ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ
ကျိုင်းတုံမြို့နယ်တွင်ရှိသော တိုင်းရင်း သားများမှာ များစွာရှိပါသည်။ ၎င်းတို့မှာ သျှမ်း၊
ဂုံသျှမ်း၊ လိသျှမ်း၊ သျှမ်းတရုပ်(ခေါ်)တိုင်းနေ၊ အဲန်၊ ကော်၊ လီဆော၊ အခေ၊ လွယ်လ၊ ပလောင်၊
လားဟူ၊ ကွီ၊ ခယ်ဝစသည်တို့ဖြစ်သည်။ ၎င်းတို့ထဲမှ ဂုံသျှမ်းတို့၏အ ကြောင်းကို ဖော်ပြလိုက်ပါသည်။
လူမျိုးဆင်းသက်လာပုံ
တစ်ချို့သောပညာရှင်များက ဂုံသျှမ်းတို့သည်
(ဆိ)ပ်ဆောင်ပန်းနားဒေသ ယူနန်နယ်တောင်ပိုင်းမှ ဆင်းသက်လာသည်ဟုယူဆကြသည်။ တစ်ချို့ပညာရှင်များကမူ
ဂုံသျှမ်းတို့သည် ထိုင်းတရုပ်အနွယ်ဝင်ဖြစ် ပြီး တရုပ်ပြည်မှ ရွှေလီမြစ်ကြောင်းအတိုင်း
ဆင်းသက်လာ၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်။ ထိုလူမျိုးများတွင် သျှမ်းနှင့်ကရင်ဟူ၍
နှစ်စုကွဲပြီး သျှမ်းအုပ်စုမှာ ဒေသကိုလိုက်၍ သုံးမျိုးခွဲထားသည်။ ရှေး မင်းများအခေါ်အရ
အနောက်သျှမ်း၊ မြောက်သျှမ်း၊ အရှေ့သျှမ်းဟုခေါ်သည်။ အလယ်သျှမ်းနှင့်အရှေ့သျှမ်း သည်
(ဂုံ)လူမျိုးပါဝင်သည်။ အမှန်မှာ ဂုံသျှမ်းတို့သည် သျှမ်းအမျိုးထဲမှပေါက်ဖွားလာသောလူမျိုးတစ်မျိုးသာ
ဖြစ်ပါသည်။ နေရာဒေသလိုက်၍ အပြောအဆိုကွဲပြားသွားခြင်းသာ ဖြစ်ပါသည်။ ထိုကွဲပြားသောစကားအ
ခေါ်အဝေါ်မှာ သျှမ်းတို့နှင့်အဓိပ္ပါယ်တူ၍ ဂုံစကားသည် သျှမ်းတို့ထက်ပေါ့ပါသည်။ ဤသည်ကို
လူမျိုးတစ် မျိုးအနေဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ က၀ိလက္ခဏာသတ်ကျမ်းတွင် ကျိုင်းတောင်း၊
ကျိုင်းတုံမြို့၊ မိုင်း လုံ၊ မော်လုံသျှမ်း(တို့ကျေး)ဟူ၍၎င်း၊ (ကချင်နှင့်ဂုံဖြူနှင့်မြုံသထုံသည်ကလေး)ဟူ၍၎င်း၊
ကျိုင်းတုံနှင့်ဂုံတို့ကို ဖော်ပြထားသည်။
နေထိုင်ရာဒေသ
သျှမ်းပြည်အရှေ့ပိုင်း သျှမ်းကိုးပြည်ဝင်
ကျိုင်းတုံနယ်၌ အများဆုံးနေထိုင်ကြသည်။ ဂုံတို့က ကျိုင်း တုံကို ခေမရဋ်ထိုင်းဟုခေါ်သည်။
