ပြီးခဲ့သည့်အပတ်က ထုတ်ဝေသည့်စောင့်ကြည့်ဂျာနယ်(အတွဲ(၇)အမှတ်(၇၁))တွင်
ပါဝင် သော "စင်္ကာပူပြန်လူငယ်သုံးဦးဖွင့်လှစ်သည့်မိုဘိုင်းစားသောက်ဆိုင်ကို ကန့်ကွက်သည့်ကိစ္စအား
သမ္မတကြီးထံ တိုင်ကြား" ဟူသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ထိုအခါ စဉ်းစားမိသည်
မှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီစွန့်ဦးတီထွင်၍စီးပွားရေးလုပ်ဆောင်ကြသော လုပ်ဆောင်
နိုင်ကြသော လူငယ်မျိုးဆက်များ ရှိနေပြီဖြစ်သော်လည်း ၎င်းတို့ကို မြေတောင်မြှောက်ပေးနိုင်သော
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးနိုင်မည့်အာဏာပိုင်ပုဂ္ဂိုလ်အဖွဲ့အ
စည်းများ အဆင်သင့်မဖြစ်သေးပဲ အားနည်းမြဲ အားနည်းနေတာ သတိထားမိပါသည်။
ကမ္ဘာ့အဆင့်မီ ဘောလုံးသမားများပင် လာကန်သော်လည်း
ဒိုင်လူကြီးက ရပ်ကွက်အဆင့် လောက်သာရှိလျှင် ကြည့်ကောင်းသော ဘောလုံးပွဲတစ်ပွဲ ဖြစ်နိုင်တော့မည်မဟုတ်တော့ပါ။
နိုင်ငံ တကာအမြင်မရှိပဲ ၀ါးလုံးခေါင်းထဲ လသာကာ ရှေးရိုးနည်းလမ်းကြီးအတိုင်း မလှုပ်မရှုပ်မပြုတ်ဟူ
သော ဖော်မြူလာအဟောင်းကြီးအတိုင်း သွားနေမှဖြင့် မြန်မာနိုင်ငံသားများသည် ဘယ်တော့မှ
အ ညွှန့်ထွက်လာမည်မဟုတ်ဘဲ နိုင်ငံတကာတွင် ခိုင်းဖတ်ဘ၀ဖြင့် အညွှန့်တုံးကြဖို့ပဲ ရှိပါသည်။
တ ကယ်တော့ ဤကိစ္စမျိုး ကြိုးစားလုပ်ကိုင်ကြသော လူငယ်များကို နိုင်ငံတကာတွင် ဘဏ်များက
ငွေထုတ်ချေးပြီး လုပ်ငန်းတိုးတက်အောင် အားပေးကြသည်သာ ဖြစ်သည်။ ကျောင်းမပြီးသေး သော
ကျောင်းသားများကိုပင် အုပ်ချုပ်ရေးမှူးက ဘယ်လိုကန့်ကွက်လို့စသည်ဖြင့် ဥခွံအဟောင်း ထဲက
ရုန်းမထွက်နိုင်သောဆင်ခြေများဖြင့် လူငယ်တို့၏အညွှန့်ကို ချိုးကြပြန်သည်။
တစ်ခေတ်တစ်ချိန်က မြန်မာနိုင်ငံသားများသည်
နိုင်ငံခြားသားများကို လက်ညှိုးထိုး၍ ခိုင်း စေခဲ့သည့်လူမျိုးဖြစ်ပါသည်။ မြန်မာတို့
မလုပ်ချင်သောအောက်တန်းစားနောက်တန်းကျသည့် အ လုပ်များကို တရုတ်၊ ကုလားစသော နိုင်ငံခြားသားများကို
ခိုင်းစေခဲ့ပါသည်။ ရေမြောင်းဖော်သော အလုပ်၊ သန့်ရှင်းရေး၊ အညစ်အကြေးကျုံးသောလုပ်ငန်း၊
ကူလီထမ်းသောလုပ်ငန်း၊ မာလီ၊ ဒရ၀မ် စသည့်အလုပ်များတွင် အိန္ဒိယနိုင်ငံသားများ ဘင်္ဂလားနယ်သားများကို
ခိုင်းစေခဲ့ကြပြီး လန်ချားဆွဲ သော လုပ်ငန်းကို တရုတ်တို့က ဒိုင်ခံလုပ်ခဲ့ကြသည်။ နောင်သောအခါမှ
တရုတ်သူဌေးကြီးတစ်ဦး က လန်ခြားဆွဲသောအလုပ်ကို တရုတ်လူမျိုးများ အောက်ကျနောက်ကျ လုပ်နေရသည်ကို
မကြည့် ရက်သဖြင့် အရင်းအနှီး ထုတ်ပေးရာမှ တရုတ်တို့ လန်ခြားမဆွဲပဲ ဘင်္ဂါလီနှင့်အိန္ဒိယနွယ်ဖွားများ
လန်ခြားသမားဘ၀ ရောက်ခဲ့ရသည်။ ယခုအခါ ဆိုက်ကား၊ မြင်းလှည်းစသော အလုပ်များတွင် မြန် မာများ
ကန်ထရိုက်ရနေပေပြီ။
ဂရိတ်ဦးဖိုးစိန်ကြီးသည် သူ၏ဇာတ်အဖွဲ့ပိုင်
သင်္ဘောကြီးတွင် ဥရောပတိုက်သားမျက်နှာဖြူ များကို ၀န်ထမ်းအဖြစ် အလုပ်ခန့်ထားရုံမျှမက
ဥရောပတိုက်သူမိန်းကလေးများကိုပင် လခပေး၍ ယိမ်းသမအဖြစ် ကပြဖျော်ဖြေစေခဲ့သည်။ ထိုခေတ်ထိုအချိန်က
မြန်မာတို့သည် နိုင်ငံခြားတိုင်းပြည် များတွင် အလုပ်ကြမ်း၊ ရရာအလုပ်များကို အောက်ကျနောက်ကျသွားရောက်လုပ်ကိုင်ကြရန်ဝေးစွ၊
ကမ္ဘာအရပ်ရပ်မှလူမျိုးပေါင်းစုံသည် မြန်မာနိုင်ငံသို့ အားကိုးတကြီး ရောက်လာကြပြီး ရရာအလုပ်
ကို လုပ်ကိုင်ကြလျက် ရရှိလာသော ၀င်ငွေကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ပြန်လည်တင်ပို့ခဲ့ကြပါ
သည်။
နောင်သောအခါတွင်မူ စစ်အာဏာရှင်စနစ်လက်အောက်သို့
ကျရောက်ကာ လွဲမှားသော စီးပွားရေးပေါ်လစီများကို ကျင့်သုံးခြင်း၊ ငါနှင့်ငါ့မိသားစု ဆွေမျိုးသားချင်း
ကောင်းစားရေးမူဝါဒများ ကို ကျင့်သုံးခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ လွဲမှားသောစီမံကိန်းများချမှတ်ခြင်း၊
လူမှန်နေရာမှန် မဟုတ်ဘဲ အသိပညာရှင်များနေရာတွင် အာဏာရအသိုင်းအ၀ိုင်းက လက်သင့်ရာစားတော်ခေါ်
ကာ ကြီးစိုးလာခြင်းတို့ကြောင့် သမိုင်းသည် ပြောင်းပြန်လည်ကာ သခင်မျိုးဟေ့ တို့ဗမာတို့
နိုင်ငံ ခြားတွင် အိုက်တိုးပကေးဆန်ရခြင်း၊ ကူလီသာသာအလုပ်များကို လုပ်ရခြင်း၊ ဘွဲ့ရများအိမ်ဖော်ဖြစ်
ကြရခြင်း၊ အချို့ကြိမ်ဒဏ်ခံကြရခြင်း၊ ထောင်နန်းစံရခြင်း၊ လူမှောင်ခိုကူးခံရခြင်း စသည့်အမှောင်
တိုက်ထဲသို့ ကျရောက်ခဲ့ကြရသည်။ ကျရောက်နေကြဆဲ ဖြစ်သည်။
