနာကြီးမားလှတဲ့ပညာရှိသူတော်ကောင်းမကြီးအနေဖြင့် အထက်တန်းလွှာအမျိုးအနွယ်မှ ပေါက်ဖွားဆင်းသက် လာသူ ဖြစ်ပေမယ့် လုံးဝမာန်မာနမထား။ အဆင့်အတန်းခွဲခြားမှုမရှိ။ အစဉ်တည်ငြိမ်အေးမြစွာ ဆက်ဆံပြောဆိုတတ်ပြီး ပြုံးချို သောမျက်နှာ၊ ချိုသာသောသိမ်မွေ့စကား၊ ထက်သန်ကြီးမားသောမေတ္တာစေတနာရှင်တစ်ဦးအဖြစ် သက်တမ်းတစ်လျှောက်လုံး လက်တွေ့ကျင့်သုံးလာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

    ဆရာမကြီးအနေနဲ့ ပညာရေးနဲ့ပတ်သက်လာရင် လူမျိုးဘာသာဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး တန်းတူမေတ္တာ ထား ဆက်ဆံပြီး ပညာအမွေအနှစ်များကို ကိုယ်ရောစိတ်ပါ လက်ဆင့်ကမ်း မျှဝေသင်ကြားခဲ့သူပါ။ ဆရာမကြီးအနေနဲ့ ဗုဒ္ဓဘာ သာကို သက်ဝင်ယုံကြည်ကိုးကွယ်သော်လည်း မိမိထံရောက်ရှိလာသမျှ တပည့်အပေါင်းကိုတော့ ဘာသာလူမျိုးခွဲခြားမှုမထားပဲ အားလုံးကို သားသမီးအရင်းအချာပမာ နွေးထွေးကြည်ဖြူစွာ ဆက်ဆံခဲ့ပါတယ်။

    များစွာသော တပည့်မျိုးဆက်အပေါင်းတို့ဟာ ဆရာမကြီးရှေ့မှောက်ကို ရောက်ပါက ဆရာမကြီးရဲ့မေတ္တာရိပ်အောက် မှာ သားသမီးတွေ ဖြစ်ကုန်ကြပါတယ်။ ယခုလို ပညာဂုဏ် မေတ္တာစေတနာအဟုန်ကြီးမားခဲ့တဲ့ ကျေးဇူးရှင်ပညာမိခင်ကြီးကို အမှူးထားကာ သီပေါမြို့နယ်စာပေစာနယ်ဇင်းအဖွဲ့က ၁၃၅၈-ခုနှစ်၊ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် မြို့တော်ခန်းမမှာ အ ထူးဂုဏ်ပြုပူဇော်ကန်တော့ခဲ့ကြပါတယ်။ တပည့်ဟောင်းများဦးစီးလို့ ဆရာမကြီးနှင့်အတူ ဆရာမကြီးဒေါ်ပြည့်၊ ဆရာမကြီးဒေါ် သိန်းနုတို့ကိုလည်း အာစရိယပူဇော်ပွဲများအဖြစ် ၁၉၈၀-ပြည့်နှစ်တွင် တစ်ကြိမ်၊ ၁၉၈၈-ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင် တစ်ကြိမ်၊ ခမ်းနားသိုက်မြိုက်စွာ မမေ့မလျော့ အထူးဆင်ယင်ကျင်းပခဲ့ကြပါတယ်။

    အထက်ပါ အာစရိယပူဇော်ကန်တော့ပွဲများအားလုံးမှာ ဆရာမကြီးဒေါ်စောမျိုးစစ်က အလွန်တန်ဖိုးရှိပြီး တစ်သက်တာ လေးစားလိုက်နာကျင့်သုံးအပ်တဲ့ဆုံးမသြ၀ါဒစကားများကို ချီးမြှင့်ပြောကြားခဲ့ပါတယ်။

    ယခုအခါ ဆရာမကြီးအသက်(၈၁)နှစ်ရှိပြီ ဖြစ်ပါတယ်။ ယခုအသက်အရွယ်အထိ ရတနာသုံးပါးဆည်းကပ်လျက် အ များအပေါ် မေတ္တာထားလျက် ပညာရွှေအိုးလူမခိုး ဆိုသည့်အတိုင်း မွန်မြတ်သန့်စင်တဲ့ပညာအမွေအနှစ်များကို ကြီးမားသော မေတ္တာစေတနာများနဲ့မျိုးဆက်သစ်များသို့ ဖြန့်ဝေပေးနေလျက်ရှိပါတယ်။

    သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်၊ သရဖီလမ်း၊ အမှတ်(၁၂၆-က)မှာ အေးချမ်းစွာနေထိုင်ရင်း ပညာပြည့်ဝ နှလုံးလှ စွာ ပညာအမွေအနှစ်များ ပေးဝေခဲ့၊ ပေးဝေနေဆဲဖြစ်သော သီပေါရဲ့ပညာမိခင်ကြီး ဆရာမကြီးဒေါ်စောမျိုးစစ်အား သီပေါမဂ္ဂ ဇင်းအဖွဲ့မှ အထူးဂုဏ်ပြုဖော်ပြလိုက်ရပါတယ်။ ပညာစေတနာမွန်ဖြင့် လောကအလှဆင်နေသော ကျေးဇူးရှင်ဆရာမကြီး ကျန်း မာရွှင်လန်းလို့ အသက်ရာကျော်ရှည်ပြီး တပည့်အပေါင်း၏အာစရိယပူဇော်ပွဲများကို အကြိမ်ပေါင်းများစွာ ခံယူဆင်နွှဲသွားနိုင်ပါ စေ။

ကန်တော့ပန်းဆင်လျက်...
စိုင်းညီညီလတ်


မှတ်ချက်...
ဤဆောင်းပါးကို ပြန်လည်စာစီစာရိုက်ချိန်တွင် ဆရာမကြီးသည် အသက်(၉၅-၉၆)လောက် ရှိနေပြီဖြစ်ပါသည်။ ကျန်းမာရေး အနည်းငယ် ညံ့သည်မှအပ ချမ်းသာစွာ နေထိုင်လျက်ရှိပါသည်။




မှတ်ချက်။    ။၁၉၉၉-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် သီပေါမဂ္ဂဇင်း စာမျက်နှာ(၄၅ မှ ၄၇ ထိ)၌လာရှိသောဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment