မြန်မာနိုင်ငံတော်၏မြောက်ဘက်စွန်းပိုင်းရှိ အရေးပါလှသော ခန္တီးလောင်းနယ်မြေကြီးကို စတင်တွေ့ရှိပြီး
ပြည်နယ် တစ်ရပ်အနေအထား ရောက်အောင် ပြုစုပျိုးထောင်ခဲ့သူများမှာ ခန္တီးရှမ်းများပင် ဖြစ်ကြလေသည်။ ခန္တီးတို့ကား တစ်ခေတ်တစ် ခါက လျှမ်းလျှမ်းတောက် တန်ခိုးထွားခဲ့ကြသူများတည်း။
ခန္တီးခေါင်းဆောင်များသည် ဆင်မြင်းဗိုလ်ပါ အလုံးအရင်းကို ကွပ်ကဲကာ မြစ်ချောင်းတွေ့လျှင် တံတား
ဆောက်၊ ဖောင် ဖွဲ့၍ကူး၊ တောင်တွေ့လျှင် လမ်းဖောက် စသည်ဖြင့် မရောက်ဘူးသည့်ဒေသသစ်များသို့ ခရီးရှည်ချီတက်ခဲ့သည်။ ရေကြည်ရာ မြက်နုရာကို အပင်ပန်းခံ ရှာဖွေသည်။ နေရာကောင်းတွေ့လျှင် ထွန် ယက်စိုက်ပျိုးနိုင်သည့်လယ်ယာအဖြစ် ဖော်ထုတ်သည်။ လူနေအိမ်ခြေများ ဆောက်၍ ရွာတည်သည်။ မြို့ တည်သည်။ သည့်အပြင် ထိပါးတိုက်ခိုက်လာမည့် ဘေးရန်အန္တရာယ်အပေါင်းကို တင်ကြိုကာကွယ်ရန် အတွက် အမြဲတမ်း တပ်မတော်ကို အမြုတေပြုကာ နေရာသစ်ဝယ် ခံကတုတ်များဆောက် ပြည်သူ့စစ် ဖွဲ့စည်း စသည်ဖြင့် အခိုင်အမာ တိုင်းပြည်ထူထောင်ခဲ့သူများဖြစ်ကြောင်း သိရှိရလေသည်။ တနည်းအားဖြင့် ဆိုရလျှင် ပကတိ တောရိုင်းမြေဖြစ်သော အနောက်ဘက်တစ်ခွင်ကို မြို့ကြီးပြကြီးများဖြစ်လာအောင် ပျိုးထောင်ခဲ့ကြကုန်သော အမေရိကန်လူမျိုးများနှင့်သဏ္ဌာန် တူနေပေလိမ့်မည်။
“ခန္တီးလောင်း”ဆိုသောစကားမှာ ရှမ်းစကားပင် ဖြစ်၏။ “ခန်း”သည် မြန်မာလို “ရွှေ”၊ “တီး”သည် “ဒေသ” သို့မဟုတ် ‘‘မြေ”၊ “လောင်း”သို့မဟုတ် ‘‘လုံ”သည် “ကြီးခြင်း”ဟု အဓိပ္ပါယ်ရရာ “ရွှေထွက်ရာဒေသ”၊ တစ် နည်းအားဖြင့် “သုဝဏ္ဏဘူမိ”ဟု ဆိုရချိမ့်မည်။ ဖြစ်လည်း ဖြစ်နိုင်စရာ ရှိပါ၏။ အဘယ်ကြောင့်ဆိုသော် ခန္တီး လွင်ပြင်ကြီးကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် “မလိ ခ”မြစ်နှင့်သူ၏လက်တက်များဖြစ်ကြသော “နမ့်လန်” “နမ့်ယက်”စသည့်မြစ်များတွင် ယနေ့ထိ ရွှေကျင်ရရှိနေသောကြောင့် တည်း။
မြန်မာနိုင်ငံအတွင်းသို့ ခန္တီးရှမ်းများ မည်သည့်အချိန်လောက်က စတင်ဝင်ရောက်ခဲ့သည်ကိုမူ သေချာ ခိုင်မာသောအ ထောက်အထား မတွေ့ရသေးချေ။ သို့သော် ပုဂံခေတ်ကျောက်စာများတွင် “ခန္တီး”ဟူသော စကားလုံးပါရှိသည်။ ယင်းသည် “ခန္တီး” နှင့်အတူတူဆိုပါက ခန္တီးတို့သည် ပုဂံခေတ်လောက်ကပင် ရောက် ရှိနေပြီလောဟု တွေးတောဖွယ်ရှိကြောင်း၊ “မင်”မင်း ဆက်တရုတ်သမိုင်းများအရမူ ရှမ်းကြီးဟုခေါ်သော ရှမ်းတို့သည် ယူနန်နယ် အနောက်တောင်ဘက်ပိုင်းကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်သောကြောင့် “၀မ်ချီ”မည်သောစစ်သူကြီးသည် ခရစ်နှစ် ၁၄၄၅-ခုနှင့်၁၄၅၀ စပ်ကြားတွင် မောစော်ဘွား “စုဂျန်ဖ” (သိုငံဘွား)နှင့်သား “စုချီဖ”(သိုချီဘွား)တို့ကို တိုက်ခိုက်နှိမ်နင်းသဖြင့် မောရှမ်းများသည် ဧရာဝတီမြစ် အနောက်ဘက်သို့ဆုတ် ခွာရွှေ့ပြောင်းခဲ့သည်ဟု တွေ့ရှိရလေသည်။ “၀မ်ချီ”၏နောက်ဆုံးတိုက်ပွဲတို့တွင် “မင်”စစ်တပ်များသည် ဧရာဝတီမြစ်ကိုကျော် ၍ မိုးညှင်းနယ်အတွင်းသို့ ရောက်ခဲ့၏။ ဤအချိန်လောက်မှ စ၍ အနောက်ဘက်ရှမ်းနယ်များဖြစ်သော “ခန္တီးလုံ”နှင့် “အာဟုံ”တို့ ပေါ်ပေါက်လာခဲ့သည်ဟု ယူဆရ
ကြောင်းကို မြန်မာစွယ်စုံကျမ်း အတွဲ ၂ စာမျက်နှာ ၃၂၄-၃၂၅ တို့တွင် ဖော်ပြထားလေသည်။
အခြားမူကွဲ အထောက်အထားတစ်ရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၇၀၀ ခန့်၊ ၁၃ ရာစုနှစ်အချိန် ရှမ်းလူမျိုး များ တန်ခိုးကြီး မားစဉ်အခါက စတင်၍ “ခန္တီးလောင်း”ဟူသော ပူတာအိုလွင်ပြင်ဒေသမှာ ရှမ်းများ စိုးမိုး အုပ်ချုပ်ရာနယ်တစ်ခု ဖြစ်ခဲ့လေသည်။ ထိုစဉ်အခါက ခန္တီးရှမ်းတို့၏ကြည်းတပ်၊ ဆင်တပ်၊ မြင်းတပ်တို့သည် အိန္ဒိယပြည် အာသံနယ်အတွင်းတိုင်အောင် တိုက်ခိုက်သိမ်း ပိုက်နယ်ချဲ့ခဲ့ဖူးသည်။ သို့ရာတွင် နောက်ပိုင်း ၁၇၆၆-ခုနှစ်တွင်မူ ခန္တီးလောင်းဒေသ၌ ခန္တီးရှမ်းတို့၏စိုးမိုးမှုမှာ မြန်မာတို့၏တိုက် စစ်ဆင်မှုကြောင့် ကြွေ ကျပျက်ပြုန်းခဲ့ရလေသည်။ ထိုအချိန်မှစ၍ ခန္တီးရှမ်းစော်ဘွားများသည် မြန်မာဘုရင်များ၏လက်အောက် သို့ ရောက်ရှိသွားကြပြီး မြန်မာ့တံခွန်သည် ခန္တီးလောင်းတစ်ဝန်းလုံး၌ လွှင့်ထူနိုင်ခဲ့သည်။ “မန်နူ”၊ “လုပ်ခွန်”၊ “မန်စီ”စသောခန္တီး စော်ဘွားကြီးများထံ၌ ယနေ့တိုင်ပင် မြန်မာဘုရင်များ ပေးအပ်ထားခဲ့သည့်ဘွဲ့တံဆိပ်
နှင့်စာချွန်တော်များ ရှိနေသေးသည်ကို တွေ့ရကြောင်းဖြင့် အုပ်ချုပ်ရေးစာရွက်စာတမ်းများ၌ ဖော်ပြထား
လေသည်။
ယနေ့ခေတ် ပူတာအိုတွင် အသက်ထင်ရှားရှိနေကြသေးသော ခန္တီးရှမ်းစော်ဘွားကြီးများ၏အဆက် အနွှယ်များ၊ သက်ကြီးဝါကြီးများထံ ချဉ်းကပ်မေးမြန်းသဖြင့် ၎င်းတို့ထံမှ ခန္တီးရာဇ၀င်ကိုလည်း သိရှိမှတ် သားရပေသည်။ သို့သော် ယင်းပုဂ္ဂိုလ်များ ထံမှ သိရှိသည့်အချက်အလက်များမှာ ပါးစပ်ရာဇ၀င်သာ ဖြစ်