သို့သော် ကျွန်တော်တို့သည် ထာဝရနိမ့်ကျနေသော
အောက်တန်းစားလူမျိုးများ မဟုတ်ကြ အောက်တန်းစားနိုင်ငံသားများ မဟုတ်ကြ၊ နိုင်ငံရေးစနစ်တစ်ခု
ချွတ်ချုံမကျခင်က ဤမြေဤရေ ဤတိုင်းပြည်သည် သာယာဝပြောလွန်းသဖြင့် ရှိုးဂျော့(Shore
Job)လာလုပ်သူများထဲတွင် အမေရိ ကန်ပြည်ထောင်စု၏သမ္မတလောင်းတစ်ယောက်ပင် ပါခဲ့သည်ဟုဆိုပါက
ယုံကြည်နိုင်ရန်ပင် ခက်ခဲ ပေလိမ့်မည်။
သို့သော် ဤအရာသည် ပုံပြင်မဟုတ်။ ၁၉၂၉ မှ
၁၉၃၃ အထိ တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ ၃၁ ဆက်မြောက် သမ္မတ ဟားဗက်ဟူးဗား(Herbert
Hoover)သည် သမ္မတမဖြစ်မီ လူငယ်ဘ၀က မြန်မာနိုင်ငံတွင် လာရောက်အလုပ် လုပ်ကိုင်ကာ သန်းကြွယ်သူဌေး
တစ်ဦးဖြစ်သွားပြီး အမေရိကန်ပြည်ထောင်စုသို့ပြန်ရောက်သွားပါသည်။ ထိုမှတဆင့် စီးပွားရေး
လောက၌ တဖြည်းဖြည်းကျော်ကြားလာကာ နောက်ဆုံးတွင် နိုင်ငံရေးနယ်ပယ်ထဲရောက်သွားရာမှ အမေရိကန်သမ္မတကြီးအဖြစ်
ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ဤအကြောင်းကို အသေးစိတ် ပြောပြပါမည်။
ဟူးဗားသည် ဆင်းရဲသားဘ၀မှ သမ္မတဖြစ်လာပြီး
လူချမ်းသာတစ်ဦးဖြစ်လာခဲ့သည်။ တိုင်း သစ်ပြည်သစ်ထူထောင်ရာတွင် အခက်အခဲအမျိုးမျိုး ကျော်လွှားပြီး
အိပ်မက်ထဲက လူချမ်းသာဘ၀ ကို ရောက်လာသူဖြစ်လေသည်။
ဟူးဗားကို အိုင်အိုဝါပြည်နယ် ၀က်(စ်)ဘရန့်ခ်ျ၌
၁၈၇၄ တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင်မှာ ကျေးရွာပန်းပဲဆရာတစ်ဦးဖြစ်သည်။ အိမ်နောက်ဖေးပန်းပဲဖိုထဲ၌
ဟူးဗားကို မွေးဖွားခဲ့သည်။ အ သက်ကိုးနှစ်ရှိလျှင် မိဘနှစ်ပါးကွယ်လွန်ကာ မိဘမဲ့ဖြစ်ခဲ့ရသည်။
တက္ကသိုလ်ပညာကို ရအောင်ယူ မည်ဟုအားခဲကာ ကောလိပ်ကျောင်း၌ ပင်ပန်းကြီးစွာ ပညာသင်ကြားခဲ့သည်။
အသစ်တည်ထောင် ဖွင့်လှစ်သည့်စတန်းဖို့ဒ်တက္ကသိုလ်သို့ တက်ပြီးနောက် ကျောင်းစားရိတ်ရရန်
အလုပ်အမျိုးမျိုး လုပ် ကိုင်ခဲ့ရသည်။
၁၈၉၇ ခုနှစ်တွင် စတန်းဖို့ဒ်တက္ကသိုလ်ပထမအသုတ်ဘွဲ့ရသူများအနက်
ဟူးဗား တစ် ယောက် ပါဝင်သည်။ သူ့အသက်မွေးပညာရပ်နယ်ပယ်တွင် အလုပ်အကိုင်ရှာဖွေမရသည့်အခါ
ရွှေ တွင်းတစ်ခု၌ တစ်နှစ်ကျော်ကြာသည်အထိ တွင်းတူးအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ရသည်။ ထို့
နောက် သူသည် သတ္တုတွင်း အင်ဂျီနီယာအဖြစ် စတင်အမှုထမ်းသည်။ ၁၈၉၉ တွင် တရုတ်ပြည်၌ စတင်တည်ထောင်သည့်အစိုးရသတ္တုတွင်းဌာနတွင်
အင်ဂျင်နီယာချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ စတန်းဖို့ဒ်တက္ကသိုလ်တွင် ကျောင်းတက်စဉ်က
တွေ့ဆုံခဲ့ရသည့်ချစ်သူထံ သံကြိုးရိုက်ကာ လက် ထပ်ခွင့်တောင်းသည်။ လက်ထပ်ပြီးနောက် နောက်တစ်နေ့တွင်
ညားခါစဇနီးမောင်နှံ တရုတ်ပြည် သို့ သင်္ဘောဖြင့် ထွက်လာကြသည်။ ထိုအချိန်တွင် လင်မယားနှစ်ယောက်လုံးမှာ
၂၄ နှစ်သာ ရှိ သေးသည်။
ဟူးဗားတို့ဇနီးမောင်နှံမှာ တရုတ်ပြည်တွင်
၁၉၀၁ ခုအထိ နေထိုင်ခဲ့ပါသည်။ ထို့နောက် ဟူး ဗားသည် လန်ဒန်မြို့အခြေစိုက် ကုမ္ပဏီတစ်ခုလက်အောက်တွင်
လုပ်ကိုင်သည်။ ထို့ပြင် နယ်လှည့် အင်ဂျင်နီယာအဖြစ်၊ ထို့ပြင် နယ်လှည့်အကြံပေးပုဂ္ဂိုလ်အဖြစ်
ဟူးဗားသည် အိန္ဒိယ၊ ဂျပန်၊ နယူးဇီ လန်၊ ဟာဝေယံကျွန်း၊ မြန်မာပြည်နှင့်သီရိလင်္ကာသို့ ခရီးအနှံ့
လှည့်လည်ရသည်။ ၁၀ နှစ်အတွင်း သူသည် ပစိဖိတ်သမုဒ္ဒရာကို ၂၅ ကြိမ်ဖြတ်ခဲ့သည်။ ထိုစဉ်က
လေယာဉ်ပျံ မပေါ်သေးပေ။
ထိုကာလအတွင်းမှာပင် ဟူးဗားသည် မြန်မာပြည်သို့
ပထမဆုံးအကြိမ် ရောက်လာသည်။ ထို့နောက် မြန်မာပြည်မှာ သူနှင့်များစွာ အဆက်အစပ်ရှိသည့်တိုင်းပြည်တစ်ပြည်
ဖြစ်သည်။ ဟူး ဗားနှင့်အတူ အင်ဂျင်နီယာများစွာတို့သည် အထက်မြန်မာပြည် မြောက်ပိုင်းရှမ်းပြည်နယ်တွင်
စွန့် ပစ်ထားသောငွေသတ္တုတွင်းတစ်ခုရှိသည်ဟု သတင်းစကားကြားသိရပါသည်။ တရုတ်ပြည်"မင်"
မင်းဆက်လက်ထက် ၁၄၀၀ ပြည့်နှစ်ကာလအတွင်းက ကျော်ကြားသည်။ "မင်ငွေသတ္တု"မှာ မြန်
မာပြည်သတ္တုတွင်းမှ ထွက်သည့်ငွေဖြစ်သည်ဟူ၍လည်း သိရသည်။ အဖိုးတန်သတ္တုတွင်းမှာ ၁၈၅၀ ပြည့်နှစ်တွင်
ခန်းခြောက်သွားပြီး စွန့်ပစ်ထားခဲ့သည်။ ၁၉၀၄ ခုနှစ်ကုန်ခါနီးတွင် ဟူးဗား သည် ထိုသတ္တုတွင်းကို
ကိုယ်တိုင်သွားရောက် လေ့လာမည်ဟုဆုံးဖြတ်ခဲ့သည်။
ဤသည်မှာ ဟူးဗား၏အခက်ခဲဆုံး ကြိုးပမ်းချက်တစ်ခု၏အစခရီးဖြစ်သည်။
ထိုအချိန်က မူ ရင်းသတ္တုတွင်းမှာ လူသူအရောက်အပေါက် နည်းသည့် အိန္ဒိယပြည်နှင့်တရုတ်ပြည်ကြား၌
တည်ရှိ သည်။ တောတောင်အထပ်ထပ် ၀ိုင်းရံထားသဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှာ လွန်စွာခက်ခဲ
သည်။
ဟူးဗားသည် မန္တလေးမြို့တွင် နေထိုင်ကာ ငါးနှစ်တာမျှ
ကြိုးပမ်းလုပ်ကိုင်သည်တွင် ကမ္ဘာ ပေါ်ရှိသတ္တုတွင်းများအနက် အထွက်အများဆုံးသတ္တုတွင်းတစ်ခုအဖြစ်သို့
ရောက်ရှိလာသည်။ ဟူး ဗားသည် သတ္တုတွင်းဒေသတွင် အတော်ကြာ နေထိုင်လုပ်ကိုင်သည်။ သူ့မိသားစုမှာ
မန္တလေးမြို့ တွင် အိမ်တစ်လုံးငှားရမ်းကာ နေထိုင်သည်။ ထိုအချိန်တွင် ဟူးဗားတို့၌ သားသမီးနှစ်ယောက်မွေး
ဖွားပြီးဖြစ်သည်။ သူ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သော "ဟားဗတ်ဟူးဗား၏မှတ်တမ်းများ"စာအုပ်
တွင် ထိုကာလကို "စွန့်စားလုပ်ကိုင်ရသောနှစ်များ"ဟု ညွှန်းဆိုထားသည်။ နမ္မတူဘော်တွင်းသို့
ပထမဆုံး ရောက်သွားသည့်အကြောင်းကို အောက်ပါအတိုင်း ဟူးဗားဖော်ပြထားသည်။
"မီးရထားမှဆင်းပြီးနောက် စွတ်စိုသည့်တောနက်ကြီးကို
ကျွန်တော်တို့ဖြတ်သန်းရသည်။ သတ္တုတွင်းမှာ တောင်ကုန်းထူထပ်သည့်ဒေသတွင် ရှိသည်။ ပတ်ဝန်းကျင်တွင်
သစ်ပင်တစ်ပင်မှ မရှိ၊ အပင်မှန်သမျှ အမြစ်မှတူးကာ မီးသွေးဖုတ်ကြဟန်တူသည်။ ထို့ပြင် သတ္တုရည်ကျိုချက်ရာမှ
ထွက်သည့်အခိုးအငွေ့တို့က သစ်ပင်များကို သေစေသည်ဟူ၍ ယူဆနိုင်သည်။ သို့ဖြစ်ရာ သတ္တု တွင်းပတ်လည်တွင်
မြက်ရိုင်းများ ပေါက်ရောက်သည့်တောင်ကတုံးများကိုသာ တွေ့ရသည်။ သစ် ပင်ဟူ၍ တစ်ပင်တစ်လေသာ
တွေ့ရသည်။ လုပ်ငန်းခွင်မှာ အတော်ကြီးသည်။ ဖွင့်တွင်းတစ်ခု (Open Pit)မှာ အလျားပေ ၁၀၀၀၊
အနံပေ ၅၀၀၊ အနက်ပေ ၃၀၀ ရှိသည်။ တူးဖော်ထားသည့် သတ္တုရိုင်းများ အပုံလိုက်တွေ့ရပြီး လိုဏ်ခေါင်းများမှာ
ရာချီ၍ ရှိနေသည်။ စုစုပေါင်းသုံးမိုင်ရှည် သည့်လိုဏ်ခေါင်းများကိုလည်း တွေ့ရသည်။ မူလတူးဖော်သူများမှာ
တရုတ်လူမျိုးများဖြစ်ပြီး ထို ဒေသ၀န်းကျင်တွင် ခရစ်နှစ် ၁၄၀၀ နှင့် ၁၈၅၀ အတွင်း ခုနှစ်အမှတ်အသားများ
ရေးထိုးထားသော သင်္ချိုင်းဂူများကို တွေ့ရသည်။
ယူနန်ပြည်နယ်တွင် မူဆလင်သူပုန်များထသည်နှင့် သတ္တုတွင်းလုပ်ငန်းရပ်ဆိုင်းသွားခြင်း
ဖြစ်သည်။ ထို့နောက် တရုတ်မှတ်တမ်းများတွင် ထိုသတ္တုတွင်းမှ ငွေသတ္တုအမြောက်အမြားထွက်
ကြောင်း ဖတ်ရှုရသည်။ လူသူအရောက်အပေါက်နည်းသည့်နေရာတွင် တည်ရှိသဖြင့် ခဲသတ္တုကို ဈေးကွက်သို့
လွယ်ကူစွာ မတင်ပို့နိုင်ပေ။ သို့ဖြစ်ရာ ခဲမှငွေကို ထုတ်ယူပြီးနောက် ခဲများကို အပုံ
လိုက် စွန့်ပစ်ထားကြသည်။
ကလတ်(ဟူးဗာ၏ရဲဘော်)နှင့်ကျွန်တော်တို့သည် သတ္တုသိုက်၏သဘောသဘာဝ
ကို သိရှိရန်နှင့် ဆာလ်ဖိုက်တို့မှာ မည်သည့်ဆာလ်ဖိုက်မျိုးဖြစ်သည်တို့ကို လေ့လာရန်
ထို ဒေသသို့ သွားရောက်လေ့လာကြသည်။ တောင်ကုန်းစောင်းများတွင် လေးပေ အနက်ပေ သုံးပေအကျယ်ရှိသည့်လိုဏ်ခေါင်းများသို့
တစ်ယောက်ပြီးတစ်ယောက် ၀င်ကြသည်။ ခဏကြာလျှင် လိုဏ်ခေါင်းအမိုးမှ ကျောက်စကျောက်နများ
ပြိုကျလာသည်။ နောက်လိုဏ် ဂူတစ်ခုတွေ့လျှင် ကျွန်တော်ရှေ့က၀င်သည်။ လက်တစ်ဖက်ထောက်ကာ
ဒူးကွေးပြီး တွား ၀င်ရသည်။ မှောင်နေသဖြင့် လက်တစ်ဖက်တွင် ဖယောင်းတိုင်ကို ကိုင်ထားရသည်။
ရှေ့ နားတွင် ရွှံ့အိုင်တစ်ခု တွေ့ရသည်။ ရွှံ့အိုင်တွင် လတ်လတ်ဆတ်ဆတ်ကျားခြေရာတစ်ခု ရုတ်တရက်
တွေ့လိုက်ရသည်။ ကျွန်တော်တို့ ရှေ့က ကျားတစ်ကောင်ဝင်သွားခြင်းဖြစ် သည်။ ကလတ်အား ကျားခြေရာကို
ပြလိုက်သည်။ ဖယောင်းတိုင်တစ်တိုင်ဖြင့် ကျားတစ် ကောင်ကို ခံသတ်၍ မဖြစ်နိုင်၊ သို့ဖြစ်ရာ
စိုးရိမ်စိတ် တဖြည်းဖြည်းဝင်လာပြီး အပြင်ဘက် သို့ အမြန်ပြန်ထွက်ခဲ့ကြသည်။ ကျားမှာ သဘောကောင်းပုံရပါသည်။
ကျွန်တော်တို့ နှုတ် ဆက်ရန် ထွက်မလာ၊ မည်သို့ပင်ဖြစ်စေ နောက်ထပ်လိုဏ်ခေါင်းများကို မ၀င်တော့။
နောက်ပိုင်းတွင် နှစ်လမ်းသွားလိုဏ်ခေါင်းကျယ်ကြီးတစ်ခုကို ကျွန်တော်တို့ ဖောက်လုပ်ကြ
သည်။ ယင်းကို ကျားလိုဏ်ခေါင်းဟု ကျွန်တော်အမည်ပေးလိုက်သည်"ဟုရေးသားထား သည်။ (မှတ်ချက်
- ထိုလိုဏ်ခေါင်းမှာ ယနေ့ထက်ထိ ဘော်တွင်းဒေသတွင် ရှိပါသည်။)
မြန်မာပြည်မှာနေစဉ် ဟူးဗားတို့ဇနီးမောင်နှံမှာ ငှက်ဖျားရောဂါ
စွဲကပ်ခဲ့သည်။ မည် သို့ဆိုစေ မြန်မာပြည်နှင့်မြန်မာလူမျိုးတို့အပေါ် ချစ်ခင်မြတ်နိုးစိတ်
