Popular Posts
Wednesday, July 31, 2013
ရှမ်းခမောက်
ရှမ်းခမောက်
(အောင်စည်ဟိန်း)
    အမိမြန်မာပြည်၏တိုင်းရင်းသားသွေးချင်း ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့်ရှမ်းခမောက်လေး များသည် ရှမ်းအမျိုးသမီးလေးများ၏ပင်ကိုယ်သဘာဝအလှအား ပိုမိုပီပြင်ပေါ်လွင်စေသည့်ပြင် လူမှုအဆင့်အတန်း မခွဲခြားဘဲ အသုံးပြုနိုင်ပေသည်။
    ပိုး၊ ဖဲ၊ ကတ္တီပါအဖိုးတန်ပိတ်စများဖြင့် ပြုလုပ်ရသည့်ခမောက်များထက် ပိုမိုခိုင်ခံ့ပြီး ထူးထူးခြားခြား ဆန်းဆန်းသစ်သစ် ကြီးလည်း မဟုတ်စေကာမူ မည်သည့်အခါမျှ မရိုးနိုင်သော ပစ္စည်းဖြစ်သည်။ ၀တ်စားပြင်ဆင်မှု အရောင်အသွေးများကိုလည်း မခွဲခြားဘဲ မည်သည့်အရောင်အသွေးနှင့်မဆို သင့်တော်ကောင်းမွန်ပေသည်။ ပြုလုပ်ရသည့်ကုန်ကြမ်းပစ္စည်းများမှာလည်း ပြည်တွင်းဖြစ်များဖြစ်ပြီး အကုန်အကျနည်းပါးစွာဖြင့် အသုံးပြုနိုင်ပေသည်။
    ရှမ်းခမောက်ကလေးများသည် ရာသီဥတု၏အပူအအေးကိုလည်း မျှတသင့်တော်စေသည့်ပြင် အချိန်ရာသီမရွေး ဥတု သုံးပါး အသုံးပြုနိုင်ပေသည်။ ယင်းသို့ အဖက်ဖက်မှ သင့်တော်ကောင်းမွန်၍ ရိုးရာယဉ်ကျေးမှုပစ္စည်းတစ်မျိုးလည်း ဖြစ်သော ရှမ်းခမောက်လေးများအား ရှမ်းအမျိုးသမီးများတိုင်းက အမြတ်တနိုး အသုံးပြုကြလေသည်။ နောက်ဆုံး စက်ဘီးစီးရာတွင်ပင် သင့်တော် ကောင်းမွန်စွာ အသုံးပြုနိုင်သည့်အတွက် ရှမ်းအမျိုးသမီးများက နှစ်သက်စွာ အသုံးပြုကြခြင်းပင် ဖြစ်လေသည်။
    ၎င်းရှမ်းခမောက်အား ရှမ်းဘာသာဖြင့် “ကွပ်မ်ယော”ဟု ခေါ်လေသည်။ ယင်းရှမ်းခမောက်များထွက်ရှိရာဒေသသည် ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် “မိုင်းနောင်နယ်” ဖြစ်လေသည်။ ထို့ကြောင့် မိုင်းနောင်နယ်သည် ရှမ်းခမောက် “ကွပ်မ် ယော”ထွက်ရှိရာ အချက်အခြာမြို့ပင် ဖြစ်လေသည်။
    ရှမ်းဘာသာ၏အခေါ် မိုင်းနောင်အား မြန်မာဘာသာသို့ ပြန်ဆိုလျှင် “ကန်မြို့”ဟုအဓိပ္ပါယ်ရလေသည်။ မိုင်းနောင်နယ် သို့မဟုတ် ကန်မြို့နယ်သည် ပင်လယ်ရေပြင်မှ အမြင့်ပေပေါင်း ၃၀၉၅-ပေအမြင့်တွင် တည်ရှိပေသည်။ မိုင်းနောင်၏ခရိုင်မြို့ ဖြစ်သောလွယ်လင်မြို့နှင့်မိုင်ပေါင်း ၇၈-မိုင်ကွာဝေးလေသည်။ မိုင်းနောင်နယ်မှ ကားလမ်းခရီးဖြင့် သွားနိုင်သောမြို့များမှာ မိုင်းရှူး၊ ၀မ်စိမ်း၊ မိုင်းမွန်၊ လဲချားနှင့်ကေစီမံမြို့များ ဖြစ်ကြလေသည်။ ယခုဆိုလျှင် လူနေထူထပ်လာကာ စည်ကားသောမြို့ပြ တစ်ခု ဖြစ်နေပြီဖြစ်လေသည်။