သောကြောင့် သက်သေခံ အထောက်အထားပေစာ၊ ကျောက်စာ၊ စာရွက်စာတမ်းစသည်ဖြင့် တစ်စုံတစ်ရာ ကိုးကားရန် မရရှိခဲ့ချေ။ ဒဏ္ဍာရီပုံပြင်သဖွယ် မှတ်ယူလိုက မှတ်ယူနိုင်ပါ၏။ သို့ပါသော်လည်း ထိုပုဂ္ဂိုလ်ကြီး များသည် သက်ကြီးစကား သက်ငယ်ကြား အစဉ်အလာဖြင့် ဘိုးဘွားဘီဘင် လက်ထက်ကတည်းက
အဆက်ဆက် မှတ်သားနာယူလာသည်ဖြစ်ရာ အားလုံးကို သိမ်းကျုံးပစ်ပယ်ရန်လည်း မသင့်ပေ။ အဘယ်
ကြောင့်ဆိုသော် ယနေ့ ထပ်မံတွေ့ရှိရသော သမိုင်းအထောက်အထားများနှင့်အချို့နေရာများ၌ ကိုက်ညီ မှန်ကန်နေပြန်ကြောင်း သတိပြုမိပါသည်။
လုပ်ခွန်စော်ဘွားကြီးစောဘမန်း၊ ခန္တီးခေါင်းဆောင် ဦးအောင်ဘ၊ စောနွဲ့အိုင်လုံတို့နှင့်ဆွေးနွေးချက်မှာ...
“မိုးညှင်းမင်းတရားကြီးရဲ့ညီတော်နှစ်ပါးအနက် ညီတော်အကြီးက အာသံပြည် ချီတက်သိမ်းပိုက်ပြီး
လောင်းပွတ်စော် ဘွားကြီးအဖြစ် ခန္တီးရှမ်းဆက် ဟိုမှစခဲ့ပါတယ်။ ညီတော်အငယ် “မျက်စိသုံးလုံးနှင့်ဘုရင်” လို့အဓိပ္ပါယ်ရတဲ့ရှမ်းလိုအခေါ် “စော စန်တာ”က ကျွန်တော်တို့ရဲ့ဘေးလောင်းတော်၊ ဘိုးလောင်းတော်ပေါ့။ အဲဒီပုဂ္ဂိုလ်ကြီးဟာ ခု ခန္တီးလောင်းခေါ်တဲ့ပူတာအိုနယ်မြေ ကြီးကို ပထမဆုံးတွေ့ရှိထူထောင်ခဲ့သူ ဖြစ်ပါ တယ်။ ရောက်ရောက်ချင်း ပြည်တည်တဲ့စခန်းသစ်က “နွိုင်ဝင်း”တဲ့။ နောက်ဒုတိယက ခု ပူတာအိုဖြစ်လာ မည့် “နွယ်ဟန်ဝင်း”ပါ။ ပြီးတော့ ဒီကနေ မြောက်ဘက်ခြောက်မိုင်လောက်မှာ “မန်စီ”စခန်းသစ်ဆက်တည် တယ်။ မန်စီမှာ အုပ်ချုပ်ဖို့ စော်ဘွားသတ်သတ်လည်း ခန့်လိုက်တယ်။ မန်စီစော်ဘွားဆက်ဟာ အဲဒီက စခဲ့ တာပ။ နောက်မန်စီ အနောက်ဘက် “နွယ်ဆီတ”တောင်တန်းပေါ်မှာလည်း “မန်စီခွန်”စခန်းသစ်ဆောက် ပြီး ရွာထပ်တည်တယ်။ ပြီးမှ နွယ်ဟန်ဝင်း ကို တပ်ပြန်ခေါက်လာတာပါ”
“ဒါထက် စကားမစပ် မေးရဦးမယ်။ ဘာပြုလို့ ရွာတွေ ဟိုမှာသည်မှာ ခွဲတည်ရတာတုံး၊ တစ်နေရာတည်း မှာ လုပ်ကိုင် စားသောက်ဖို့ မြေနေရာမရှိလို့လား”
“မဟုတ်ပါဘူး၊ ဒီနေရာဟာ ခုတော့ မြေပြန့်ကြီး ဖြစ်သော်လည်း ဟိုတုန်းကတော့ တစ်ကယ့်တောရိုင်း ကြီးပ၊ ပတ်ပတ်လည်မှာ တောင်တွေကလည်း ၀ိုင်းရံနေတယ်။ တောင်တွေရဲ့တစ်ဘက်မှာ ဘာရှိတယ်ဆို တာလည်း မသိရဘူးမဟုတ်လား။ ဒီတော့ နယ်မြေတစ်ခုလုံးရဲ့လုံခြုံရေးကို အဓိကထားပြီး အချက်အခြာ
နေရာတွေမှာ ရွာတည်တယ်။ ခံကတုတ် ဆောက်တယ်လေ။ “နွယ်ဟန်ဝင်း”စခန်းမှာဆိုယင် နွယ်ဟန်ဝင်း အပြင် “ခူးခန်း”စခန်းရယ်လို့ရှိသေးတယ်။ မြန်မာပြန်လိုက်ယင် “နွယ်ဟန် ၀င်း”က တောင်မကြီး၏မြောက် ဘက်အစွန်ကရွာ “ခူးခန်း”က “ကန့်လန့်တူးထားသော မြေကတုတ်စခန်း”လို့အဓိပ္ပါယ်ရတယ်။ ရွာတည်ရ တဲ့ရည်ရွယ်ချက် သိနိုင်တာပေါ့လေ”
“ဒီလိုတော့လည်း ဟုတ်သားပဲ။ နောက်ပြီးတော့ ဘာဖြစ်သေးတုံး။ ဆက်ပါဦး စော်ဘွားကြီး”
“စောစန်တာဟာ အလွန်ဘုန်းကြီးတဲ့နေ၀င်ဘုရင်တစ်ဆူပါ။ ရှမ်းအမျိုးသားတွေအတွက် ခုတွေ့ရှိထားတဲ့ ခန္တီးလွင်ပြင် နှင့်မကျေနပ်သေးဘဲ နေရာသစ် ထပ်ရှာဖို့ ကြိုးစားပြန်ပါတယ်။ ဟောဒီကနေ အနောက်ဘက် စူးစူးကို ကြည့်လိုက်ယင် ဆီးနှင်း ရေခဲဖုံးနေတဲ့တောင်တန်းအထပ်ထပ်ကို မြင်ရမယ်။ အဲဒီတောင်တွေရဲ့ဟို ဘက်မှာက ခုတော့ အိန္ဒိယနိုင်ငံပ။ ဟိုတုန်းကတော့ ဝေသာလီပြည်(အာသံပြည်)ခေါ်တယ်။ တစ်နေ့တော့ ဆင်တပ်၊ မြင်းတပ်တွေပါတဲ့ ခန္တီးစစ်သည်တော်တွေဟာ ခက်ခဲတဲ့တောင် အထပ်ထပ်ကို “ချောက်ကန်”
တောင်ကြားလမ်းကကျော်ပြီး ဝေသာလီပြည် ရှေးရှုစစ်ချီတော့တာပ။ ချီတက်လို့ သိပ်မကြာသေးဘူး။ “လမ်းခံမောင်း”စခန်းအရောက်မှာ နောက်ကနေ ဆက်သားလိုက်လာတာက တိဘက်ပြည်က တိဘက် စစ်သည်တွေဟာ “နွယ်ခိုမား”ခေါ်တဲ့ကျောက်တံခါးလမ်းဝက ၀င်လာကုန်ပြီ။ ခု “နွယ်ဟန်ဝင်း”စခန်းနား
တောင်ရောက်နေလို့ အမြန်ပြန်တပ်ဆုတ်ခဲ့ပါသတဲ့”
“နေပါဦး စော်ဘွားကြီးရဲ့၊ ဒီလောက်မြင့်မားတဲ့တောင်ပေါ်မှာ ဆင်တွေ သုံးလို့ရပါ့မလား။ ပြီးတော့ မိုးညှင်းမိုးကောင်းက ချီတက်ပြီး ပူတာအိုသိမ်းကတည်းက ဆင်တွေပါလာတာလား၊ ဒါမှမဟုတ် ပူတာအို
ရောက်မှ တောထဲက ဖမ်းယူတာလား”
“ရေခဲဖုံးတယ်ဆိုယင်ပဲ ဒီကတောင်တွေဟာ ပေတစ်သောင်းကျော်ထက်မနည်း မြင့်လို့ပ။ အဲဒီတောင်
ပေါ်ကျော်ဖို့ကတော့ ဆင်တပ်တွေအဖို့ မလွယ်ဘူး။ ဒါပေမယ့် စစ်ချီတာက “ချောက်ကန်”တောင်ကြားလမ်း အတိုင်းဆိုတော့ ဆင်၊ မြင်း၊ နွား ၀န်တင်တွေ သွားလို့ရပါတယ်။ ခုလည်း အိန္ဒိယကို ဒီလမ်းအတိုင်း သွားနေ တာပ။ မိုးညှင်းက ချီတက်ကတည်းက ဆင်တပ်တွေ ပါလာတယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ် ဟောဒီ ခန္တီး
လောင်းတောအုပ်ကလည်း ဆင်တွေ ကျက်စားတဲ့နေရာမို့ ဒီရောက်မှဖမ်း ယူတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှမ်းတွေဟာ ဆင်အတတ်မှာတော့ ရှေးရှေးကတည်းက အထူး ကျွမ်းကျင် လာခဲ့တာ ခုထိ ရိုးရာမပျက် ထိန်းသိမ်းလျက်ပါခင်ဗျာ”
ဟုတ်လောက်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ပူတာအိုလွင်ပြင်၌ ခန္တီးရှမ်းများသည် လယ်လုပ်ရာ၌ပင် ဆင်များကို အသုံးပြုလျက် ရှိသည်ကို ကျွန်တော်တို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင် ခဲ့ရလေသည်။ ဆင်ကို သစ်ထုတ်လုပ် ရေးလုပ်ငန်း၌လည်းကောင်း၊ သယ်ယူပို့ဆောင်ရေး၌လည်းကောင်း လူတို့အသုံးပြုကြသည်ကို အခြားဒေသများ၌လည်း တွေ့ မြင်ဖူးကြပြီ။ သို့သော် ဆင်ကို အိမ်မှာ မွေးထား သည့်ကျွဲနွားသဖွယ် ထွန်ယက်ရာ၌ နိုင်နိုင်နင်းနင်း စေခိုင်းနိုင်သည်မှာ ဤပူတာ အိုတစ်နယ်တည်း၌သာ ရှိပေလိမ့်မည်။ အံ့ဖွယ်ကောင်းလေစွ။
“အတိုချုံးပြီးပြောရယင် စောစန်တာဟာ တိဘက်တွေကို အခက်အခဲမရှိ မောင်းထုတ်ပစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် ရန်သူတွေ ဒီလမ်းက ၀င်မလာနိုင်အောင် ရှေ့စစ်ချီတက်နေတုန်းလည်း နောက်ပိုင်း စိတ်ချရအောင် စောစန်တာက “ဤခန္တီးလောင်းနယ်မြေသည် ကျွန်ုပ်အုပ်ချုပ်ရမည့်ဒေသ ဟုတ်မှန်ပါက တိဘက်တွေ ၀င်လာခဲ့သည့်နွယ်ခိုမားလမ်းဝ၌ အခု အခံ ကျောက်တောင်ကြီး အလိုလိုပေါက်၍ ပိတ်ပါစေ သား”လို့ဆိုပြီး အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ အံ့သြစရာပါပဲခင်ဗျာ။ ကျောက် တံခါးလမ်းနေရာမှာ မြင်း၏လည် ကုပ်ပုံသဏ္ဌာန်ရှိတဲ့တောင်တစ်လုံးဟာ ရုတ်တရက်ပေါ်လာပြီး လမ်းကို လုံးဝပိတ်ဆို့သွားပါလေရော။ ဒါကြောင့် အဲဒီပေါ်လာတဲ့တောင်ကို မြင်းလည်ဆံလို့အဓိပ္ပါယ်ရတဲ့ “နွယ်ခိုမား”တောင်လို့ ခေါ်ခဲ့တာ ခုအချိန်ထိပ။ နွယ်ခိုမားတောင်ကို ဥတုရာသီသာယာတဲ့အခါမှာ ပူတာအိုကနေ မြောက်ဘက် လှမ်းကြည့် လိုက်ယင် အတိုင်းသားမြင်နိုင်တယ် လေ”
“ဒီတော့ အိန္ဒိယပြည်ဘက် စစ်မချီဖြစ်တော့ဘူးလား”
‘‘ဟာ... ဘာရမလဲ။ တိဘက်အရေးအခင်းပြီးလို့ နွယ်ခိုမား ပေါ်လာပြီး မကြာခင် စောစန်တာဟာ တပ်မတော်ကို ကိုယ်တိုင်အုပ်ချုပ်ပြီး ဆက်လက်ချီတက်တာပ။ ဝေသာလီရောက်တော့ နောင်တော် အလတ် လောင်းပွတ်စော်ဘွားနှင့်တွေ့ဆုံ ပူးပေါင်းပြီး ညီနောင်နှစ်ဖော်ရဲ့ခန္တီးစစ်သည်တော်တွေဟာ အာသံပြည် ဗြဟ္မပုတ္တရမြစ်ဝှမ်းတစ်ကြောလုံးကို တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဘက်က စောစန်တာနှင့်ပါသွားတဲ့စစ်သည်တွေအနက် တော်တော်များများဟာ ဟိုမှကျန်ရစ်ပြီး အိမ်ထောင်ကျ၊ မြို့ရွာထူထောင်ကြပြန်တယ်လေ”
