ရှမ်းအမျိုးသားများ၏ရိုးသားမှု၊ ရောင့်ရဲမှု၊
အေးချမ်းမှု၊ သည်းခံတတ်မှုစသည့်အတုယူဖွယ်ကောင်း သော စိတ်နေစိတ်ထားများနှင့်ပတ်သက်၍
"သည်းခံလျှင် ရွှေတုံးကြီးဖြစ်မည်"ဟူသော စကားပုံတစ်တစ်ရပ် ကိုလည်း ရိုးရာပုံပြင်နှင့်ဆက်စပ်လျက်
ရှိသည်ကို တွေ့ရပါသည်။
ယင်းစကားပုံကို ရှမ်းပြည်တစ်ဝန်းလုံး ပြောဆိုသုံးနှုန်းလျက်ရှိကြသော်လည်း
ကချင်ပြည်နယ် မြောက်ဖျား ခန္တီးလုံမြေပြန့်ဒေသမှ ခန္တီးရှမ်းများ၏"တိုင်းခမ်းတီး"ရှမ်းပုံပြင်များတွင်
တွေ့ရပါသည်။
ပုံပြင်အမည်မှာ "ဆပ်ကန့်ပြင်တုန်ငင်း၊
ဆောင်းကန့်ပျင်တျန်ခမ်း"(ဆယ်ခါသည်းခံ ငွေတုံးဖြစ်၊ အခါ ၂၀ သည်းခံ ရွှေတုံးဖြစ်)ဖြစ်ပါသည်။
ပုံပြင်ကို မူရင်းအတိုင်း ကူးယူထည့်သွင်းလိုက်ပါသည်။
ပုံပြင်မှာ။ ။ရှေးအခါက ရွာတစ်ရွာတွင် ဆင်းရဲနွမ်းပါးတဲ့လင်မယားနှစ်ယောက်ရှိကြတယ်။
လင်မယားနှစ်ဦးလုံးဟာ သစ္စာရှိကြ၊ ကျင့်ဝတ်သိက္ခာသီလနဲ့ပြည့်စုံကြလို့ ဘယ်လောက်ပဲ ဆင်းရဲနွမ်းပါးပေ
မယ့် ကျင့်ဝတ်သီလကို ဖောက်ပြန်ချွတ်ချော်ခြင်း မရှိကြဘူး။
လင်ယောက်ျားဖြစ်သူမှာလဲ အလွန်သည်းခံတတ်တဲ့အလေ့
ရှိတယ်။ သူတို့လင်မယားရဲ့အကြောင်း ကိုသိတဲ့ သူတို့ရဲ့အိမ်စောင့်နတ်ဟာ ရွာစောင့်နတ်ကတစ်ဆင့်
နယ်စောင့်နတ်ကြီးအထိ အစီရင်ခံထားတာ ကြောင့် မကောင်းသူကိုပယ်၊ ကောင်းသူကို ကယ်ရမယ့်ဝတ္တရားရှိတဲ့နယ်စောင့်နတ်ကြီးဟာလဲ
အဲဒီလင်မ ယားရဲ့သတင်း မှန် မမှန်ကို ကိုယ်တိုင်ကိုယ်ကျ သိရှိဖို့ တစ်နေ့မှာ ခင်ပွင်းလင်မရှိခိုက်
ဇနီးသည်သာ ထိုရွာ မှာ ရှိနေစဉ် နတ်မင်းဟာ ရုပ်ရည်သန့်ပြန့်တဲ့သူဌေးသားလုလင်ပျိုတစ်ဦးရဲ့အသွင်အပြင်
ဖန်ဆင်းပြီး အဲဒီ အိမ်ထောင်သည်အမျိုးသမီးဆီသွားကာ အမျိုးသမီးကို သူနဲ့သာ ဆက်လက်ပေါင်းသင်းဖို့နဲ့
သူနဲ့ပေါင်းသင်း သွားပါက ရာသက်ပန် ပူပင်စရာမရှိ ချစ်ချစ်ခင်ခင်နဲ့ ချမ်းချမ်းသာသာ ဂုဏ်သရေရှိရှိ
လူလောကအလယ်မှာ တင့်တင့်တယ်တယ် နေနိုင်မှာဖြစ်တဲ့အကြောင်း၊ လက်ရှိလင်ဟာ ဘာမျှအသုံးမကျ၊
သင် နှမကို ဒီလိုပြစ် ပြစ်ခါခါ လျစ်လျူရှုထားတာတွေ့ရလို့ မကြည့်နိုင်ကြောင်း၊ အခုပဲ
ဆက်ဆံပေါင်းသင်းဖို့ မိမိအလိုကို လိုက် လျောစေလိုကြောင်းနဲ့ ချော့မော့လှည့်ဖြား ပြောဆိုတယ်။
ဒါပေမယ့် အိမ်ထောင်သည်အမျိုးသမီးကတော့ နည်းနည်းကလေးမျှ
ဣနြေ္ဒမပျက်ဘဲ ကျွန်မဟာ လင်ရှိမယားဖြစ်တယ်၊ တခြားဘယ်ယောက်ျားနဲ့မှ ဆက်ဆံပေါင်းသင်းဖို့
အလိုမရှိပါ။ ကျွန်မရဲ့လင်ယော က်ျားမှာလဲ ဥစ္စာပစ္စည်း ဆင်းရဲပေမယ့် သူတော်ကောင်းတို့ရဲ့သဘောအရဆိုလျှင်
ဆင်းရဲသူ အသုံးမကျလို့ မဆိုသာပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့လင်မယားမှာ သုံးမကုန်ဆုံးနိုင်တဲ့ဥစ္စာရှိပါတယ်၊
အဲဒီဥစ္စာဟာ သာ ကျွန်မအဖို့ အထူးနှစ်သက်မြတ်နိုးတဲ့၊ သူတစ်ပါးတို့လဲ မခိုးနိုင်တဲ့ ကိုယ်နဲ့မကွေမကွာ
ဘယ်သွားသွား ၀န်မလေး မပင်ပန်းဘဲ သယ်ဆောင်သွားနိုင်ပြီး ချမ်းချမ်းသာသာ အိမ်ထောင်မှုကို
အစဉ်စိုပြည်နိုင်စေတဲ့ ဥစ္စာစစ် ဥစ္စာမှန် ဖြစ်တယ်လို့ပြန်ပြောတယ်။ အဲဒီဥစ္စာဟာ ဘယ်ဥစ္စာလဲ၊
ဘယ်မှာထားသလဲ၊ ပြပါလို့ပြောတဲ့ အခါ အိမ်ထောင်သည်အမျိုးသမီးက အဲဒီလိုဥစ္စာမျိုးဟာ ကိုယ်စိတ်သန္တာန်မှာသာ
ထားသိုစမြဲဖြစ်လို့ မပြနိုင် ပါလို့ ပြန်ပြောလိုက်တယ်။ နတ်မင်းဟာ အမျိုးမျိုး လှည့်ပတ်လို့
မရတဲ့အဆုံး ပြန်သွားတယ်။
နောက်တစ်နေ့ ညနေအချိန်မှာ နတ်မင်းဟာ နောက်တစ်ခါ
လူသားလုလင်တစ်ဦးလို ဖန်ဆင်းပြီး အဲဒီသူဆင်းရဲလင်မယားအိမ် သွားပြန်တယ်။ အိမ်ရှင်လင်မယားနှစ်ယောက်စလုံးကလဲ
ဧည့်သည်ကို ညစာ ကြည်ကြည်ဖြူဖြူနဲ့ ဧည့်ခံကျွေးမွေးတယ်။ ညအိပ်ချိန်တန်လို့ အိပ်ခန်းတစ်ခုမှာ
အိပ်ရာနေရာ ပြင်ဆင်ပေး တဲ့အခါ သူတစ်ဦးတည်း မအိပ်ဝံ့ဘူးဆိုလို့ လင်မယားနှစ်ဦးရဲ့အိပ်ခန်းထဲကို
ပြောင်းပေးပြီး သီးခြားတစ် ဘက်မှာ အတူအိပ်စေတယ်။ လင်မယားနှစ်ယောက်က တစ်ဘက်မှာ အတူအိပ်တယ်။
ညဥ့်နက်လာတဲ့အခါ တစ်ယောက်တည်းခွဲပြီး မအိပ်ဝံ့ကြောင်းပြောလို့ အိမ်ရှင်ယောက်ျားနဲ့အိပ်ရာချင်းလဲလှယ်ပြီးအိပ်ရတယ်။
သန်းကောင်ချိန် ရောက်တဲ့အခါ အိမ်ရှင်မကို ဆော့သယောင်၊ ချော့သယောင်၊ ကစားသယောင်ပြုလို့
လင် ဖြစ်သူက အသံကို ကြားနေရတယ်။ ထပြီး ထင်းချောင်းနဲ့ ရိုက်သတ်ပစ်လိုက်ရ ကောင်းမလားလို့တောင်
စိတ်ကူးမိတယ်။ ဒါပေမယ့် လူကြီးများ ဆုံးမတဲ့စကားပုံအရ(ဆပ်ကပ်ပျင်ကျန်ငင်း၊ ဆောင်းကန်ပျန်ကျန်း
ခမ်း)(ဆယ်ခါသည်းခံလျှင် ငွေတုံးဖြစ်၊ အခါနှစ်ဆယ်သည်းခံလျှင် ရွှေတုံးဖြစ်)ဆိုတဲ့စကားကို
သတိရလို့ သည်းခံနိုင်လေ အဖိုးတန်လေ ကောင်းလေဖြစ်တယ်လို့ ဆင်ခြင်သတိရပြီး ငြိမ်နေလိုက်တယ်။
အဲဒီနောက် ဧည့်သည်က တစ်ဆင့်တက်ပြီး သူ့ဇနီးသည်ကို စော်ကားကျူးလွန်နေသလို အသံကြားရပြန်တယ်။
(စင်စစ် မှာ ဇနီးသည်ဟာ အေးအေးချမ်းချမ်းနဲ့ ဘေးအန္တရာယ် မဖြစ်ဘဲ အိပ်ပျော်နေတယ်)ဒါပေမယ့်