    မိုင်းနောင်နယ်သည် ရှမ်းခမောက်များအပြင် အမျိုးသမီးအသုံးအဆောင် လက်ကိုင်အိတ်များကိုလည်း တီထွင်ရက်လုပ် လျက်ရှိရာ အောင်မြင်စွာ ထုတ်လုပ်လျက်ရှိလေသည်။ မိုင်းနောင်နယ်တွင် “ရှမ်းခမောက်အစ ဖာလိုင်းက”ဟုဆိုစမှတ်ပြုကြလေ သည်။ ဖာလိုင်းအား မြန်မာဘာသာပြန်ဆိုလျှင် “ထရံကြားရွာ”ဟုအဓိပ္ပါယ်ရလေသည်။ မိုင်းနောင်နယ်သည် ထရံအလှရက်ရာ တွင် အထူးကျော်ကြားသောနယ်ဖြစ်လေရာ ယင်းကို အစွဲပြု၍ ခေါ်ယူလာသောအမည်ဖြစ်လေသည်။ ထရံကြားရှိ လက်မှုပညာ  ပြောင်မြောက်သော လက်မှုအတတ်ပညာရှင်များ၏တီထွက်ရက်လုပ်မှုကြောင့် အမျိုးသမီးတိုင်း မြတ်နိုးသည့်ရှမ်းခမောက်လေး များ စတင်ပေါ်ပေါက်လာခဲ့သည်။
အသေးစိတ် ပြုလုပ်ပုံ
    ရှမ်းခမောက် ရက်လုပ်ရသည့်ဝါးမျိုးသည် အသားပါးလွှာ၍ အဆစ်များကျဲသော ၀ါးတစ်မျိုးဖြစ်လေသည်။ ၎င်းဝါးမျိုး သည် “မိုင်းနောင်”နယ်တစ်ဝိုက်တွင်သာ အများဆုံးပေါက်ရောက်၍ အခြားဒေသတွင် အထူးရှားပါးသောဝါးပင်မျိုးဖြစ်လေ သည်။ ဤ၀ါးပင်မျိုးသည် လှပသော ၀ါးပင်လေးများဖြစ်ပြီး အရွက်များမှာ အဖျားခပ်ချွန်ချွန် ခပ်ဖားဖားရှိသည်။ ယင်းဝါးရုံပင်များ မှာလည်း တစ်ပင်နှင့်တစ်ပင် ခပ်ကွာကွာ ခပ်ကျဲကျဲသာ ပေါက်လေ့ရှိသည်။
    ယင်းဝါးပင်မျိုးမှ ၁။ ရင့်ခြင်း၊ ၂။ ဖြောင့်တန်းညီညာခြင်း၊ ၃။ အနာအဆာ ကင်းလွတ်ခြင်းတည်းဟူသော အင်္ဂါရပ်များ နှင့်ပြည့်စုံသောဝါးမှ ရှမ်းခမောက် ရက်လုပ်ရာတွင် သင့်တော်ကောင်းမွန်လေသည်။ အထက်ပါအင်္ဂါရပ်များနှင်ညီညွှတ်သင့် တော်သော ၀ါးကို အလျင်ဆုံး ရှာဖွေရလေသည်။
    ရှာဖွေ၍ လိုအပ်သော ၀ါးပင်မျိုးတွေ့ရှိသည့်အခါ ခုတ်လှဲရာတွင်၎င်း၊ သယ်ယူရာတွင်၎င်း၊ အနာအဆာ တစ်စုံတရာ ထိခိုက်မှုမရှိရလေအောင် အထူးဂရုစိုက်စီစဉ်ဆောင်ရွက်ရလေသည်။ ထို့ကြောင့် ရှမ်းခမောက်ပြုလုပ်ရန် ၀ါးများကို သယ်ယူရာ တွင် အခြားအိမ်ဆောက်ကိရိယာလူသုံးကုန်ပစ္စည်းများ ပြုလုပ်သည့်ဝါးများကို သယ်ယူသကဲ့သို့ အများအပြားစုစည်း၍ ကျွဲ၊ နွား၊ တိရစ္ဆာန်များဖြင့် ဆွဲခြင်း၊ လှည်းဖြင့် တင်ယူပို့ဆောင်စေခြင်းများကို ရှောင်ကြဉ်ရလေသည်။