ရှိကြသည်။ ဟူးဗား ကတော် မစ္စစ်ဟူးဗားအဖို့ အတွေ့အကြုံအသစ်များရရှိသည်။ မြန်မာလူမျိုးတို့မှာ
အာရှ တိုက်တွင် အပျော်ဆုံးလူမျိုးဖြစ်ကြောင်းကိုလည်း မှတ်တမ်းတင်သည်။ အသက် ၃၅ နှစ်
တွင် လန်ဒန်ကုမ္ပဏီမှထွက်ပြီး ဟူးဗားသည် သူ့ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်သည်။ နယူးယောက်တွင်
ဌာနချုပ်ဖွင့်ကာ လန်ဒန်၊ စိန့်ပီတာစဘတ်၊ ပဲရစ်၊ အလက်စကာပြည် နယ်၊ မြန်မာပြည်၊ နယူးဇီလန်၊
မက္ကဆီကိုတို့နှင့်ဆိုက်ဗေးရီးယားတွင် ရုံးခွဲများဖွင့်လှစ်လုပ် ကိုင်ရင်း ချမ်းသာလာခဲ့သည်။
အမှန်စင်စစ် ဟူးဗားသူဌေးဖြစ်ရခြင်းမှာ မြန်မာပြည်တွင် စတင်သန္ဓေတည်သည်ဟု ပြောရမည်ဖြစ်ပါသည်။
၁၉၂၄ တွင် ဟူးဗားမှာ အသက် ၄၀ ရှိပြီဖြစ်သည်။ သူပိုင်ဥစ္စာမှာ
အမေရိကန်ဒေါ် လာ ၁၀ သန်းနီးပါး စုဆောင်းမိပြီး စီးပွားရှာကောင်းချိန်တွင် ဟူးဗားသည်
အများကောင်း ကျိုးဆောင်ရွက်ရန် စိတ်အားထက်သန်လာသည်(အင်းခရိုနီတွေနဲ့တော့ ကွာပါ့)။ လူထု
သက်သာချောင်ချိရေး ပရဟိတလုပ်ငန်းကို ပထမကမ္ဘာစစ်ကြီးဖြစ်စတွင် စတင်ဆောင်ရွက် သည်။ ဂျာမန်အသိမ်းပိုက်ခံ
ဘယ်လ်ဂျီယံနှင့်ပြင်သစ်နယ်မြေတို့အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စည်းရုံးလှုံ့ဆော်ခြင်းပြရာ
အောင်မြင်သဖြင့် ဟူးဗားအမည်ကို တစ်ကမ္ဘာလုံးက သိလာပါသည်။ ၁၉၂၁ တွင် ဟူးဗားသည် အမေရိကန်အစိုးရအဖွဲ့တွင်
ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၂၉ သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ မှ အဲလ်ဖရက်အီးစမစ်(alFred
E.Smith)ကို အနိုင်ရပြီး အမေရိကန်ပြည်ထောင်စု၏ ၃၁ ဆက်မြောက်သမ္မတဖြစ်သည်။ ၁၉၃၃ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်သက် တမ်းအတွက် ထပ်မံယှဉ်ပြိုင်ရာ
သမ္မတဟောင်းဖရန်ကလင်ရုစဘဲ့ကို ရှုံးနိမ့်ခဲ့ပါသည်။ အိမ် ဖြူတော်မှထွက်ခွာပြီးနောက်ပိုင်းကာလများကို
ဟူးဗားသည် သာမန်နိုင်ငံသားတစ်ယောက် အနေနှင့်လူမှုရေးလုပ်ငန်းများ လုပ်ရင်း အေးချမ်းစွာ
နေထိုင်ခဲ့သည်။
ဤသည်တို့မှာ မြန်မာပြည်တွင် လာရောက်နေထိုင်
အလုပ်လုပ်ကိုင်ရာမှ သမ္မတ တစ် ယောက်ဖြစ်သည်အထိ ကြီးပွားချမ်းသာသွားသော အမေရိကန်တစ်ယောက်အကြောင်း
ဖြစ်သည်။ ဤမြေဤရေသည် လူစွမ်းလူစရှိသူတို့အတွက် ဘူမိနက်သန် နေရာမှန်ဖြစ်၏။ ဤမြေဤရေ၊
ဤ နိုင်ငံတော်ကြီး ရှိနေပါလျက် ထိုနိုင်ငံတော်သူနိုင်ငံတော်သားတို့မှာ မွဲပြာကျနေကြပါက
မြေကြီး၏ အပြစ်မဟုတ်။ စီမံခန့်ခွဲသူတို့၏ညံ့ဖျင်းချက်သာ ဖြစ်ပေလိမ့်မည်။ ဤမြေဤရေ ဤနိုင်ငံတော်ကို
အမှီပြု၍ ကြီးပွားချမ်းသာကာ အမေရိကန်သမ္မတဖြစ်သူလည်း ဖြစ်သွားပေပြီ။ ကမ္ဘာ့ကုလသမဂ္ဂ တွင်
အထွေထွေအတွင်းရေးမှူးဖြစ်သူလည်း ဖြစ်သွားပေပြီ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရသူ
လည်း ရသွားပေပြီ။ ပိဋကတ်သုံးပုံကို အာဂုံဆောင်ကာ တိပိဋကဓရ၊ တိပိဋကကောဝိဒပုဂ္ဂိုလ်တို့
လည်းပေါ်ထွက်ခဲ့ဖူးလေပြီ။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် လွတ်လပ်ရေးကို အ သက်ပေး၍
ရယူပေးသူ ကမ္ဘာသိခေါင်းဆောင်တို့လည်း ပေါ်ထွက်ခဲ့ဖူးလေပြီ။ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာမှအစ
ပတ္တမြား၊ နီလာ၊ ဥဿဖယား၊ ကျောက်စိမ်းအလယ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ အဆုံး၊ မြစ်ချောင်းအင်းအိုင်
တောင်ယာစပါး ပေါချင်တိုင်းပေါများနေသော သဘာဝသယံဇာတများ လည်း ဘယ်နိုင်ငံမှ မမီအောင်
ရှိသည်။
သို့ရာတွင် ငါတို့ခေတ်တွင်မှ နိုင်ငံတော်ကြီး
ဟီးနေအောင် ရှိပါလျက် စားရမဲ့မဲ့သောက်ရမဲ့မဲ့ မျက်စေ့သူငယ် နားသူငယ်ဖြင့် မြင်မြင်ကရာ
ဆရာခေါ်၍ ထမင်းတစ်လုပ် ထင်းခုတ်စားဖို့တောင် မရှိသည့်ဘ၀မျိုးဖြစ်နေပါက အုပ်ချုပ်သူအစိုးရရော၊
အုပ်ချုပ်ခံပြည်သူများပါ ရှေးကဘိုးဘ မိဘများ ကို နောင်တမလွန်တွင် မျက်နှာမပြ၀ံ့လောက်အောင်
အသရေပျက်၍ ရှက်စရာ ဖြစ်နေမည်ဖြစ်ပါ ကြောင်း။
ကိုးကား
ကျော်အောင်
(မြန်မာပြည်ရောက်လူတစ်ယောက်၊
သုတပဒေသာ၊ ၁၉၉၃ ဇန္န၀ါရီ)
U.S
President Lived in Asia by Dino.J Herbert Hoover(From Wikipedia, the Free
encylopdia)
မှတ်ချက်။ ။၂၇-၁၁-၂၀၁၂-နေ့ထုတ် News Watch Weekly
Journal စာမျက်နှာ(၁၁နှင့်၃၀) တို့မှလာရှိသော ဆောင်းပါးကို ပြန်လည်စာစီရိုက်ထားပါသည်။
No comments:
Post a Comment