ဂုံပြည်ဟူ၍လည်း ရေးသားသည်။ ထို့ကြောင့် သံလွင်မြစ် အရှေ့ဖက်ကမ်း တွင် နေရာအနှံ့အပြား
နေထိုင်ကြသည်။
ဘာသာစကားနှင့်စာပေ
ဘာသာစကားမှာ သျှမ်းဘာသာစကားဖြစ်သော်လည်း
သျှမ်းဘာသာစကားထက် အသံပေါ့ပါသည်။ တစ်ချို့သော အခေါ်အဝေါ် အနည်းငယ်သာ ကွဲပြားသည်။ ဂုံသျှမ်းတို့သည်
ကိုယ်ပိုင်စာပေရှိခဲ့သည်မှာ နှစ် ပေါင်း ရာပေါင်းများစွာက ရှိခဲ့သည်။ ဂုံစာမှာ သရ(၈)လုံး၊
ဗျည်း(၃၃)ရှိ၍ မြန်မာစာနှင့်ဆင်သည်။ ဂုံစာတွင် ပါဠိအနက်အဓိပ္ပါယ်ဝေါဟာရများ အပြည့်အစုံပါသော
ပိဋကတ်သုံးပုံလည်း ရှိပါသည်။ အရေးအသားမှာ အ မျိုးမျိုးရှိသည်။ ၎င်းတို့မှာ (၁)ပါဠိရေးနည်း၊
(၂)သီချင်းအမျိုးမျိုးရေးနည်း၊ (၃)(ဆံမ်း)ခေါ်ဘုရားစာရေးနည်း နှင့်ရိုးရိုးစကားပြေရေးနည်း
ရှိသည်။ များသောအားဖြင့် ပေရွက်ပေါ်တွင် ကညစ်ဖြင့် ရေးသော ဘုရားစာရေး နည်းမှာ အများဆုံး
အသုံးပြုသည်။ ဤရေးနည်းမျိုးသည် ဇာတ်တော်ကြီးဆယ်ပါးအကြောင်းများသာ ရေး သည်။
သီချင်းရေးနည်းများမှာ -
(၁)မတ်ခေါ်သီချင်းရေးနည်း၊
(၂)ဆေား...ခေါ်သီချင်းရေးနည်း၊
(၃)(ဆိန်)ခေါ်သီချင်းရေးနည်းနှင့်၊
(၄)ကပ်ကိုင်လပ်လိုင်ခေါ်ကဗျာရေးနည်းတို့
ဖြစ်သည်။
ဤသီချင်းများသည် (မတ်)နှင့်(ဆော)ရေးနည်းသည်
အနုဆုံးရေးနည်း ဖြစ်သည်။ သမီးရည်းစားစာ ကို ဤရေးနည်းဖြင့်သာ ရေးကြရသည်။
ဆင်ယင်ထုံးဖွံ့မှု
အမျိုးသား၏ဆင်ယင်ထုံးဖွဲ့မှုမှာ သျှမ်းတို့နှင့်တူသည်။
ရှေးအခါတွင် ဂုံသျှမ်းတို့၏ဘောင်းဘီဂွသည် ဒူးအောက်၌ ရှိသည်။ အမျိုးသမီးတို့၏ဆင်ယင်ထုံးဖွဲ့မှုမှာ
သျှမ်းအမျိုးသမီးနှင့်ဆင်တူသော်လည်း ဆံပင် ထားပုံမှာ ခြားနားသည်။ ဂုံဆံထိုးဟုခေါ်သော
ထိပ်တည့်တည့်ထားသည့်ကွင်းပါသော ဆံထုံးထုံးပြီး ရွှေဖြင့် ပြုလုပ်ထားသော ပန်းပွင့်သဏ္ဌာန်စိုက်ထိုးလေ့ရှိသည်။
အင်္ကျီမှာ ထိုင်မသိမ်းအင်္ကျီကဲ့သို့ ကိုယ်ကြပ်ရင်ဖုံး အင်္ကျီဖြစ်သည်။ ထမီမှာ ဆိန်လိခေါ် သျှမ်းထမီများသာ