    ရှမ်းခမောက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ အစဉ်အဆက် ရက်လုပ်စားသောက်နေသူများတွင် အရင်း အနှီးကင်းမဲ့၍ မိမိကိုယ်တိုင်လုပ်အားသက်သက်ကိုသာ အဓိကထား ပြုလုပ်ရသူနှင့်အရင်းအနှီးရှိသော်လည်း အသေးစိတ်မပြု လုပ်နိုင်သူများဟူ၍ နှစ်မျိုးခွဲခြားပါဝင်ကြလေသည်။ ယင်းအပိုင်းနှစ်ပိုင်းအနက်မှ မည်သည့်အပိုင်းက ပါဝင်ပြုလုပ်သည်ဖြစ်စေ မိုင်းနောင်နယ်၏ရှမ်းခမောက်လုပ်ခြင်း အတတ်ပညာပြန့်ပွားရာ ရေသောက်မြစ်အဖြစ် နှစ်ပိုင်းစလုံးမှ လုပ်ငန်းရှင်များ ပါဝင်ကြ ရလေသည်။ ယခုအခါ မြို့ပြများပေါ်တွင်ပင် ယင်းရှမ်းခမောက်များကို ကျယ်ကျယ်ပြန့်ပြန့် ရက်လုပ်လာပြီဖြစ်သည်။ မြို့ပေါ်မှ လုပ်ငန်းရှင်များအဖို့မူ ၀ါးများကို တစ်ဆင့်ဝယ်ယူရလေသည်။ ရက်လုပ်မှု အတတ်ပညာကိုလည်း တောသို့ဆင်းသင်ယူရလေ သည်။
ပြုလုပ်ပုံ
    ရှမ်းခမောက် ရက်လုပ်ရန်အတွက် အသင့်တော်ဆုံးဝါးများကို ရရှိသည့်အခါ အဆစ်များကို ခုတ်ပယ်၍ ရေစိမ်ထားရလေ သည်။ ရေစိမ်ပြီး၍ ခွဲရန် အသင့်ဖြစ်သောအခါမှ ၀ါးခြမ်းများခွဲစိတ်၍ ခွဲစိတ်သည့်အခါ လိုအပ်သည့်အနေအထား အရွယ်အစား ရရှိစေရန် သေသေချာချာ ခွဲစိတ်ရ၏။ ယင်းသို့ခွဲစိတ်ပြီးသော ၀ါးခြမ်းငယ်လေးများကို ၀ါးကြောသင်ယူ၍ နန်းဆွဲကာ အချော သပ်ရလေသည်။ သို့အဆင့်ဆင့်ပြုလုပ်ရသည့်လုပ်ငန်းများတွင် ဓားထက်မြက်ရန် အထူးလိုအပ်လှပေသည်။ ဓားတုံးလျှင် မည် မျှပင် လူကကျွမ်းကျင်သော်လည်း ၀ါးများ ပျက်စီးတတ်လေသည်။
    ဤသို့ ၀ါးကြောမျှင်အထက်လွှာ အောက်လွှာ ထပ်ဆင့်ပြုလုပ်ထားသော ရှမ်းခမောက်နှစ်ဖက်စလုံး အချောဖြစ်သဖြင့် “နှစ်ဖက်လှ”ဟုခေါ်လေသည်။
    ရှမ်းခမောက်တစ်ချပ်အား အပိုင်းအခြားအဖြစ် ခွဲခြားလျှင်-
(၁)    ၀ါးကြောလွှာအပေါ်ဆုံးထပ်၊
(၂)    ၀ါးအသားဖြင့် ပြုလုပ်ထားသော ဒုတိယအလွှာ အလယ်ထပ်၊
(၃)    ၀ါးအကြော (သို့မဟုတ်) ပိုး၊ ဖဲ၊ ကတ္တီပါ၊ ပိတ်စ အမျိုးမျိုးတို့ဖြင့် ပြုလုပ်နိုင်သော အောက်ဆုံးအလွှာဟူ၍ ပိုင်းခြာဆစ် ကန့်၍ ထားနိုင်ပေသည်။ သို့သော် အသေးစိတ် ထပ်မံ၍ ခွဲခြားကြည့်မည်ဆိုလျှင် ၀ါးအသားများဖြင့် ရက်လုပ်ထားသောအလယ် လွှာသည် နေရာလပ်မရှိပဲ အသားသုံးထပ်ရှိသောနည်းဖြင့် ရက်လုပ်ထားသဖြင့် အထပ်ကလေးငါးထပ် ရှိသေး၏။ ဤသို့ အ လယ်ထပ်များအား အဆင့်ဆင့် ရက်လုပ်ထားခြင်းသည် ခမောက်တစ်ခုလုံး တောင့်တင်းခိုင်မာရန်နှင့်အပူဒဏ်အား ကာကွယ် နိုင်ရန်အတွက် ဖြစ်လေသည်။
    ရှမ်းခမောက်တွင် ခေါင်ချိုးခြင်းနှင့်အရေးကြီးဆုံးသောလုပ်ငန်းများ ဖြစ်ကြ၏။ အနားကွပ်ရာတွင် သေသပ်မှုမရှိလျှင် ပျက်စီးလွယ်သည်။ အနားကို အပ်ချည်နှင့်ထိန်းကွပ်ရသည်။ ထိန်းကွပ်သည့်အခါ ရိုးရိုးဝါးအသားဖြင့် ရက်လုပ်သောအလယ်ထပ် အား သူ့ချည်းသက်သက်တစ်ကြိမ် ထိန်းကွပ်ရလေသည်။ ထို့နောက် ၀ါးကြောအပေါ်ထပ်၊ သို့မဟုတ် နှစ်သက်ရာအစများကို စုပေါင်း၍ တစ်ကြိမ်ထိန်းကွပ်ရလေသည်။