နတ်ရဲ့တန်ခိုး က ဇနီးသည်ကို လုံးဝမထိပေမယ့် ထိပါးသလိုအသံနဲ့ အမူအရာများကိုသာ လင်ယောက်ျားအိမ်ရှင်ဖြစ်သူကို
ကြားသိစေတာဖြစ်တယ်။
အဲ့ဒီအချိန်မှာပဲ ဓားနဲ့တစ်ချက်တည်း ခုတ်သတ်လိုက်ရ
ကောင်းမလားလို့ ဒေါသထွက်လာပြန်တယ် ဒါပေမယ့် သူ ခန္တီတရားပျက်သွားမှာကို စိုးတာကတစ်ကြောင်း၊
သည်းခံခြင်းရဲ့အကျိုးကျေးဇူးများကို သတိ ရတာကတစ်ကြောင်းကြောင့် သည်းခံနိုင်လေ ကောင်းလေဆိုတဲ့စကားပုံကို
နှလုံးသွင်းပြီး ဘာပဲဖြစ်ဖြစ် ဖြစ် ချင်သလို ဖြစ်ပါစေတော့လို့ ဆင်ခြင်နေ ဥပေက္ခာပြု
လျစ်လျူရှုနေတုန်း အိပ်ပျော်သွားတယ်။
နတ်ဟာ အဲဒီလင်မယား အိပ်ပျော်သွားကြမှန်းသိလို့
သူအိပ်နေတဲ့နေရာမှာ သူ့ကိုယ်နဲ့တူမျှတဲ့ပမာ ဏရှိပြီး အချိန်ပိဿာ တစ်ထောင်ခန့်ရှိတဲ့ရွှေတုံးကြီးတစ်တုံးကို
ထားပေးပြီး "သင်တို့လင်မယားဟာ ရှေးလူ ကြီးသူမများ အမိအဖသူတော်မြတ်များရဲ့အဆုံးအမကို
မျက်ကွယ် မျက်မြင်မှာ အလွန်ဆင်းရဲခံပြီး မဖောက် မပြန် လိုက်နာကျင့်သုံးကြတာကို ကျွန်ုပ်နယ်စောင့်နတ်ကြီး
ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်စုံစမ်းသိရှိခဲ့ရပြီ။ ဒါကြောင့် ကျွန်ုပ်ဟာ မကောင်းသူကိုပယ်၊
ကောင်းသူကိုယ်ကယ်ဖို့ ၀တ္တရားရှိတဲ့အတိုင်း သင်တို့လင်မယား ရဲ့အိမ်ထောင်ရေး ငြိုငြင်ဆင်းရဲပင်ပန်းခြင်းမှ
ကယ်တင်မစရမယ်ဖြစ်တာကြောင့် ဒီရွှေတုံးကို သင်တို့အလို ကျ သုံးစွဲအသက်မွေးဝမ်းကျောင်းနိုင်ဖို့
သင်တို့ကို ပေးအပ်ပါတယ်"လို့ စာတမ်းတစ်စောင်ပါ ရေးသားထားခဲ့ ပြီး သူ့ဗိမာန်သို့ပြန်သွားတယ်။
မိုးလင်းလို့ ဧည့်သည်ကို ထမင်းကျွေးဖို့
နှိုးကြည့်တဲ့အခါ ဧည့်သည်မရှိတော့ဘဲ စောင့်ခြုံထားတဲ့ ၀ါ ၀ါဝင်းဝင်းနဲ့လူသဏ္ဌာန် ရွှေတုံးကြီးနဲ့စာတစ်စောင်ကို
တွေ့ရလို့ အလွန်အမင်းအံ့သြသွားပြီး ညက အဖြစ်အ ပျက်များကို လင်မယားနှစ်ယောက် မေးကြပြောကြတယ်။
အဲဒီအချိန်ကစပြီး အချင်းချင်းပိုမိုအချစ်တိုးကြ ကာ ရာသက်ပန် ကိုယ်ကျင့်မပျက် သူတော်ကောင်းတရားတို့ကို
လက်မလွတ်ဘဲ မြတ်မြတ်နိုးနိုး ကြင်ကြင် နာနာနဲ့ နေထိုင်သွားကြတယ်။
မှတ်ချက်။ ။၁၉၈၉-ခုနှစ် စာပေဗိမာန်ထုတ် ရိုးရာပုံပြင်စာပေစာတမ်းများ(ဒုတိယတွဲ)၊
စာမျက်နှာ(၂၁၆ မှ ၂၁၉ အထိ)၌ လာရှိသော ရှမ်းပုံပြင်ကို ပြန်လည်၍ စာစီရိုက်ထားပါသည်။
No comments:
Post a Comment