ဝတ်ဆင်ကြသည်။ အဓိပ္ပါယ်မှာ လိုသျှမ်းထမီဟုအ ဓိပ္ပါယ်ရပါသည်။ ရှေးခေတ်အမျိုးသမီး အနွေးထည်မှာ
ရှေ့ဖိုးထိုင်မသိမ်း အတောင်ကော့ မှန်ကူကွက်အ တွင်း၌ ၀ါဂွမ်းခံချုပ်ထားသော အနွေးထည်ဝတ်ဆင်ကြသည်။
ယုံကြည်ကိုးကွယ်မှု
ဂုံသျှမ်းအားလုံးတို့သည် ဗုဒ္ဓဘာသာကိုသာ အထွဋ်အမြတ်ထား၍
ယုံကြည်ကိုးကွယ်ကြသည်။ တစ် မူးရလျှင် တစ်ပဲလှူသောလူမျိုးများ ဖြစ်ကြသည်။ အလှူအတန်းကို
အလွန်ရက်ရောသော လူမျိုးတစ်မျိုး လည်း ဖြစ်သည်။ ရွာစောင့်နတ်၊ ညောင်စောင့်နတ်၊ အိမ်စောင့်နတ်
စသည်တို့ကို ယုံကြည်ကိုးကွယ်ကြ သည့်လူမျိုးလည်း ဖြစ်သည်။
ရှောင်ကြဉ်ဓလေ့
ဥပုသ်နေ့၊ ဈေးနေ့များသည် ဆန်ထောင်းခြင်း၊
လယ်ထွန်ကောက်စိုက်ခြင်း၊ သစ်ခုတ်ခြင်းစသည့် ကိစ္စများကို မလုပ်ရဘဲ ရှောင်ကြဉ်သည့်နေ့ရက်ဟုသတ်မှတ်သည်။
ဂုံသျှမ်းတို့၏အိမ်ဦးခန်း ဘုရားစင် အောက်တည့်တည့်တွင် မွေ့ယာသန့်သန့်တစ်ခုပေါ်တွင်
ရိုးရာပန်းနွယ်များဖြင့် ပြုလုပ်ထားသောအိပ်ယာ
ခင်းထားပြီး ခေါင်းအုံးသန့်သန့်နှင့်ထားရှိသော အိပ်ယာတစ်ခု ရှိသည်။ ၎င်းအိပ်ယာအနီးတွင်
ရေအမြဲပြည့် လျက်ရှိသော ရေတကောင်းတစ်ခုလည်း ထားရှိသည်။ ၎င်းအိပ်ယာနှင့်ရေတကောင်းတို့သည်
တခြားမည် သူမျှ အသုံးမပြုရဘဲ အိမ်ရှင်ယောက်ျားကသာ အသုံးပြုသည်။ ဧည့်သည်လာလည်း ၎င်းကို
အသုံးမပြုရပေ။ ၎င်းအိပ်ယာကို ဂုံသျှမ်းတို့က (ဖါ့ဆေလဲန့်)ဟုခေါ်သည်။ ကြီးကျယ်ခမ်းနားသော
အလုပ်တစ်ခုခုကို လုပ် လျှင် သင့်တော်သောရက်ကို ရွေး၍ လုပ်ကြရသည်။ အလှူမင်္ဂလာနေ့၊ မသာအလောင်းမြှုပ်သည့်နေ့၊
အိမ် သစ်တက်သည့်နေ့ စသည်တို့ကို သူ့ရက်နှင့်သူ လုပ်ရသည်။ ဥပမာ - မသာမြှုပ်သောနေ့၊ မင်္ဂလာမဆောင်
ကောင်း စသည်တို့ဖြစ်သည်။
အမည်ပေးခြင်း
ကလေးများအမည်ပေးခြင်းကို ခမ်းနားသိုက်မြိုက်စွာ
ပြုလုပ်လေ့ မရှိပေ။ ပထမဦးဆုံးမွေးသည့် သားကို (အိုက်)သို့(လုံ)ဟုမှည့်ရသည်။ ဒုတိယမြောက်သားကို
(ယီ)ဟုမှည့်ရသည်။ တတိယမြောက်သား ကို (ဆမ်)ဟုခေါ်သည်။ စတုတ္ထသားကို (ဆိုင်)ဟုခေါ်သည်။ ပဉ္စမသားကို
(ဆဲန်)ဟုခေါ်သည်။ ဆဋ္ဌမသား၊ သတ္တမသား စသည်တို့ကို မိမိနှစ်သက်သောနာမည်ဖြင့် မှည့်ခေါ်နိုင်သည်။
ထို့ကြောင့် ဂုံသျှမ်းတို့၏အမည် မှာ အိုက်၊ ယီ၊ ဆမ်၊ ဆဲန်ဟူ၍ အစဉ်လိုက်ဖြစ်သည်။ ဂုံသျှမ်းတို့သည်
သင်္ကန်းမ၀တ်ရပါက လူစိမ်းဟူ၍ အ ခေါ်ခံရပြီး လူများဝိုင်းပယ်ခြင်းကို ခံရလေသည်။ အသက် ၈
နှစ်နှင့်၁၂ နှစ်အကြားတွင် ကိုရင်ဝတ်လေ့ရှိကြ သည်။
ဝါတော်ဆယ်ဝါနှင့်အသက် ၂၀ ပြည့်ပါက ဘုန်းကြီးဝတ်ကြရသည်။
ငယ်ရွယ်စဉ်ကလေးဘ၀တွင် ၎င်းနာမည်၏ရှေ့တွင် အိုက်တပ်၍ ခေါ်သည်။ ဥပမာ - ပထမသားဖြစ်လျှင် အိုက်လုံဟုခေါ်သည်။
ကိုရင် လူထွက်ဖြစ်ခဲ့လျှင် အမည်၏ရှေ့၌ (နွဲ့)တပ်၍ခေါ်သည်။ ဥပမာ - ဒုတိယသားက ကိုရင်လူထွက်ဖြစ်ခဲ့လျှင်
နွဲ့ယီဟုခေါ်သည်။ ဘုန်းကြီးလူထွက်ဖြစ်လျှင် အမည်ရှေ့၌ (နန်)တပ်၍ခေါ်သည်။ ဥပမာ - စတုတ္ထသားဖြစ်
လျှင် နန်ဆိုင်ဟုခေါ်သည်။ ဤနည်းအားဖြင့် ဂုံသျှမ်းတို့၏အမည်များကို လေ့လာ၍ ၎င်းတို့၏ပညာအရည်
အချင်းကို ချက်ချင်းသိနိုင်ပါသည်။ အမျိုးသမီးတို့၏အမည်မှာ ပထမသမီးကို (အွေ့)သို့(ယွေ့)၊
ဒုတိယသမီး ကို (အီ)၊ တတိယသမီးကို (အမ်)သို့(ယမ်း)၊ စတုတ္ထသမီးကို (အိုင်)ဟူ၍မှည့်ခေါ်ကြပါသည်။
ထို့ကြောင့် ဂုံ သျှမ်းအမျိုးသမီးတို့၏အမည်မှာ အွေ့၊ အီ၊ အမ်၊ အိုင်ဟူ၍ဖြစ်သည်။ ၎င်းနာမည်၏ရှေ့တွင်
ကလေးဘ၀၌ (အိ)တပ်၍ခေါ်သည်။ ဥပမာ - ပထမသမီးဖြစ်လျှင် (အိယွေ့)ဟုခေါ်သည်။ အပျိုပေါက်ဖြစ်လာသောအခါ
တွင် ၎င်းနာမည်ရှေ့တွင် (အိနန်း)သို့(နန်း)ဟုတပ်ခေါ်သည်။ ဥပမာ - ဒုတိယမြောက်သမီးဖြစ်လျှင်
အိနန်း အီ၊ (သို့) နန်းအီဟုခေါ်သည်။ အသက်ကြီးသောအမျိုးသမီးတို့၏အမည်ရှေ့တွင် (ပါ့) တပ်၍ခေါ်ရသည်။
ဥပမာ - တတိယသမီးဖြစ်လျှင် ပါ့အမ်းဟုခေါ်သည်။ ထို့ကြောင့် ဂုံသျှမ်းတို့၏အမည်များသည်
ရွာတစ်ရွာ၌ အမည်တူများ ရှိသည်။ သို့သော် ဂုံသျှမ်းတို့ နေထိုင်သောအိမ်သည် နာမည်တပ်ခေါ်လေ့ရှိသည်။
တစ်ဖန် ရွာနာမည် အိမ်နာမည်နှင့်လူနာမည်တို့ကိုတွဲ၍လည်း ခေါ်ကြသည်။
မင်္ဂလာဆောင်ကိစ္စ
ရှေးဦးစွာ သတိုးသား၏မိဘများသည် သတိုးသမီးမိဘများထံသို့သွား၍
စေ့စပ်ရသည်။ သတိုးသမီး ရွာရှိ သူကြီးထံလည်း အကြောင်းကြားရပါသည်။ ဤသို့စေ့စပ်သည့်အခါတွင်
သတိုးသမီး၏မိဘများက အခ ငွေ မည်မျှပေးရမည်ကို တောင်းဆိုသည်။ ၎င်းငွေများသည် ရွာသူကြီးနှင့်အမျိုးသမီးဘက်မှ
မိဘဆွေမျိုးတို့ ကသာ ခွဲဝေပေးကြရသည်။ မင်္ဂလာဆောင်သောနေ့တွင် သတိုးသားအိမ်မှ မွန်းလွဲပိုင်းချိန်တွင်
မိတ်ဆွေအ ပေါင်းနှင့်သတိုးသမီးအိမ်သို့ သွားကြရသည်။ သတိုးသားအိမ်မှစထွက်သောအချိန်သည်
သတိုးသား၏အ ၀တ်သေတ္တာတစ်လုံး၊ ဟင်းသီးဟင်းရွက်အချို့နှင့်သေတ္တာပေါ်တွင် (မစ်အွမ်)ခေါ်ဆင်စွယ်အရိုးငွေအိမ်ဖြင့်
ပြုလုပ်ထားသော ဓားမြှောင်တစ်ချောင်းကို ယူဆောင်သွားရသည်။ သတိုးသမီးအိမ်သို့ သတိုးသားကိုလိုက်
ပို့သောအခါတွင် သတိုးသား၏ညီအစ်ကို မောင်နှမများ မလိုက်ရပေ။ သတိုးသမီးအိမ်သို့ရောက်သောအခါ
တွင် ရွှေကြိုး ငွေကြိုးဖြင့် အတားခံရသည်။ သတိုးသမီးရွာက အပျိုခေါင်းက ပိုက်ဆံတောင်းသလောက်ပေး
နိုင်မှသာလျှင် ၀င်ခွင့်ရသည်။ သတိုးသားအိမ်ပေါ်အတက်တွင် သတိုးသမီးသည် အိမ်လှေကားထိပ်တွင်
စောင့်ကြိုနေသည်။ သတိုးသားနှင့်သတိုးသမီးသည် လှေကားထိပ်တွင် အတူယှဉ်၍ရပ်ပြီး သတိုးသမီး၏
အမေက (နမ့်မက်ဟန်)ခေါ် ကင်မွန်းသီးဖြင့် စိမ်ထားသောရေကို ခြေဆေးပေးရသည်။ ပြီးလျှင် အိမ်ဦးခန်း
သို့သွား၍ ဘုရားစင်ဘက်သို့မျက်နှာမူပြီး အတူယှဉ်၍ထိုင်ရသည်။ ၎င်းတို့ရှေ့တွင် ထမင်းပွဲတစ်ပွဲပြင်ထား
သည်။ ၎င်းထမင်းပွဲမှာ ကြက်သားပေါင်းတစ်စုံ(၂ကောင်)၊ ကောက်ညှင်းပေါင်း ၂ခွက်၊ ကွမ်းသီး၊
ငှက်ပျော၊ လ္ဘက်စသည်ဖြင့် ပြင်ထားသည်။ သြဘာစာဖတ်ပြီးပါက သတိုးသားနှင့်သတိုးသမီးကို
(မိုင်မက်မီး)ခေါ်ကြိုး ဖြူဖြင့် လက်ကောက်ဝတ်၌ ချည်ပေးကြသည်။ ကြိုးချည်ပြီး၍ သြဘာဖတ်ဆရာက
တောင်းသောဆုလာဘ် များပေးပြီးလျှင်ပြီးချင်း ၎င်းတို့၏ရှေ့ရှိ သတိုးသားက သတိုးသမီး၏ပါးစပ်ကို
ထည့်ရသည်။ ဤသည်မှာ ဦး ဆုံးထည့်ပေးနိုင်သူသည် နောင်တစ်ခါ၌ အိမ်ထောင်ရေးသြဇာလွှမ်းမိုးသည်ဟုအယူရှိသည်။
နောက်ပြီး လူ ကြီးမိဘများကို ကန်တော့ရသည်။
အိမ်ထောင်မှု
လင်မယာနှစ်ယောက် စကားများ၍ မိန်းမဖြစ်သူ
သူ့မိဘထံ သွားနေပြီး ၎င်းကို ပြန်ခေါ်ရန် အိမ်နီး ချင်း သို့မဟုတ် ယောက်ျားဘက်၌ ဆွေမျိုးမိဘများသွား၍
ခေါ်မှသာလာရသည်။ နှစ်ဘက်သဘောတူကွာ ရှင်းလိုလျှင် ရွာသူကြီးရှေ့မှောက်၌ မိန်းမဖြစ်သူက
ပျားဖယောင်းတိုင် ၂ တိုင်ဖြင့် ကွာရှင်းရသည်။
လူမှုဆက်ဆံရေး
ဂုံသျှမ်းလူမျိုးတို့သည် အခေါ်အဝေါ် အသုံးအနှုန်းတို့ကို
လွန်စွာယဉ်ကျေးသိမ်မွေ့လှသောစကား လုံးများသာ သုံးသည်။ လူ့အဆင့်အတန်းမရွေး လူကြီးလူငယ်မရွေး(ကျောက်ကျောက်ခါ့ခါ့)သာသုံးသည်။
(ဆူဆူဟောင်းဟောင်း)သုံးလေ့မရှိပေ။ ကျောက်ကျောက်ခါ့ခါ့နှင့်ဆူဆူဟောင်းဟောင်း အဓိပ္ပါယ်မှာ
ခင်ဗျား ကျွန်တော်ဟူသော အဓိပ္ပါယ်ရပါသည်။ သို့သော် ဆူဆူဟောင်းဟောင်းသည် ဂုံသျှမ်းတို့အနေဖြင့်
ရိုင်းစိုင်း သည်။ လူကြီးကို ဆက်ဆံလျှင် လွန်စွာမှ ရိုသေကိုင်းညွှတ်ပြုရသည်။
အိမ်ဆောက်လုပ်ခြင်း
သင်္ချိုင်းမြေ၊ ၀တ္တကမြေ၊ ကျောင်းကန်ဘုရားနေရာဟောင်း၊
နတ်ကွန်းနေရာဟောင်း၊ အိမ်နှစ်လုံး၏ နေရာဟောင်းစသည်တို့ကို တစ်ဝက်တစ်ပျက်ဖြစ်စေ၊ နေရာဟောင်းတစ်ကွက်လုံးဖြစ်စေ၊
အိမ်သစ်ဆောက် လုပ်ခြင်းကို ရှောင်ကြဉ်သည်။ အိမ်ဆောက်ရာတွင် ရပ်ရွာအားလုံး ၀ိုင်းဆောက်ပေးခြင်း၊
အခကြေးငွေပေး၍ အိမ်ဆောက်ခြင်းများ ပြုလုပ်ကြသည်။ အိမ်သစ်တက်ပွဲကို ကြီးကျယ်ခမ်းနားစွာ
လုပ်လေ့ရှိသည်။
အလုပ်အကိုင်
ဂုံသျှမ်းတို့သည် ကျဉ်းမြောင်းသော မြေပြန့်ဒေသ၌သာနေကြရသောကြောင့်
လယ်ယာလုပ်ငန်းကို အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည်။ ခြံလုပ်ငန်းသည် ဒုတိယလုပ်ငန်းဖြစ်သည်။
