Popular Posts

Wednesday, July 31, 2013

ဘုရင့်ခေတ်က တိုင်းရင်းသားများ

          မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများတွင် အခြေခံအားဖြင့် တူညီ သော ယဉ်ကျေးမှုများ ရှိခဲ့သည်။ တစ်ဦး၏ဓလေ့ထုံးတမ်းတို့ကိုလည်း တစ်ဦးက လေးစားကြ၏။ သူ့နယ် ကိုယ့်နယ် မခွဲခြားပဲ ၀င်ထွက်ကာ ရောင်းဝယ်ဖောက်ကားကြ၏။ ရှမ်း၊ မွန်၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့်မြန် မာတို့သည် တစ်စိတ်တစ်ဝမ်းတည်း အမှုထမ်းကြ၏။ မည်သူတို့ကိုသာ ရာထူးကြီးကြီးပေးသည် မည်သူ့အား မပေးဟူ၍ မရှိခဲ့။ တာဝန်ကျလေရာ၌ အမှုကုန်အောင် ထမ်းဆောင်ခဲ့ကြသည်။ ဤသို့လျှင် သွေးစည်းညီ ညွှတ်ခဲ့သောသာဓက မြောက်မြားစွာရှိခဲ့သည်။
          အလောင်းမင်းတရားလက်ထက်တွင် သမိန်ဘရမ်းဘွဲ့ခံ ငသိုက်စပ်၊ ဗညားဥပရာဇာ၊ မုတ္တမမြို့ဝန် ဗညားဗလ၊ နောင်တော်ကြီးလက်ထက်တွင် လကွန်းအိမ်၊ ဆင်ဖြူရှင်လက်ထက်တွင် ဗညားလော၊ သမိန် ကျော်ခေါင်၊ ဗညားဦး၊ သမိန်စက္ကဝေါ၊ ဗညားဒလ၊ ငစဥ့်ကူးမင်းလက်ထက်တွင် ပန်းဖဲဝန် မဟာဗညားကျန်း တော(ဦးမောင်မောင်တင်၊ ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီး၊ (ပတွဲ)၊ ရန်ကုန်၊ လယ်တီမဏ္ဍိုင်ပုံနှိပ် တိုက်၊ (တ)နှိပ်၊ ၁၉၆၇၊ စာ ၃၈၊ ၇၅၊ ၂၇၅၊ ၃၃၀၊ ၃၅၁၊ ၃၆၈၊ ၄၂၁၊ ၅၁၄)၊ ဗဒုံမင်းလက်ထက်တွင် အမတ် ဒိန်၊ ဗညားကျန်းတော၊ ဗညားသံလိုက်၊ ဗညားအဲမွန်တရာ၊ ဗညားလကွန်းအိမ်၊ ဗညားရာဇကျော်ထင်၊ ဗညားကျော်ထင်ကျော်၊ တောင်ဖက်မြင်းဝန်သမိန်သံလိုက်(ထို၊ (ဒုတွဲ) ၁၉၆၇)၊ စာ ၃၈၊ ၇၁)၊ မင်းတုန်းမင်း လက်ထက် ရှေ့ဝင်းမှူး သူရဲဝန်ကြီးမဟာသမိန်ဘေဖြတ်စ၊ အလုံမြို့ဝန် အမြင့်ငါးမြို့ဝန်မင်းကြီး မဟာသမိန် ဘရမ်း(သူရဲဝန်ဦးရွှေလုံးဟုလည်း ထင်ရှားခဲ့သူ ဖြစ်သည်။)၊ အောက်မြစ်စဉ်ဝန်မင်းလက်ဝါး(မွန်အများသား များထဲတွင် ထင်ရှားသူ မင်းလက်ဝါးကြီးမှာ သီပေါမင်းလက်ထက်တိုင် ဆက်လက်အမှုထမ်းခဲ့ပြီး မင်းလှခံ တပ်မှနေ၍ ဗြိတိသျှတို့အား တိုက်ခိုက်ခဲ့သူဖြစ်သည်။ ဘွဲ့မှာ မင်းကြီးသူရမဟာမင်းခေါင်သမိန်ဘရမ်းဖြစ် သည်။)၊ သီပေါမင်းလက်ထက် ရှေ့ဝင်းမှူး မင်းကြီးသူရမဟာမင်းခေါင် သမိန်ဘရမ်း၊ မင်းကြီးမဟာမင်းလှ သမိန်စက်စသည်တို့မှာ တပ်ဗိုလ်၊ တပ်မှူး၊ ၀န်မြို့စားများအဖြစ် သူကောင်းပြုချီးမြှင့်ခြင်းခံခဲ့ရသည့်မွန်အမျိုး သားများဖြစ်ပေသည်။ မင်းတုန်းမင်းလက်ထက်တွင် သတိုးဗညားကျန်း၊ သတိုးဗညားလော၊ သတိုးဗညား ဒေါဟူ၍ ဘွဲ့အမည်အရည်ရသည့်ကျပင်းမင်းသား၊ ရွှေကူမင်းသား၊ ရနောင်မင်းသားစသောသားတော် မင်း သားသုံးပါးမှာ မွန်မင်းရိုး မင်းမျိုး မင်းမိဖုရားများမှ မြင်သည့်သားတော်များပင် ဖြစ်သည်။(ကုန်းဘောင်ဆက်၊ (တတွဲ) ၁၉၆၈) စာ ၂၈၃၊ ၂၈၉၊ ၃၀၈၊ ၃၂၈၊ ၄၃၅၊ ၄၅၆၊ ၇၄၇) ထို့ပြင် မင်းတုန်းမင်းသည် မိမိ၏သားတော်၊ သမီးတော်များအနက် မွန်မိဖုရား သီရိသုစန္ဒာတွင် မြင်သည့် တပင်တိုင်နန်းနှင့်စံမြန်းရသူ သမီးတော်စလင်း မြို့စား သီရိသုမြတ်စွာရတနာဒေ၀ီနှင့်သားတော်ကျပင်းမြို့စား သတိုးဗညားကျန်းတို့ကို အချစ်ဆုံးဖြစ်၍ သမီးစလင်း၊ သားကျပင်းဟူ၍ပင် အဆိုရှိသည်။
          အနောက်ကရင်နီနယ် ကြယ်ဖိုးကြီးနှင့်မြင်ကွန်းစားတို့သည် မင်းတုန်းမင်းအား ပုန်ကန်လျက်ရှိခဲ့၏။ ထိုသူပုန်တို့ကို အရှေ့ကရင်နီအကြီးအကဲများဖြစ်သော စောလှဘော်၊ စောမော်ကား၊ စောနက်တဲ့တို့က ၁၈၆၇ ခုနှစ်၊ မတ်လတွင် နှိမ်နင်းပေးခဲ့သည်။ ထိုသို့ သူပုန်ရန်ကို နှိမ်နင်းပေးခဲ့သည့်အတွက် ရွှေစလွယ်၊ လွန်းများပုဆိုး၊ ခေါင်းပေါင်းအုပ် စသည်တို့ကို မင်းတုန်းမင်းက ဆုအဖြစ် ချီးမြှင့်ခဲ့၏။(ကုန်းဘောင်ဆက် (ပတွဲ)စာ ၃၆၆)
          ရှမ်းအမျိုးသားများထဲမှာလည်း ကျိုင်းရုံးကြီးတွင် သေဉ်ဝီဘွားရာဇပွတ်၏မြေး နော်ခမ်းကို သာယာ ၀တီမင်းလက်ထက်၌ ဇောတိနဂရ မဟာရာဇာအမည်နှင့်အဆောင်အရွက်ပေးပြီးလျှင် ကျိုင်းရုံးကြီးသေဉ်ဝီ ဘွားခန့်တော်မူသည်။(ကုန်းဘောင်ဆက်၊ (တတွဲ)၊ စာ ၃)
          သီပေါစော်ဘွားကြီး စောလှခန်းအားလည်း ကမ္ဗောဇရဋ္ဌ မဟာဝံသ သီရိပ၀ရဓမ္မရာဇာဘွဲ့ဖြင့် ချီးမြှင့် ခဲ့သည်ကိုလည်း တွေ့ရသည်။ အခြားသော ရှမ်းအမျိုးသားများထဲမှလည်း ဘွဲ့အမည်များ အပ်နှင်းထားသည် ကို တွေ့ရသေးသည်။