    ထိန်းကွပ်ရာတွင် တစ်လမခွဲရှိသော ပိတ်စအား ခမောက်၏အနားစပ်တွင် အထက်အောက် မျှတအောင် အညီအမျှထား ပြီး ၎င်းပိတ်စပေါ်တွင် အုန်းလက်တံကဲ့သို့ အလုံးကလေးများ အချောသတ်ထားသည့်ဝါးတံကလေးများဟူ၍ နှစ်ဆင့်တင်ရ သည်။ ၀ါးတံနှစ်တံရှိသော အတန်းကလေးမှာ ခမောက်၏အနားစပ်တွင် ရှိပြီး ၀ါးတံသုံးတံရှိသေ အတန်းလေးမှာ ပိတ်စ၏အ နားစပ်တွင် ရှိ၏။ ၀ါးတံတင်ပြီးလျှင် ၀ါးတံ၏တန်းပေါ်၌ သုံးလက်မကွာ၍ ချည်ဖြင့်ထိန်းရ၏။ အများဆုံး အသုံးပြုသောအရောင် မှာ အနီအပြာတို့ဖြစ်သည်။
    ရှမ်းခမောက်သည် ရက်လုပ်မှုအပိုင်းမှ အနားကွပ်ခြင်းများအထိ ပြုလုပ်ပြီးလျှင် ၀ါးကြောအပေး၌ အရောင်တင်ဆီသုတ် ရလေသည်။ ပြီးမှ မေးသိုင်းကြိုင်းတပ်ဆင်ရလေသည်။ နောက် ခေါင်ထိန်းတပ်ဆင်ရလေသည်။ နောက် ငွေပြားခတ်ထားသော ထိပ်အုပ်(ခေါင်အုပ်)တပ်ဆင်ခြင်းများ၊ ပန်းချီရေးခြယ်ခြင်းများ၊ ငွေချည်ဖြင့်ပုံသဏ္ဌာန်အမျိုးမျိုး ဖော်ခြင်းများ ပြုလုပ်ရလေ၏။ ဤကဲ့သို့အဆင့်ဆင့် ပြုလုပ်ပြီးမှသာ အသုံးပြုရန် အသင့်ဖြစ်သော အဆင့်သို့ ရောက်ရှိလေသည်။
    မြန်မာပြည်၏တိုင်းရင်းသားသွေးချင်း ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု ခမောက်ရက်လုပ်ခြင်း လုပ်ငန်းသည် သုံးစွဲသူ အပေါ်တွင်သာ အသုံးပြုသည်မဟုတ်ပေ။ ပန်းချီ၊ ပန်းထိမ်၊ ငွေချည်၊ သိုးမွေး၊ ပိုး၊ ဖဲ၊ ကတ္တီပါ၊ ယက်ကန်းစသော လုပ်ငန်းများမှ ပညာရှင်များအားလည်း အကျိုးပြုပေ၏။ ဆန်းသစ်တီထွင်မှုရှိလျှင် တီထွင်သလောက် ပိုမိုမြင့်မားလာပေမည်။ စုပေါင်း၍စနစ် တကျ လုပ်ကိုင်ကြမည်ဆိုလျှင် မြန်မာ့ပြည်တွင်းဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်သို့ပင် ထိုးဖောက်နိုင်မည့်လုပ်ငန်းတစ် ခုပင် ဖြစ်သည်။
    ရှမ်းခမောက်ရက်လုပ်ခြင်းလုပ်ငန်းအား ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်၍ တိုင်းရင်းသားရိုးရာဓလေ့ ယဉ်ကျေးမှုတစ်ရပ်ကို မြင့်မားစွာဖြင့် ဆက်လက်ထိန်းသိမ်းနိုင်ပါစေသတည်း။    ။
အောင်စည်ဟိန်း
မှတ်ချက်။    ။၁၉၇၇-ခုနှစ်၊ ဧပြီလထုတ် မြ၀တီမဂ္ဂဇင်း စာမျက်နှာ(၄၂ မှ ၄၄ ထိ)၌လာရှိသောဆောင်းပါးကို ပြန်၍ စာစီ ရိုက်ထားပါသည်။
No comments:
Post a Comment