ဆန်စပါးများသည် ကောက်ညှင်းစပါးကို အဓိကစိုက်သည်။ ဂုံသျှမ်းတို့သည် ကောက်ညှင်းသာ စားသုံးကြသည်။
လယ်လုပ်ငန်း သိမ်းပြီးသောအခါတွင် ခြံလုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ခြံစိုက်သီးနှံများမှာ
သခွါး၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပါသည်။
အခြားလုပ်ငန်းများမှာ ငါးမွေးကန်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းဖြစ်၍ ထိုလုပ်ငန်းမှာ တတိယလုပ်ငန်းဖြစ်သည်။
ရွာတိုင်းရွာတိုင်းသည် ငါးမွေးကန် များစွာရှိသည်။ ၎င်းရေကန်များတွင် မြေစာဥလည်း စိုက်ပျိုးကြသည်။
ပဒေသရာဇ်စော်ဘွားအုပ်စိုးချိန်တွင် မြေစာဥကို လော်လီကားကြီးများဖြင့် ယိုးဒယားသို့
ရောင်းကုန်အဖြစ် ရောင်းခဲ့သည်။ ထို့အပြင် ၎င်းရေကန် များ၌ ကျွဲခေါင်းသီးကိုလည်း စိုက်ကြသည်။
မွေးမြူရေးလုပ်ငန်းမှာ မိရိုးဖလာမှရှိခဲ့သော ကျွဲ၊ နွား၊ ဘဲ၊ ၀က် စသည်တို့ကိုသာ မွေးမြူကြသည်။
လူပျိုလှည့်ခြင်း
၁၆ နှစ်သား၊ ၁၄ နှစ်သမီးအရွယ်ရောက်လျှင်
အိမ်ထောင်ပြုနိုင်သည်။ ရှေးအခါက အသက် ၂၀ ကျော်မှ အိမ်ထောင်ပြုနိုင်သည့်အရွယ်ဟုအဆိုရှိခဲ့ပါသည်။
လူပျိုများသည် ညအခါ၌ အပျိုတို့ကိုလှည့်ရ သည်။ အပျိုများသည် ရွာအတွင်းရှိ အပျိုခေါင်းအိမ်၌
သွားရောက်စုဝေး၍ ဗိုင်းငင်ကြသည်။ လူပျိုများသည် အပျိုများကို လှည့်သောအခါတွင် မိမိ၏မျက်နှာများကို
စောင်ဖြင့် ဖုံးထား၍ မျက်စိတစ်ခုစာ အပေါက်သာ ဖေါ်ပြီး အပျိုကို စကားပြောရသည်။ အပျိုစကားပြောသောအခါတွင်
စကားလိမ် စကားထာများဖြင့် ပြောရ သည်။ တစ်ဦးတည်းဖြင့် အပျိုအိမ်ကို သွားလည်သောအခါတွင်
မိန်းကလေး၏မိဘများက လာလည်သော လူပျိုသည် မည်သူဖြစ်ကြောင်း သိထားပါက ၎င်းကို လွတ်လပ်စွာ
စကားပြောနိုင်ရန် ရှောင်ပေးသည်။
အသုဘကိစ္စ
အသုဘသင်္ဂြိုဟ်ရန် ရက်ရွေးရသည်။ အသုဘသင်္ဂြိုဟ်မည့်ရက်တွင်