          အကျဉ်းမျှဖေါ်ပြရသော် သိန္နီစော်ဘွား နော်ဘွားအား သုဓမ္မရာဇာ၊ မိုးနဲစော်ဘွားခွန်ချီအား သီရိ သုဓမ္မရာဇာ၊ ညောင်ရွှေစော်ဘွားမောင်စောမောင်အား ကမ္ဗောဇရဋ္ဌ သီရိပ၀ရ မဟာဝံသ သုဓမ္မရာဇာ၊ သီပေါစော်ဘွား စောလှခန်းအား သီရိပ၀ရ သုဓမ္မရာဇာ(ကုန်းဘောင်ဆက်၊ (တတွဲ)၊ စာ ၇၅၆) စသည်ဖြင့် ရှမ်းအမျိုးသားများစွာတို့အားလည်း ဘွဲ့အမည်များ ပေးအပ်ခဲ့သည်ကိုထောက်၍ ရှမ်းနှင့်မြန်မာတို့သည် ထို ခေတ်အချိန်က စည်းစည်းလုံးလုံး ရှိခဲ့သည်ဟုမှတ်ယူရပေသည်။
          ထို့ပြင် တိုင်းရင်းသားတို့အား စီးပွားရေးတွင်လည်း လိုအပ်ပါက ကူညီထောက်ပံ့ခဲ့ဘူးသည့်သာဓက များရှိခဲ့ဘူးလေသည်။ ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားလက်ထက်မှစ၍ ငစဥ့်ကူးမင်းတိုင် အောင် စော်ဘွားမြို့စားတို့အား ငွေထုတ်ချေးသောအခါ အတိုးအပွားယူကြသည်။ ၁၁၇၄ ခုနှစ်တွင် ဗဒုံမင်း နန်းတက်ပြီးနောက် အတိုးအပွားမယူသည့်ပြင် ယင်းလက်ထက်တွင် မိုင်းညောင်စော်ဘွား(ဗဒုံမင်းက မိုင်း ညောင်စော်ဘွား စောမယ်ကို ကျိုင်းချိုင်တပ်ပေါင်းစုတွင် အမှုထမ်းနေရာမှ နုတ်ပြီးလျှင် မိုင်းညောင်စော် ဘွားကြီးအဖြစ် ခန့်ထားခဲ့သည်။)သို့ ချေးငှားသော မြန်မာကျပ်သုံး ဒင်္ဂါးပိဿာချိန် ၁၀၀(ကျပ်သုံးပိဿာချိန်  ၁၀၀ ဆိုသည်မှာ ကျပ်ဒင်္ဂါး ၁၄၀၀၀ နှင့်ညီမျှသည်၊ {ဦးတင်၊ (ပုဂံဝန်ထောက်) မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း နှင့်ဘိုးတော်ဘုရားကြီး၏ရာဇသတ်ခေါ်သော အမိန့်တော်စာတမ်းကြီး၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊ စတုတ္ထ ပိုင်း၊ ၁၉၇၃၊ အ၀ှန်းဂဏန်း ၄၈၈(၉)၀}ကို မိုင်းညောင် စော်ဘွားသည် ခြောက်နှစ်ကြာမှ ချေးငွေကျပ် ၁၀၀ ပြန်ပေးသည်ကို ခွင့်ပြုခဲ့သည်။ ထို့နည်းတူပင် ၁၂၂၉ ခုနှစ် မင်းတုန်းမင်းလက်ထက်၌ သိန္နီစော်ဘွားသို့ မြန်မာကျပ်ချိန် ပိဿာ ၅၀ ချေးငှားခဲ့ရာ ငွေဒင်္ဂါး ၅၀၀၀ သာ ပြန်ဆပ်နိုင်ပြီး ကျန် ၂၀၅၀ ကို ချမ်းသာပေး ခဲ့သည်။ သီပေါမင်းလက်ထက်တွင်လည်း ၁၂၄၁ ခုနှစ်၌ ကျိုင်းရုံးကြီး သေဉ်ဝီစော်ဘွား စောသမိုင်းအား ငွေဒင်္ဂါး ၁၀၀၀၀ ချေးငှားခဲ့ရာတွင် အတိုးနှင့်အရင်းပါ ပြန်၍ ရသည်ဟူ၍ မရှိခဲ့ပေ။(အုပ်ချုပ်ပုံ(စတုတ္ထပိုင်း)၊ အ၀ှန်းဂဏန်း၊ ၄၈၈(၉))