ပူတာအိုလွင်ပြင်မှ ရှေ့မီနောက်မီခန္တီးပညာရှိကြီးများ ပြောကြားလိုက်သည့်ပါးစပ်သမိုင်းကို အခြေပြုကာ ကျွန်တော် သည် အထောက်အထားများ တွေ့လိုတွေ့ငြား ရှာဖွေကြည့်ရှုမိလေသည်။ အိန္ဒိယနိုင်ငံသို့
ပြောင်းရွှေ့ရောက်ရှိသွားကြသော “အာဟုန်ရှမ်း”များ၏ “ဗူရန်ဂျီ”သမိုင်းဆိုရမည့် “တွန်ခွန်ဂီယဗူရန်ဂျီ”
နှင့်မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ တို့၌ ယင်းအကြောင်းအရာ နှင့်စပ်လျဉ်း၍ တွေ့ရှိချက်ကို ကောက်နုတ်
ဖော်ပြရသော်-
“အာသံပြည်ဘက်တွင် ဖြစ်ပျက်ခဲ့သော ခန္တီးတို့၏နောက်ပိုင်းသမိုင်းကို ထောက်ရှုခြင်းအားဖြင့် ခန္တီးတို့မှာ တိုက်ရေး ခိုက်ရေးတွင် စွမ်းလွန်းတမံရှိခြင်း၊ ရဲရင့်ဖျတ်လတ်ခြင်း၊ လှုပ်ရှားတက်ကြွခြင်းနှင့်ပြည့်စုံသူများ
ဖြစ်ကြောင်း သိရပေသည်။”
“စွာဂဒေအိုဂေါရိနတ်ဆင်ဂါမင်း”လက်ထက်(၁၇၈၀-၁၇၉၅)တွင် ခန္တီးတို့သည် စေဒိယာနယ်တွင် “ဗူရဟ ရာဇာ”နှင့် “ဒေလရာဇာ”မည်သော အကြီးအကဲနှစ်ဦးတို့က အုပ်ချုပ်လျက်ရှိကြောင်း၊ “ဗူရဟရာဇာ”နှင့်
နောက်လိုက်ခန္တီးတို့သည် အာသံ အရှေ့မြောက်ပိုင်း “ချိုကီဟတ်”၌ “မိုအာမရိယာ”လူမျိုးများ ပုန်ကန်ထကြွ သည်ကို အခွင့်ကောင်းယူ၍ မိမိတို့ဒေသမှဆင်းသက် တိုက်ခိုက်ကြရာတွင် အရေးနိမ့်သဖြင့် “ဗူရဟရာဇာ” ပင်လျှင် အာသံဘုရင်လက်တွင်းသို့ ကျဆင်းခဲ့ရကြောင်း၊ နောက်လိုက် ခန္တီးတို့မှာ “တိုကိုလိုင်”သစ်တော တွင် အခြေစိုက်ရန် နေရာချထားခြင်းကိုခံရကြောင်း၊ ထိုနောက်သော် “ဘူရဂိုဟိန်”၏အဖွဲ့အစည်းနှင့်တွဲ ဖက်ထားကြောင်း၊ ‘‘ကမလေစွာဆင်ဂါ”ဘုရင်လက်ထက် ၁၈၀၆-ခုနှစ်တွင် အာသံအရှေ့မြောက်ပိုင်းဒေသ ကို တိုက်ခိုက်သိမ်းပိုက်ရာ၌ ခန္တီးတို့ ထကြွတိုက်ခိုက်ပြန်ကြောင်း၊ “အဟုန်ဘုရင်”တပ်များသည် အဗောနှင့် မိရိလူမျိုးများကို တိုက် ခိုက်နှိမ်နင်းနိုင်ခဲ့သော်လည်း ခန္တီးတို့၏ထကြွမှုကိုမူ ပရိယာယ်ဖြင့် ငြိမ်းချမ်းစေခဲ့
ကြောင်း”ဖော်ပြထားလေသည်။
စစ်စိတ်စစ်သွေး တက်ကြွလျက်ရှိသော ခန္တီးစစ်သည်တို့သည် ဗမာပြည်ဘက်မှတစ်ဆင့် အိန္ဒိယဘက်သို့ ချီတက် ရောက်ရှိပြီး နယ်ချဲ့ခဲ့ကြကြောင်း၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့်အထူးသဖြင့် မြစ်၏မြောက်ပိုင်းရှိ “စေဒိ ယာ”နယ်တစ်ခုလုံးကို သိမ်းပိုက်ကာ မိမိတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်စော်ဘွားဖြင့် တထီးတနန်း စိုးစံခဲ့ကြကြောင်းကို ဗြိတိသျှတို့၏မှတ်တမ်းများ၌ လည်း အထောက်အထားများစွာ တွေ့ရှိရပြန်လေသည်။