အသုဘအိမ်မှသင်္ချိုင်းသို့သွား ရာလမ်းတစ်လျှောက်ရှိ အိမ်များသည် ခြံဝင်းတံခါးကိုပိတ်ပြီး
၎င်းတံခါးပေါက်တွင် ပြာများဖြင့် စည်းမျဉ်းကဲ့ သို့ တားထားရသည်။ အသုဘအိမ်၌ ရှိစဉ် တစ်ရက်ကို
ဘုန်းကြီးသုံးကြိမ်ပင့်၍ ပရိတ်ရွတ်ရသည်။ မွန်းလွဲ ပိုင်းသို့ရောက်မှ အသုဘကို သင်္ချိုင်းသို့ယူဆောင်သွားရမည်။
အသုဘသင်္ဂြိုဟ်မည့်နေ့တွင် ၎င်းအိမ်ရှိမီးဖိုကို အသုံးမပြုရပေ။ မီးဖိုရှိပြာကို မျက်နှာပြင်ညီညာစွာ
လုပ်ထားပြီး စကောဖြင့် ဖုံးအုပ်ထားရသည်။ အသုဘမြေ မြှုပ်ပြီး အိမ်သို့ပြန်လာ၍ ၎င်းကိုဖွင့်ကြည့်သောအခါ
လူခြေရာကဲ့သို့ထင်ပါက နောင်အခါတွင် မွေးဖွားဦးမည် ဟုအယူရှိသည်။ အသုဘမြေမြှုပ်သည့်အခါတွင်
ခေါင်းအတွင်းမှထုတ်ပြီး မြေမြှုပ်ရသည်။
ကျင်းပသောပွဲတော်များ
ဘုရားတစ်ဆူတွင် တစ်နှစ်အတွင်း အနည်းဆုံးနှစ်ကြိမ်
ကျင်းပကြသည်။ ဆောင်းတွင်းအခါတွင် တစ်ကြိမ်၊ နွေအကုန် မိုးအကူးတွင် တစ်ကြိမ် ကျင်းပကြသည်။
ဆောင်းတွင်းအခါတွင် ဘုရားပွဲကို မီးပုံးပျံ ဖြင့် ပူဇော်ကြသည်။ မိုးအခါတွင် ကျင်းပသော
ဘုရားပွဲကို မီးရှူးများဖြင့် ပူဇော်ကြသည်။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလများတွင်
ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲမှ ဇာတ်တော်တစ်ခုကို လှူဒါန်းကြသည်။ တပေါင်း၊ တန်ခူး၊ ကဆုန်လများတွင်
ရှင်ပြုပွဲများ ကျင်းပလေ့ရှိကြသည်။
သတ်မှတ်သော ရက် လ များ
အချို့သောနှစ်များတွင် မြန်မာရက်များထက်
တစ်ရက်နောက်ကျသည်။ ဂုံသျှမ်းတို့ သတ်မှတ်သော ရက် လများမှာ ယိုးဒယား၊ လော၊ သီဟိုဠ်တိုင်းပြည်များ၌
သတ်မှတ်ထားသော ရက် လ များနှင့်တူသည်ဟု ဆိုကြသည်။
ဆိုင်နွဲ့(ခေမရဋ်)
မှတ်ချက်။ ။ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ(၁၀)နှစ်မြောက်စာစောင်(၂၀-၁၀-၇၄)
စာမျက်နှာ(၁၇-၂၀)ထိလာရှိသော ဆောင်းပါးကို ပြန်၍စာစီရိုက်ထားပါသည်။
No comments:
Post a Comment