          ထိုကဲ့သို့ လိုက်လျောမှုများသည် ဆွေမျိုးသားချင်း အချင်းချင်း တစ်ဦး၏အခက်အခဲကို တစ်ဦးက ကူညီထောက်ပံ့သည့်သဘောပင် ဖြစ်ပေသည်။ အတိုးကို အပထား၍ အရင်ပြန်မရသည်ကိုပင် စေတနာ အရင်းခံဖြင့် လျစ်လျူရှုခဲ့သည်ကို ထောက်ရှုသင့်ပေသည်။ စော်ဘွားတို့ချေးငှားသည့်ကိစ္စများမှာလည်း ဟောနန်းသစ် ထူထောင်ရန်၊ ကျုံးမြို့ရိုးပြင်ရန်၊ ဆောက်ရန်နှင့်အဆောင်အယောင်များ ပြည့်စုံစွာ ထားရှိနိုင် ရန် ဖြစ်ပေသည်။
          တိုင်းရင်းသားပဒေသရာဇ်များသည်ကား ပြည်ပကျူးကျော်မှုအန္တရာယ်များ ကင်းဝေးနေသောအချိန် ၌ တိုင်းရင်းသားပဒေသရာဇ်အချင်းချင်း ဘုန်းတန်ခိုးပြလိုသောစစ်ပွဲများ ခင်းကျင်းတတ်ကြသော်လည်း ပြည်ပကျူးကျော်မှုအန္တရာယ်နှင့်ကြုံကြိုက်နေသည့်အခါမူ စည်းစည်းလုံးလုံး လက်တွဲညီစွာ ခုခံတော်လှန်ခဲ့ ကြလေသည်။ တိုင်းရင်းသားတို့သည် မိမိတို့နေထိုင်ရာ ဒေသများမှနေ၍ နယ်ချဲ့တို့အား ရရာလက်နက်ကို ကိုင်ဆွဲလျက် နယ်ချဲ့တော်လှန်ရေး၊ ခုခံရေးစစ်ပွဲများကို ဆင်နွှဲခဲ့ကြလေသည်။
          ဤသည်မှာ သူ့ကျွန်မခံလိုသောသဘောဖြင့် ခုခံမှုများဖြစ်ပေသည်။ ထို့ပြင် တိုင်းရင်းသားတို့သည် မြန်မာပြည်နေရာအနှံ့အပြားမှလည်း ခုခံတော်လှန်ကြသည်မှာ တိုင်းရင်းသားညီရင်းအစ်ကိုဆိုသောသဘော ကို ဆောင်လျက်ပေတော့သည်။
          တိုင်းရင်းသားတော်လှန်မှုများသည် ဒေသအနှံ့ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရသည် သီပေါမင်းပါတော် မူပြီးနောက် ၁၀ နှစ်နီးပါး နှိမ်နင်းယူရသည်။ ယင်းတော်လှန်ရေးများကို ထောက်ရှု၍ တိုင်းရင်းသားတို့သည် ပြည်ပအန္တရာယ် ကင်းရှင်းစဉ်က တစ်ဦးနှင့်တစ်ဦး တန်ခိုးသြဇာ အပြိုင်တိုက်ခိုက်ခဲ့သော်လည်း နယ်ချဲ့ အန္တရာယ်နှင့်ရင်ဆိုင်လာရသောအချိန်တွင် စည်းစည်းလုံးလုံး တော်လှန်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပေသည်။

မှတ်ချက်။        ။၁၉၇၈-ခုနှစ်၊ မေလထုတ် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း၊ ဒုတိယတွဲ ဒုတိယပိုင်း၊ စာမျက် နှာ(၅၀ မှ ၅၂အထိ)၌လာရှိသော အကြောင်းအရာကို ရွေးနုတ်၍ စာစီရိုက်ထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment