Popular Posts

Wednesday, July 31, 2013

ကျော့ခေါင်းမှ စော်ဘွားသို့

    တောင်ပိုင်းရှမ်းပြည်၊ တောင်ကြီးခရိုင်၊ ဓနုအမျိုးသားများဒေသ၊ မြေလတ်နယ်ရှိ...
(၁)    ရငံ သို့မဟုတ် ရွာငံ
(၂)    ကျုံး
(၃)    ပင်မှီ
(၄)    ပင်းဒယနယ်တို့သည် ပထမအမရပူရမြို့တည် နန်းတည် ဗဒုံမင်းတရားခေါ် ဘိုးတော်ဘုရား(ဦးဝိုင်း)လက်ထက်ကစ၍ “ငွေခွန်မှူး”ခေါ် နယ်ရှင်များအုပ်ချုပ်သောနယ်များ ဖြစ်ကြသည်။

    ဘိုးတော်ဘုရားလက်ထက်တော်သို့ မရောက်မီ ရှေးအလွန်ကျသော မြန်မာနေထွက်ဘုရင်များနှင့်ပဒေသရာဇ်စော် ဘွားနေ၀င်ဘုရင်များလက်ထက် အဆိုပါငွေခွန်မှူးခေါ် နယ်ရှင်များ မရှိခဲ့ပါ။

    “ဟံသာဝတီဆင်ဖြူရှင်” “ဘုရင့်နောင်”လက်ထက် ဇင်းမယ်၊ ယိုးဒယား၊ “လင်းဇင်း”တိုင်းများကို အတိုက်အခိုက် အ သိမ်းအယူ စစ်ချီတက်သွားသောအခါ ညောင်ရွှေနယ်ဘက်မှ စစ်ချီတက်သွားရသည်။

    လင်းဇင်းတိုင်းကို ရှမ်းဘာသာ “လန့်စန့်”ဟုခေါ်သည်။ “လန့်”တစ်သန်း၊ “စန့်”ဆင်အဓိပ္ပါယ်ဖြစ်၍ ဆင်တစ်သန်းနယ် ဟုခေါ်သည်။ တစ်နည်းအားဖြင့် “ဆစ်(ပ်)ဆောင်ပန္နားဟုလည်း ခေါ်သေးသည်။ ဆစ်(ပ်)ဆောင်=၁၂၊ ပန္နား=နယ် ဖြစ်ရာ နယ်ကြီး(၁၂)နယ်ဟုလည်း ခေါ်သည်။

    “လန့်စန့်” သို့မဟုတ် “ဆစ်(ပ်)ဆောင်ပန္နား”နယ်သည် မြန်မာပြည်အရှေ့မြောက် ယူနန်တောင်ပိုင်းတွင် ရှိပြီး ယခု တရုပ်နီလက်အောက် ရောက်ရှိနေသည်။

    မြန်မာဘုရင်ကို မမြင်ဖူး၍ ၀င်ရောက်ဖူးတွေ့လိုကြသော မြေလတ်နယ် ဓနုအမျိုးသားအချို့က ရွှေမှုန့်၊ ငွေမှုန့်၊ ဂျင်းစိမ်း နနွင်းစိမ်း၊ ကန်တော့လက်ဆောင်များနှင့်ဝင်ရောက်ဖူးတွေ့ကြသည်။

    ဟံသာဝတီဆင်ဖြူရှင်က ၎င်းတို့၏အမည်နာမနေရပ်ဒေသများကို ပုရပိုက်တွင် ရေးမှတ်စေပြီး ညောင်ရွှေစော်ဘွားထံ ကြည့်ရှုရန် အပ်နှံထားခဲ့သည်။

    ဗဒုံမင်းတရားခေါ် ဘိုးတော်ဘုရားလက်ထက်ရောက်သောအခါ လူနေအိမ်ခြေ စည်ပင်တိုးပွား ရပ်ရွာဒေသကွဲပြား၍ ကျေးရွာတွင် သူရသတ္တိရှိပြီး ကတိတည်ကြည် ဖြောင့်မတ်သောသူကို “ကျော့ခေါင်း”ဟုခေါ်သော အကြီးအမှူးတင်မြှောက်ကြ လေသည်။ ပြည်ထောင်စုခေတ် “ကယား”ဟုခေါ်သောကရင်နီနယ်က ထကြွသောင်းကျန်းသောအခါ “ကျော့ခေါင်း”နယ်များမှ လူသူလက်နက် လိုက်ပါတိုက်ခိုက်ကြသောကြောင့် အရေးပြီးပြေသောအခါ ရငံကျော့ခေါင်း၊ ကျုံးကျော့ခေါင်း၊ ပင်မှီကျော့ ခေါင်း၊ ပင်းဒယကျော့ခေါင်းတို့အား ဘိုးတော်ဘုရားအမိန့်နှင့်ငွေခွန်မှူး ခန့်အပ်ပြီး အစီးအနင်း အဆောင်အယောင်များပါ ချီး မြှင့်တော်မူသည်မှာ...
၁။    ရွှေထီးတစ်လက်ဆောင်း
၂။    ရွှေဖလားသောက်
၃။    ငွေထွေးခံထွေး
၎။    ငွေဓါးတစ်လက်ကိုင်
၅။    တကောင်းက မြင်းရထားတွင် မြင်းကခတောင်ကို အနီတစ်စုံ၊ သက္ကလပ်ကုံးနီ၊ အမိုးဖြူပန်းပွားတပ်ခွင့် ပေးသည်။
    မြန်မာဘုရင်မင်းပွဲသဘင် ဆင်ယင်ကျင်းပသောအခါ ဘုရင်ရှေ့တော်တွင် စော်ဘွား မြို့စားများနှင့်ရောနှောနေထိုင် ခံစားခွင့်ရသည်။

    ငွေခွန်မှူးတို့ကို နေပြည်တော်မှ ငွေခွန်ဝန်နှင့်ကျည်ဝန်တို့က ကြည့်ရှုရပြီး ၎င်းတို့နယ်မှာလည်း ငွေခွန်အုပ်တစ်ယောက်၊ ငွေခွန်ဝန်က ခန့်ထားသည်။

    “အခွန်အတုပ်မှာ အထူးခန့်ခွဲရိုးမရှိ၊ အမှုကိစ္စပေါ်ပေါက်လာမှသာ ပြန်ညှိတောင်းခံခြင်း ရှိသည်။ တရားရာဇ၀တ်အမှု အခင်းများမှာလည်း အချင်းချင်း ဆုံးဖြတ်၍ မပြီးလျှင် ငွေခွန်အုပ်ထံသို့ လွှဲအပ်ဆုံးဖြတ်စေရာသည်။

    ငွေခွန်အုပ်နှင့်မပြီးပြေလျှင် နေပြည်တော် ငွေခွန်ဝန်ထံဖြစ်စေ၊ ညောင်ရွှေစော်ဘွားထံဖြစ်စေ အမှုသည် သဘောတူရာ သို့ သွားရောက်နာခံကြရသည်။

    ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက်တော်သို့ ရောက်ရှိသောအခါ ငွေခွန်မှူးတို့ကို ငွေခွန်ဝန်နှင့် ကျည်ဝန်တို့က အအုပ်အထိန်း စေလွှတ်၍ မထားရ။ မိုးနဲ၊ မိုးဗြဲ၊ တပ်ရံဗိုလ်မှူးကြီးမင်းသားကြီးများနှင့်စစ်ကဲကြီးတို့အား လွှဲအပ် သည့်အခါ လွှဲအပ်၍ မြေလတ်ဝန်ဟုသီးခြားခန့်အပ် စီမံခန့်ခွဲသည့်အခါ စီမံခန့်ခွဲသည်။ ညောင်ရွှေစော်ဘွားထံ ပြန်အပ်သည့် အခါလည်း ပြန်အပ်သည်။
   
    ငွေခွန်မှူးတို့သည် မိမိတို့ဖွားစားအုပ်ချုပ်သောနယ်ပယ်ကို ကောင်းစွာ မထိန်းသိမ်း၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း၊ မမှန်မကန် ထုံးစံကို လွန်ကျူး၍ အခွန်ဘဏ္ဍာခွဲခန့်ကောက်ခံခြင်းများရှိလျှင် တစ်ကြိမ်မှ သုံးကြိမ်တိုင်အောင် ဗိုလ်မှူးစစ်ကဲကြီး တို့က ကျိုးကြောင်းပြသ ညွှန်ကြားသွန်သင်လေသည်။

    သွန်သင်၍ နားထောင်မှုမရှိမှသာ ဘုရင်မင်းမြတ်ထံ တင်လျှောက်သည်။ ဘုရင်မင်းမြတ်က ခေါ်ယူသွန်သင်၍ မနွံနာ ရှိမှသာ သင့်ရာအပြစ် စီရင်လေသည်။ သို့ရာတွင် ရိုးရာမပျက်စေဘဲ ဆက်လက်ချီးမြှောက်လေသည်။

    ရငံငွေခွန်မှူး “မောင်ထွန်းလင်း”သည် နယ်သူနယ်သားများ အနေအစားကြပ်တည်းကျဉ်းမြောင်းအောင် အမျိုးမျိုးဖိနှိပ် အုပ်ချုပ်သောကြောင့် “ရငံ”နယ်သူနယ်သားများ မခံရပ်နိုင်ကြ၍ ထကြွဆူပူသောင်းကျန်းကြရာ နှိမ်နင်းပြီးနောက် မောင်ထွန်း လင်းသည် နယ်သူနယ်သားများနှင့်သင့်တင့်အောင် မနေသောကြောင့် နယ်သူနယ်သားများ ထကြွသောင်းကျန်းသည်ဟုမင်း တုန်းမင်းကြီးက မောင်ထွန်းလင်းကို ရာထူးမှချ၍ ဗန်းမော်နယ်(နဂူ)ဆိုသောအရပ်သို့ ပို့ထားရာ ၎င်းနဂူအရပ်မှာပင် အနိစ္စ ရောက်လေသည်။ မောင်ထွန်းလင်းကို ရာထူးမှ ချပြီး ၎င်း၏အဆက်အနွယ် “မောင်ညိုစိန်”ကို ငွေခွန်မှူးရာထူးခန့်ထားပြီး သက္ကရာဇ်(၁၂၃၅)ခုနှစ်တွင် “မြို့စားရာထူးသို့ တိုးမြှင့်ခန့်ထားလေသည်။

    မြို့စားမောင်ညိုစိန်သည် သက္ကရာဇ်(၁၂၃၇)ခုနှစ်တွင် ကိုယ်ရေးကိုယ်တာအတွက် မန္တလေးမြို့သို့ တက်၍ ခေတ္တနေ စဉ် အနောက်ဝင်းတော်မှူး “ဦးပိုင်”က လုပ်ကြံ၍ ကွယ်လွန်အနိစ္စ ရောက်လေသည်။

    မင်းတုန်းမင်းက အနောက်ဝင်းတော်မှူး“ဦးပိုင်”ကို ရာထူးမှချပြီး ဗန်းမော်နယ် ငွေခွန်မှူးမောင်ထွန်းလင်း ကွယ်လွန် အနိစ္စရောက်သော (နဂူ)အရပ်သို့ ပို့ထားရာ ၎င်းအရပ်မှာပင် “ဦးပိုင်”အနိစ္စ ရောက်သွားသည်။

    မောင်ညိုစိန်၏သား (၁၀)နှစ်အရွယ် လူမမယ်(မောင်သူတော်)ကို မင်းတုန်းဘုရင်က မြို့စားရာထူးခန့်၍ ၎င်း၏မိဒွေး မယ်သိုင်းကို ရင်ခွင်ပိုက်အဖြစ်နှင့်အုပ်ချုပ်စေလေသည်။ ငွေခွန်မှူးမောင်ထွန်းလင်းလက်ထက် အနှိပ်အစက်အမျိုးမျိုးခံရ၍ မောင်ထွန်းလင်းကို ရန်ညှိုးမပြေ သင်းအမျိုးတွေကို ဂလဲ့စားချေမည်ဟု အမြဲကြံစည်နေသော “တမင်ဘောင် ဟိန်မိုးသည်” မောင်ညိုစိန်လက်ထက်က ကြံစည်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရှိခဲ့ချေ။

    မောင်သူတော်နှင့်မယ်သိုင်းတို့ လက်ထက် ရငံနယ်အုပ်ချုပ်၍ (၁၀)ရက်မျှ ကြာသောအခါ တမင်ဘောင်ဟိန်မိုးနှင့်သား မက်ဘုရားဒကာ “ချစ်စု”တို့က လူသူလက်နက်စု၍ တိုက်ခိုက်ရန် ချီတက်လာသောကြောင့် မောင်သူတော်နှင့်မယ်သိုင်းတို့ ပင်းယနယ်သို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။ တမင်ဘောင်ဟိန်မိုးနှင့်သားမက်ချစ်စုတို့ ရငံနယ်ကို အုပ်ချုပ်၍ (၂၅)ရက်မျှ ကြာသောအခါ မောင်ညိုစိန်၏အဆက်အနွယ် “မောင်အုန်းဘင်”ဆိုသူက လူသူလက်နက် စုရုံးချီတက် တိုက်ခိုက်ရာ ဟိန်မိုးနှင့် ချစ်စုတို့ ထွက်ပြေးရလေသည်။

    မောင်အုန်းဘင်သည် မင်းတုန်းမင်းလက်ထက်မှ သီပေါမင်းလက်ထက်အထိ ငွေခွန်မှူးရာထူးနှင့်ရငံနယ်ကို အုပ်ချုပ် လေသည်။ သက္ကရာဇ် ၁၂၄၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက် အသက်အရွယ်(၂၆)နှစ်မျှရှိသေးသော သီပေါဘုရင် နှင့်အသျှင်ထိပ်စုမြတ်တို့အား စာချုပ်ရန် ခေတ္တလိုက်တော်မူပါဟု ဗြိတိသျှစစ်ဗိုလ်စစ်သားများက လိမ်လည်လှည့်စား၍ ကြက် ကလေး ငှက်ကလေးများကို ဖမ်းယူသလို ဖမ်းယူသွားပြီးနောက် ထီးကျိုးစည်ပေါက် ပြည်ယောက်ယက်ဖြစ်နေသောအချိန်တွင် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသည့်အတိုင်း မြေပြန့်မှ ဓားပြဗိုလ်ကြီး “ဗိုလ်ငါးလံ” သို့မဟုတ် “ဗိုလ်ငလံ” သည် မြေလတ်သို့လာရောက်ပြီး ရငံရွာသား “ဗိုလ်ဦးကျား”နှင့်ပူးပေါင်း၍ မောင်အုန်းဘင်ကို တိုက်ခိုက်ရာ မောင်အုန်းဘင် အရေးမသာသောကြောင့် ဗြိတိသျှအစိုးရအုပ်ချုပ်လျက်ရှိသော တောင်ငူသို့ထွက်ပြေး၍ ဗြိတိသျှအစိုးရလက်အောက်ဝင်ရောက် ခိုလှုံလေသည်။ မြန်မာပြည်အားလုံးကို ဗြိတိသျှအစိုးရတို့သိမ်းယူပြီးနောက် ရှမ်းပြည်တောင်ပိုင်းအရေးပိုင်(ရှမ်းပြည်မင်းကြီး) က ဗိုလ်ငါးလံနှင့်ဗိုလ်ကျားတို့ကို ဖမ်းဆီးနှိမ်နင်းပြီးနောက် မောင်အုန်းဘင်ကို ရငံငွေခွန်မှူးရာထူး ထပ်မံခန့်အပ်တင်မြှောက်လေ သည်။

    သက္ကရာဇ် ၁၂၅၀-ခုနှစ်တွင် မောင်အုန်းဘင် ကွယ်လွန်အနိစ္စရောက်၍ မောင်သူတော်မှာလည်း အရွယ်ရောက်လာပြီ ဖြစ်သောကြောင့် ၎င်းကိုပင် ရငံငွေခွန်မှူး ခန့်အပ်တင်မြှောက်လေသည်။

    ဗြိတိသျှအစိုးရလက်ထက် ငွေခွန်မှူးတို့ကို ရာဇ၀တ်တရားသူကြီးအာဏာနှင့်ခန့်အပ်ထားလေသည်။ ထိုနယ်များ၏အ ကျယ်အ၀န်းမှာ-

၁။    ရငံ၊ စတုရန်းမိုင် (၃၅၉)မိုင်
၂။    ပင်းဒယ၊ စတုရန်းမိုင် (၈၆)မိုင်
၃။    ကျုံး၊ စတုရန်းမိုင် (၂၄)မိုင်
၎။    ပင်မှီ၊ စတုရန်းမိုင် (၄၀)မိုင်

    “နယ်ချဲ့လက်အောက် ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ပြီး ပြည်ထောင်စုခေတ် ရောက်သောအခါ ရှမ်းကုန်းပြင် မြင့်ရှိ စော်ဘွားမြို့စား ငွေခွန်မှူး အစရှိသော နယ်ရှင်များအား အဆင့်အတန်းအခေါ်အဝေါ် ခွဲခြားမထားတော့ဘဲ အုပ်ချုပ်မှု လွယ်ကူစေရန် နယ်ရှင်အားလုံးကို “စ၀်ဖလုံ”စော်ဘွားကြီးဟု ခေါ်ဝေါ်သုံးနှုန်း၍ ရာထူးအဆင့်အတန်း အတူထားလေသည်။

    “မြန်မာသက္ကရာဇ် ၁၃၂၀-ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ခရစ်သက္ကရာဇ် ၁၉၅၉-ခုနှစ်၊ ဧပြီလ ၂၄ ရက် ၃၃ နယ် သော နယ်ရှင်စော်ဘွားများ မိမိတို့အုပ်ချုပ်ရေးအာဏာများကို စွန့်လွှတ်၍ ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးပြီးနောက် စော်ဘွားများ ပင်စင်လစာအဖြစ် လျော်ကြေးငွေ အသီးသီး ရရှိကြရာတွင်...

၁။    ရငံစော်ဘွား ၁၅၆,၀၂၆ (တစ်သိန်းငါးသောင်း၊ ခြောက်ထောင်၊ နှစ်ဆယ့်ခြောက်ကျပ်)
၂။    ပင်းဒယစော်ဘွား ၂၇၀,၁၃၉ (နှစ်သိန်းခုနစ်သောင်း၊ တစ်ရာ့သုံးဆယ့်ကိုးကျပ်)
၃။    ကျုံးစော်ဘွား ၅၀,၀၀၀ (ငါးသောင်း)
၎။    ပင်မှီစော်ဘွား ၅၀,၀၀၀ (ငါးသောင်း)
    စော်ဘွားများ မိမိတို့နယ်ပယ်အတွင်းမှ နှစ်စဉ်ကောက်ခံရရှိသော အခွန်တော်ငွေကို မူတည်၍ ပင်စင်လစာလျော်ငွေ အဖြစ် အသီးသီးရရှိကြရာ မြေလတ်နယ် ‘‘စ၀်ဖလုံ”စော်ဘွားကြီးများ အထက်ပါအတိုင်း ရရှိကြလေသည်။


    ကျော့ခေါင်းမှ စော်ဘွားအဖြစ်သို့ ရောက်ရှိကြသော မြေလတ်နယ်ရှင်များအကြောင်း သိကောင်းစရာများကို စာရေးသူ သုတေသနပြုမိသမျှ ချစ်ကြည်ရေးကဏ္ဍမှ ပြည်ထောင်စုသို့ တင်ပြအပ်ပါသည်။   
   
   
   
ဒါရိုက်တာဆရာမြင့်




မှတ်ချက်။    ။၁၉၆၉-ခုနှစ်၊ စက်တင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၃၉ မှ ၄၁ ထိ)၌လာရှိသောဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။

No comments:

Post a Comment