Popular Posts

Wednesday, July 31, 2013

လည်တိုင်ကြော့ကြော့ ကယန်းမယ်ဖော့


           မြန်မာနိုင်ငံတွင် လူသိနည်းသေးပြီး လူဦးရေနည်းလှသော ကယန်းအမျိုးသမီးတို့၏ဆင်ယင်ထုံးဖွဲ့ အလှခြယ်သမှုကို တင်ပြလိုပါသည်။
          ကယန်းလူမျိုးတို့မှာ အခြားမဟုတ်၊ ကမ္ဘာက စိတ်ဝင်စားကြသည့်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးကယန်း(ပဒေါင်း)ပင် ဖြစ်သည်။ ၎င်းတို့အား (ပဒေါင်)ဟုခေါ်လျှင် မနှစ်သက်ကြချေ။ ပဒေါင်ဟု ခေါ်ဝေါ်သည့်စကားမှာ ကယန်းဘာသာစကား မဟုတ်ဘဲ ရှမ်းဘာသာစကား(ယန်းပဒေါင်း)ဟူ၍ဖြစ်လေရာ ရှမ်းဘာသာစကားဖြင့် ယန်းဟူသည်မှာ ကရင်မျိုးနွယ်ကို ခေါ်ပြီး ပဒေါင်းမှာ ကြေးပတ်ဟုဆိုသဖြင့် ကြေးခွေ စွပ်ကရင်လူမျိုး၊ ရှမ်းဘာသာစကားဖြင့် (ယန်းပဒေါင်း)မှတွင်လာခြင်း ဖြစ်၏။
          ကယန်း(ပဒေါင်)တို့သည် အခြားတိုင်းရင်းသားများနည်းတူ မွန်ဂိုကုန်းမြင့်ဒေသမှ ရေကြည်ရာ မြက် နုရာအရပ်သို့ တရွေ့ရွေ့ ဆင်းလာကြရာမှ ယန်းစီမြစ်နှင့်ဟိုဟန်ဟိုမြစ်ဖျားတွင် နေထိုင်ခဲ့ဖူးသဖြင့် ယင်းဒေ သမှဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟုခေါ်သည်ဟုယူဆကြသည်။ ကယန်းဟူသောစကားသည် (ကမ်းယန့်)မှဆင်းသက်ပြောင်းလဲသောစကားဖြစ်သည်။ (ကမ်း)ဆိုသည့်အဓိပ္ပါယ်မှာ (နယ်မြေဒေသ၊ နယ် ပယ်၊ ဧရိယာသတ်မှတ်ထားသော မြေသားအကျယ်အ၀န်း)ဖြစ်၍ (ယန့်)ဆိုသည်မှာ(စွဲစွဲမြဲမြဲရှိခြင်း၊ အတည် တကျရှိခြင်း)ဟုအဓိပ္ပါယ်ဆောင်သည်။ ထို့ကြောင့် ကယန်းလူမျိုး၏အဓိပ္ပါယ်မှာ နယ်မြေဒေသတစ်ခုအတွင်း အတည်တကျနေသောလူမျိုးဟူ၍ဖြစ်သည်။ ကယန်း၊ ကရင်၊ ကယားဂေခို၊ ဂေဘား၊ ယင်းဘော်၊ ယင်းတ လဲ၊ ယင်းကြားစသည့်လူမျိုးစုတို့သည် လူမျိုးတူအုပ်စုမှ ဆင်းသက်လာကြသည်။ တရုတ်ပြည် ယန်စီမြစ်ဝှမ်း ဒေသမှ အေဒီ နှစ် ၉၀၀ တွင် သံလွင်၊ စစ်တောင်းနှင့်ဧရာဝတီမြစ် ရမည်းသင်းအရှေ့ဘက်ရှမ်းရိုးမတောင် တန်းများပေါ်သို့ ထပ်မံပြောင်းရွှေ့ကြပြီး စွဲစွဲမြဲမြဲ အတည်တကျ နေထိုင်လျက်ရှိသည်ကို သိရှိရပါသည်။
          ကယန်း(ပဒေါင်)လူမျိုးစုတို့သည် အခြားတောင်ပေါ်တိုင်းရင်းသားများကဲ့သို့ အုပ်စုလိုက်ပြောင်းရွှေ့ နေထိုင်ခြင်း မပြုလုပ်ကြဘဲ ရှေးပဝေသဏီခေတ်ကာလမှသည် ယနေ့ထက်တိုင် မိုးဗြဲတောင်ပေါ်နှင့်အင်း၏ အနောက်ဘက်ကမ်း ဖယ်ခုံမြို့နယ် ဘီကင်း၊ ဆီးဆူး၊ စနိုက်၊ လအိဒေသ၊ ပင်လောင်းနယ်စပ်မှ ရမည်းသင်း၊ ပျဉ်းမနားလွင်ပြင်အကြားတွင်ရှိသော ရှမ်းရိုးမတောင်တန်းကြီးများပေါ်တွင် စွဲမြဲစွာ နေထိုင်လျက်ရှိကြသော လူမျိုးများ ဖြစ်ကြသည်။
          ကယန်း(ပဒေါင်)အမျိုးသမီးတို့၏၀တ်စားဆင်ယင်မှုမှာ ကမ္ဘာ့အံ့ဖွယ်တစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့၏ လည်တိုင်၊ လက်ကောက်ဝတ်မှ တတောင်ဆစ်အထိနှင့်ခြေမျက်စိမှ ဒူးဆစ်အထိ ကိုယ်အစိတ်အပိုင်းများ တွင် ကြေးခွေများဖြင့် ရစ်ခွေစွပ်ပတ်ထားသည်။ တစ်ကိုယ်လုံးပေါ်ရှိကြေးခွေများကို ချိန်တွယ်လိုက်လျှင် စုစုပေါင်း အလေးချိန်ပေါင် ၆၀ ထက်မနည်း ရှိလေသည်။ ထို့ကြောင့် ၎င်းတို့အား ကမ္ဘာ့အံ့ဖွယ်အမျိုးသမီး ဟူ၍ ခေါ်ဆိုနိုင်ပါသည်။
          ကယန်း(ပဒေါင်)အမျိုးသမီးတို့သည် အသက် ၅-နှစ်အရွယ်မှစ၍ ကြေးခွေပတ်လေ့ရှိပြီး စတင်ခွေ ပတ်ချိန်တွင် နှစ်ခွေမှသုံးခွေအထိ ခွေပတ်ကာ အသက်နှစ်ဆယ်ကျော်လျှင် ယခင် ငါးနှစ်သမီးကရစ်ပတ်ခဲ့ သော ကြေးခွေသုံးခွေလေးခွေကို ဖြုတ်ပြီး ဆယ်ခွေအထိ ရစ်ပတ်သည်။ အသက်နှစ်ဆယ်ကျော်လာလျှင် ကြေးခွေ တစ်ဆယ့်ငါးရစ်မှ နှစ်ဆယ်ရစ်အထိ ခွေပတ်ပြန်သည်။ လည်တိုင်အတိုင်း အထက်ပါရစ်ခွေထား သော ကြေးခွေများကို တည်ငြိမ်စေရန် လည်ပင်းအောက်ခံ ပခုံးနှစ်ဖက်ပေါ်တွင် သီးခြားရစ်ပတ်ထားသည့် ကြေးခွေလည်း ရှိပြန်သည်။
          ကယန်း(ပဒေါင်း)တို့၏လည်တိုင်ဖော့ဖယောင်းပေါ်တွင် ရစ်ပတ်ထားသော ကြေးခွေတို့သည် တစ် ကွင်းစီစွပ်ထားသည်မဟုတ်ဘဲ ကြေးချောင်းအရှည်ကို ကွိုင်ကဲ့သို့ရစ်ထားခြင်း ဖြစ်ပါသည်။ ကြေးခွေ၏အ ရွယ်အစားမှာ အမျိုးသမီးတစ်ဦး၏သာမန်လက်သန်းအရွယ်ထက် အနည်းငယ်သာသေးငယ်သည်။ ကယန်း (ပဒေါင်)အမျိုးသမီးတို့၏လည်ပင်းတွင် ကြေးခွေသာမကဘဲ ငွေပြား၊ ဘော်ပြား၊ ဒင်္ဂါးပြားကို တွဲလွဲဆွဲ၍ အလှဆင်ကြသည်။
          ကယန်း(ပဒေါင်)တို့၏လည်တိုင်မှကြေးခွေများကို ပြန်လည်ဖြုတ်လိုက်လျှင် လည်တိုင်သည် မည် သို့မျှ ယိမ်းယိုင်ခြင်းမရှိချေ။ လည်တိုင်အနည်းငယ်သွယ်၍ ရှည်လာသည်ဟု ရှေးက ယူဆကြသည်။ သို့ သော် သူတို့ကို ဓာတ်မှန်ရိုက်ကြည့်သောအခါ လည်ပင်းရှည်ထွက်လာသကဲ့သို့ ထင်မြင်ခဲ့သည့်အယူအဆ သည် ပျက်ပြယ်သွားရသည်။ ကြေးကွင်းကြောင့် လည်ပင်းရှည်ထွက်လာခြင်းမဟုတ်ဘဲ လည်ပင်းတွင် စွပ် ထားသော ကြေးကွင်းအလေးချိန်ကြောင့် ညှပ်ရိုး၊ နံရိုးနှင့်ကျောရိုးများ အောက်ဘက်သို့ ကိုင်းညွှတ်နိမ့်ဆင်း သွားသည်ဟုသိရပါသည်။
          ကယန်း(ပဒေါင်)အမျိုးသမီးများ အဘယ့်ကြောင့် ကြေးခွေပတ်ကြသည့်အကြောင်းရင်းကိုမူ ယနေ့ တိုင် အထောက်အထားများ အတိအကျမရရှိ၊ မသိရှိနိုင်ကြသေးသော်လည်း အောက်ပါအတိုင်း သက်ကြီး စကား သက်ငယ်ကြား ထင်မြင်ယူဆကြပါသည်။
          ၎င်းတို့သည် လူမျိုးတစ်အုပ်စုမှတစ်အုပ်စုသို့ ထွက်မပြေးနိုင်အောင် ကြေးခွေများဖြင့် အလေးစီး တွယ်နှောင်ထားသည်ဟူ၍လည်းကောင်း၊
          -ကယန်း(ပဒေါင်)တို့သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာသည်ဟုယုံကြည်ယူဆသည့်အလျောက် နဂါးနှင့်တူစေရန် ကြေးခွေရစ်ပတ်စေသည်ဟူ၍လည်းကောင်း၊
          -အပျိုစစ်မစစ်၊ အရွယ်ရောက်မရောက် ကြေးခွေရစ်ပတ်ထားသည်ကိုကြည့်ခြင်းအားဖြင့် သိရှိခွဲခြား နိုင်သည်ဟူ၍လည်းကောင်း၊
          -ရှေးခေတ်က လူမျိုးတစ်အုပ်စုနှင့်တစ်အုပ်စုတို့ တိုက်ခိုက်ကြပြီး နိုင်သူက ရှုံးသူကို ဖမ်းယူသွား လေ့ရှိကြရာ ထွက်မပြေးနိုင်ကြစေရန် ကြေးခွေရစ်ပတ်ထားစေသည်ဟူ၍လည်းကောင်း၊
          -ကယန်း(ပဒေါင်)အမျိုးသမီးများသည် တောနက်ကြီးထဲတွင် ခရီးသွားလာလျှင် သားရဲတိရစ္ဆာန်များ ၏ရန်မူခြင်းမှ ကင်းဝေးစေရန်ဟူ၍လည်းကောင်း၊
          -ကယန်း(ပဒေါင်)တို့သည် ရှေးအခါသမယအချိန်က ရွှေတွင်း၊ ငွေတွင်းများဖြင့် ရွှေငွေရတနာများ ပေါများသူများဖြစ်ခဲ့သဖြင့် ပျော့ပြောင်းသော ရွှေချောင်း၊ ငွေချောင်းများဖြင့် ရွှေတွဲလွဲ၊ ငွေတွဲလွဲ ရစ်ပတ်ဝတ် ဆင်ကြရာမှ ရွှေငွေရှားပါးသောအခါ ကြေးခွေရစ်ပတ်ဝတ်ဆင်လာကြသည်ဟူ၍လည်းကောင်း၊
          -တစ်ချိန်က ကယန်း(ပဒေါင်)တို့သည် ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခဲ့ကြရာမှ ရွှေငွေရတနာ ပေါများသောအားဖြင့် မိမိလည်တိုင်ကို စေတီပမာ ရစ်ပတ်ထားသည်ဟူ၍လည်းကောင်း ထင်မြင်ယူဆ သည်မှတစ်ပါး သမိုင်းမှတ်တမ်းအတိအကျ မတွေ့ရှိကြသေးပေ။
          ယနေ့ ကယန်း(ပဒေါင်)အမျိုးသမီးငယ်များသည် ခေတ်နှင့်အညီ ကြေးကွင်းစွပ်မှုကို မပြုလုပ်တော့ ပေ။ သို့သော်လည်း အများစုမှာမူ မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးစံကို မပျောက်မပျက်အောင် ဆက်လက်ထိန်း သိမ်းသောအားဖြင့်သော်လည်းကောင်း၊ မိရိုးဖလာယဉ်ကျေးမှု မကွယ်ပျောက်စေရန်လည်းကောင်း၊ မိဘ များ၏တိုက်တွန်းကြပ်မတ်မှုကြောင့်လည်းကောင်း ကြေးကွင်းစွပ်ဓလေ့ကို ဆက်လက်ဆင်ယင်ထုံးဖွဲ့နေ သေးသည်ကို တွေ့ရှိရပေသည်။
          ယခုအချိန်ထိ ကယန်း(ပဒေါင်)အမျိုးသမီးငယ်လောကတွင် ကြေးခွေစွပ်မှုကြောင့် ကျန်းမာရေးထိ ခိုက်ခြင်း၊ သက်တမ်းတိုခြင်း၊ လူဦးရေပေါက်ပွားမှု အဟန့်အတားအဆီးဖြစ်ခြင်းများ မတွေ့ရှိသေးချေ။ ထို့ ကြောင့် ကြေးကွင်းစွပ်အလှအပ ခြယ်သမှုသည် ကျန်းမာရေးအတွက် ထူးခြားစွာ အန္တရာယ်မဖြစ်ကြောင်း သိရှိရပါသည်။
          မည်သို့ပင် ဖြစ်စေ လူမျိုးတိုင်း၊ လူမျိုးတိုင်း အလှကိုယ်စီ ရှိကြပါသည်။ သဘာဝက ပေးအပ်သော အလှအပထက် ပိုမိုလှပချင်သူများမှာ အမျိုးသမီးများပင် ဖြစ်ကြပါသည်။ အမျိုးသမီးများသည် မိမိကိုယ်ကို လှပစေရန် ဖန်တီးခြယ်သရာတွင် တစ်ဦးနှင့်တစ်ဦး မတူညီကြချေ။ အလှအပခြယ်သရာတွင် မိမိစိတ်ကူး၊ ကြံဆတီထွင်မှုများဖြင့် ခြယ်သကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်သားများထဲတွင် ကယန်း(ပဒေါင်)အမျိုး သမီးတို့၏အလှအပခြယ်သမှုက တစ်မူထူးခြားပေသည်။
          မြန်မာနိုင်ငံတွင် လူဦးရေနည်းပါးရုံသာမက လူသိနည်းပါးလှသော ကယန်း(ပဒေါင်)အမျိုးသမီးတို့ ကို တစ်ခါမြင်ဖူးရုံမျှဖြင့် တစ်သက်မေ့ရက်စရာ မရှိသော ဆန်းကြယ်လှသည့်ဆင်ယင်ထုံးဖွဲ့မှုကို သိရှိနိုင်စေ ရန်အတွက် (လည်တိုင်ကြော့ကြော့၊ ကယန်းမယ်ဖော့)ကို တင်ပြလိုက်ရပေသည်။

ခွန်းနီကောလတ်စ်(၁၂/၇၂)
သင်တန်းသားဟောင်း၊ ဖယ်ခုံမြို့။

မှတ်ချက်။        ။ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ ၁၉၈၉-၉၀ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်း၊ စာမျက်နှာ(၄၁-၄၃)ထိ ဆောင်းပါးကို ပြန်လည်စာစီရိုက်ထားပါသည်။

No comments:

Post a Comment