အိန္ဒိယနိုင်ငံအား ဗြိတိသျှတို့ သိမ်းပိုက်ပြီးစလောက်က ဖြစ်သည်။ ဘင်္ဂလားပြည်နယ်၌ သီးခြားအစိုးရ အဖွဲ့ဟုရှိပြီး “လက် ဖတင်နင်ဂါဗနာ”(လက်ထောက်ဘုရင်ခံ) “ဆာဝေလီယန်ဂရေး”က တိုက်ရိုက်အုပ်ချုပ် ထားသည်။ မြန်မာနိုင်ငံ၌ ဗမာဘုရင်များ အုပ်စိုးဆဲဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားအစိုးရသည် မြန်မာနိုင်ငံ
နှင့်နယ်ခြားပြဿနာများကို အများဆုံးတွေ့ထိဖြေရှင်းရသူဖြစ် ရာ ၎င်း၏လက်အောက်၌ အရှေ့မြောက် နယ်ခြားအုပ်ချုပ်ရေးဌာနဟူ၍ သီးခြားဖွင့်လှစ်ထားရှိခဲ့လေသည်။
အရှေ့မြောက်နယ်ခြားဒေသတွင် အမှုထမ်းရွက်ကြရသော မျက်နှာဖြူနယ်ခြားအရာရှိများနှင့်ဘင်္ဂလား အစိုးရတို့စပ် ကြား ဆက်သွယ်ပေးပို့သည့်စာများကို နိုင်ငံရေးရာဌာနက တာဝန်ယူရသည်။ ၁၈၆၆-ခုနှစ်မှ ၁၈၇၃ ခုနှစ်အတွင်း ယင်းနိုင်ငံရေး ရာဌာနကို အုပ်ချုပ်ရသည့်တာဝန်ခံက အစိုးရဖိုင်တွဲမှ စာရွက်စာတမ်း များကို အခြေခံပြီး နယ်ခြားလက်စွဲစာအုပ်တစ်အုပ်အဖြစ် ၁၈၈၄-ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထုတ်
ဝေခဲ့သည်။ အလွန်ရှားပါး၍ အဖိုးတန်သော စာအုပ်တည်း။
ယင်းစာအုပ်၏အဖွင့်စာမျက်နှာ အမှတ် ၂ တွင်-
“ခရစ်တော်ပေါ်ပြီးနောက် ရှစ်ရာစုနှစ်ကြာသောအခါ စစ်စိတ်ပြင်းထန်ပြီး တိုက်ရေးခိုက်ရေး လိုလား
နှစ်သက်လေ့ရှိသော မြန်မာနိုင်ငံမှရှမ်းအနွယ်များသည် နယ်စပ်ကို ကျော်၍ အိန္ဒိယနိုင်ငံအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ကြ၏။ ထိုအချိန်က ဗြဟ္မပုတ္တရမြစ်ဝှမ်းကို အုပ်စိုးထားသောဟိန္ဒူဘုရင်များနှင့်ပြင်း ထန်သောတိုက်ပွဲများ ဖြစ်ပွားကြပြီး ရှမ်းများက အနိုင်ရကာ မိမိ တို့၏လွတ်လပ်သော ရှမ်းနိုင်ငံကို ထူထောင်နိုင်ခဲ့လေသည်။
ထိုနောက် ရှမ်းတို့သည် မိမိတို့လူမျိုးကို “အဟုန်”ဟူသောဘွဲ့ဖြင့် ပြောင်းလဲခံယူလိုက်ကြလေ၏။ တုပြိုင်ဖက်ကင်းသူ များဟု အဓိပ္ပါယ်ရသည်။ အချို့သမိုင်းသုတေသီများက “အဟုန်”ဟူသောအမည်မှ တစ်ဆင့် ၎င်းတို့အုပ်ချုပ်သည့်နိုင်ငံသည် လည်း “အာသံ”ဖြစ်လာသည်ဟုကောက်ချက်ချကြလေသည်။
တစ်ဖန် ယင်းစာအုပ်၏စာမျက်နှာ ၅၇၊ အခန်း ၉ တွင် “စေဒိယာ”ရှိ ခန္တီးအမျိုးအနွယ်များ”ဟူသော
ခေါင်းစဉ်အောက်၌ ခန္တီးရှမ်းများ မည်သို့မည်ပုံ အိန္ဒိယဘက် ရောက်ရှိလာပုံ၊ ၎င်းတို့၏ယဉ်ကျေးမှုနှင့်လှုပ် ရှားမှုသမိုင်း စသည်များကို ထပ်လောင်း၍ အသေးစိတ်ဖော်ပြထားလေသည်။
“ခန္တီးတိုင်းရင်းသားများသည် ဘင်္ဂလားပြည်နယ် အရှေ့မြောက်နယ်ခြားဒေသ တောင်တန်းတွင် မူလက ရှိနေကြသည့် တိုင်းရင်းသားများနှင့်များစွာကွာခြားသည်။ သူတို့သည် မြန်မာခန္တီးမှ ဆင်းသက်လာကြပြီး ဗုဒ္ဓ ဘာသာကို ကိုးကွယ်သည်။ အာ သံနယ်၌ “ဂိုဝါဆင်း”ဘုရင် အုပ်စိုးစဉ် ၀င်ရောက်လာကြပြီး ပထမဦးဆုံး ၁၇၉၄-ခုနှစ်၌ “တင်ဂါပန်နီ”တွင် အခြေစိုက်ကြကြောင်း မကြာခင် အင်အားကြီးမားသောခန္တီးစစ်သည်များ သည် ဗြဟ္မပုတ္တရမြစ်ကြီးကို ဖြတ်ကျော်ကာ မြောက်ဘက်စေဒိယာနယ်တစ် ခွင်လုံးကို သိမ်းပိုက်အောင်ပွဲ ခံနိုင်ခဲ့သဖြင့် ခန္တီးစော်ဘွားသည် မိမိကိုယ်ကိုမိမိ “အာသံဘုရင်ခံ” သို့မဟုတ် “ခါဝဂိုဟိန်”ဟူသော ဘွဲ့ အမည်ကို ခံယူလိုက်ကြောင်း” ထင်ထင်ရှားရှားဖော်ပြထားလေသည်။ ခန္တီးများသည် တစ်ချိန်သောအခါက တန်ခိုးအလွန် ထွားခဲ့သူများပေတကား။
ယိမ်းနွဲ့ပါး
မှတ်ချက်။ ။၁၉၈၂-ခုနှစ်၊ သြဂုတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်း စာမျက်နှာ(၃၆ မှ ၄၀ ထိ)၌လာရှိသော
ဆောင်းပါးကို ပြန်၍ စာစီ ရိုက်ထားပါသည်။
This is sub-branch of main shanyoma.org and is intended to the ones who wish to study and read about and related to Shan or Tai scripts and books. The more you study the more you realize about what Tai really they are.
Popular Posts
-
Family Tree Published on Sunday, 23 December 2012 07:40 Present Head of House: TITLE: Saopha ( personal name ) ...
-
လမ်းꨓ်ꨮး လွင်ꨳလူꨉ်ꨳꨁိုဝ်းပိုꨓ်းꨅဝ်ꨳသိုဝ်ꨁꨤꨓ်ꨲꨘုꨵꨓꨯꨵ ꨀဝ်ꨁုꨳꨁ်ꨮꨳလူꨁ်ꨮꨳꨡꨤꨓ်ꨲမုး ꨅꨱမ်လ်ꨮꨅꨱမ်ꨀွꨓ်ꨲꨟိုင် ꨓꨤꨓ်းꨓုꨲယဝ်ꨵ။ ꨓင်ꨲꨀုꨳလ...
-
Interview with Ajarn Sai Aung Tun By Anselm Feldmann, RCSD, CMU A jarn Sai Aung Tun was one of the presenters at “The 1s...
-
Texts and Contexts in Southeast Asia Shan-Myanmar Relations As Found in the Hsipaw Chronicle ...
-
Introduction 1. Nature of Burma – Burma has an area of about 230,800 square miles, and is therefore greater by twenty-two thousand...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment